Poem-Linn
ကျီးတာရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တန်ဆောင်မုန်းလသည် နက္ခတ်တာရာအပေါင်းနှင့် ပြည့်စုံသောလဖြစ်သည်။မိုးလေဝသကင်းစင်ပြီ အေးမြသော နေချင်စဖွယ်ကောင်းသော လဟုဆိုသော် မမှားနိုင်ချေ။တန်ဆောင်မုန်းလသည် မြန်မာလထဲတွင် အဌမမြောက်လဖြစ်ပြီ စန်းခေါ်-တနလ်ာဂြိုလ်မင်းနှင့် ကြတ္တိကာနက္ခတ်ယှဉ်ပြိုင်ထွန်းလင်းသောလလဲ ဖြစ်ပေသည်။ပွင့်သောရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။
ရှေးအခါက တန်ဆောင်မုန်းလကို 'တန်ဆောင်မှုန်း'ဟူ၍ ဟထိုးထည့်၍ရေးကြသည်။'တန်'ဟူသည် တိဗက်ဘာသာစကားမှ ဆင်းသက်လာပြီ 'အလင်း'ဟု အဓိပ္ပာယ်ရသည်။'ဆောင်'ဟူသည် တိဗက်မြန်မာစကားဖြစ်ပြီ 'တောက်'ဟု အဓိပ္ပာယ်ရသည်။'မှုန်း'ဟူသည် မြန်မာစကားဖြစ်၍ 'ထွန်းလင်း'သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသောကြောင့် တန်ဆောင်မုန်းလသည် အလင်းရောင်များတောက်ပထွန်းလင်းသောလ (သို့မဟုတ်) ဗုဒ္ဓဘုရားရှင်အား ဆီးမီးပူဇော်ထိန်လင်းသောလဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်လေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဆီးမီးထွန်းပွဲအပြင် အစဉ်အလာမပြတ် ကျင့်ပလေ့ရှိသော ကထိန်ပွဲတော်ကိုလည်း ကျင်းပလှူဒါန်းလေ့ရှိသည်။'ကထိန်'ဟူသည် 'ကထိန'ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ပြောင်းလဲထားသောအမည်ဖြစ်သည်။'ကထိန'၏အဓိပ္ပာယ်မှာ သင်္ကန်းဖြတ်ခြင်း၊ချုပ်စပ်ခြင်း၊သစ်ခေါက်ဆေးဆိုးခြင်း၊လှူခြင်းစသည်တို့ကို ခြုံငုံ၍ခေါ်ဆိုခြင်းဖြစ်သည်။အလှူများထဲတွင် ကထိန်သင်္ကန်းအလှူသည် တခြားအလှူများကဲ့သို့ လှူချင်တိုင်းလှူဒါန်းနိုင်သော အလှူမျိုးမဟုတ်ဘဲ တစ်နှစ်တွင် တစ်လ တစ်လတွင် တစ်ကြိမ်သာ လှူဒါန်းနိုင်သော ကာလဒါနမျိုးဖြစ်ကာ ဝိနည်းနှင့်အညီ လှူဒါန်းရသော အလှူမျိုးဖြစ်သည်။'ဘုရားမှာ စိန်၊ကျောင်းမှာ သိမ်၊သင်္ကန်းမှာ ကထိန်၊ဆွမ်း မှာ ပိဏ်'ဆိုသကဲ့သို့ သင်္ကန်းအလှူထဲတွင် ကထိန်သင်္ကန်းအလှူသည် အမြတ်ဆုံးဖြစ်လေသည်။လှူဒါန်းနိုင်သောကာလမှာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ကျင်းပလှူဒါန်းရသည်။
ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီညီနောင်သုံးဆယ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေထိုင်ကြသည်။ထိုမင်းသားတို့သည် ကောသလမင်းကြီး၏ အဖေတူအမေကွဲတော်စပ်သည့် ညီတော်နောင်တော်များဖြစ်ကြသည်။ထိုမင်းသားသုံးဆယ်တို့ထဲတွင် တစ်ပါးသောမင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမတစ်ဦးကို ငှားရမ်းကာပျော်ပါးခဲ့သည်။ထိုပြည့်တန်ဆာမသည် မင်းသားများပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးသဖြင့် မင်းသားသုံးဆယ်တို့သည် ပြည့်တန်ဆာမကို တောအတွင်းလိုက်လံရှာဖွေလေသည်။ထိုအခါကာလတွင် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူချိန်၌ တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက် သီတင်းသုံးတော်မူနေလေသည်။ပြည့်တန်ဆာမကို လိုက်လံရှာဖွေနေသော မင်းသားသုံးဆယ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားရှင်ကို မြင်သွားပြီ 'အရှင်ဘုရား ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလား ဘုရား'ဟုမေးလျှောက်လေသည်။ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား 'ဘာအတွက်ကြောင့် မိန်းမတစ်ယောက်ကို လိုက်လံရှာဖွေနေကြသနည်း'ဟု ပြန်လည်မေးမြန်းရာ မင်းသားတို့သည် ပြည့်တန်ဆာမကို ရှာဖွေရခြင်း၏အကြောင်းကို ပြန်လည်လျှောက်ထားလေသည်။တစ်ဖန် မြတ်စွာဘုရားက မင်းသားတို့အား 'ပျောက်သွားသောမိန်းမကိုရှာခြင်း နှင့် မိမိကိုယ်ကိုရှာခြင်း စသည့်ရှာခြင်း နှစ်မျိုးတွင် အဘယ်ဟာမြတ်သနည်း'ဟု မေးမြန်ပြန်ရာ မင်းသားတို့သည် ပါရမီရင့်သန်သူများဖြစ်သည့် အားလျော်စွာ 'မိမိကိုယ်ကို ရှာခြင်းကသာ မြတ်၏'ဟု ပြန်လည်ဖြေကြားကြသည်။ထိုအခါ မြတ်စွာဘုရားသည် မင်းသားတို့အား ပထမအနုပုဗ္ဗီကထာတရား(၄)ပါးနှင့် သစ္စာ(၄)ပါးတရားကို ဟောကြားဆုံးမတော်မူရာ မင်းသားတို့ထဲမှ သောတမတ္တိမဂ်ဖိုလ်၊သကဒါဂါမိမဂ်ဖိုလ်တို့ကို အသီးသီးရရှိသွားကြလေသည်။
ထိုအခါမင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကိုရစေရန် ခွင့်ပန်လျှောက်ထားကြသောအခါ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ(၈)ပါးပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူသည်။ထိုရဟန်းတော်သုံးဆယ်တို့သည် ကောသလတိုင်းအနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူကြလေသည်။
တစ်နေ့သောအခါ ရဟန်းတော်သုံးဆယ်တို့သည် သာဝတ္တိမြို့၊ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏပြုပြီလျှင် သာဝတ္တိသို့ ခရီးဆက်ခဲ့ကြသည်။ထိုအချိန်သည် မိုးကာလဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာလေးလံလာကြသည်။ရဟန်းတော်များသည် ဓုတင်ဆောင်ရဟန်းများဖြစ်သောကြောင့် သပိတ်၊နှစ်တပ်သင်္ကန်းစသည်တို့ကို ပခုံးတစ်ဖက်စီမှာ လွယ်၍ ဝန်စည်စလွယ်များဖြင့် ပင်ပန်းခက်ခဲစွာဖြင့် မြတ်စွာဘုရားရှင်ထံသို့ ခရီးဆက်ခဲ့ကြသည်။မြတ်စွာဘုရားရှင်ဆီသို့ရောက်သောအခါ ရဟန်းသုံးဆယ်တို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျှောက်ထားကြလေသည်။မြတ်စွာဘုရားရှင်လည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေရာ တရားဆုံးသောအခါ၌ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊အရဟတ္တဖိုလ်ကို ရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။
ရဟန်းတော်များ ပြန်လည်ကြွသွားပြီနောက် မြတ်စွာဘုရားရှင်သည် ကထိန်ခင်းခြင်းကို ခွင့်ပြုခဲ့ပြီ ဖြစ်မည်ဆိုပါက ဤသုံးဆယ်သောရဟန်းတို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ဧကသီဟူသောနှစ်ထည်သောသင်္ကန်းဖြင့် လာရကာ ဤသို့ပင်ပန်းမည်မဟုတ်ဟု ကြံစည်စဥ်းစားတော်မူသည်။ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ကြရာ မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ 'ရဟန်းတို့ ပုရိမဝါ(ပထမဝါ)သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြသော ရဟန်းတို့ကို ငါဘုရားသည် အာနိသင်(၅)ပါးနှင့်ပြည့်စုံသော၊ ဝတ္တုပစ္စည်းတို့ကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ကို ခေတ္တခဏကင်းလွတ်ခွင့်သက်သာခွင့်ရသော ကထိန်ခင်းခြင်းကို ခွင်ပြုတော်မူမည်'ဟု မိန့်တော်မူလေသည်။ဤသို့ဖြင့် 'ကထိန'ခေါ် ကထိန်အလှူဖြစ်ပေါ်လာခဲ့ရသည်။
ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ -
(၁)ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။(၂)တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။
(၃)ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။
(၄)မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး(သို့မဟုတ်)လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။
(၅)ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်သည်။
မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာ၌
(၁)ခါးဝတ်သင်းပိုင်၊
(၂)ဧကသီအပေါ်ရုံ၊
(၃)နှစ်ထပ်သင်္ကန်း ဟူ၍ သုံးထည်သောသင်္ကန်းထဲမှာ တစ်ထည်ထည်ကို လှူဒါန်းရန် ခွင့်ပြုထားသည်။ထိုသို့လှူဒါန်းရာတွင်လည်း အလှူရှင်သည်
(၁)ပုဂ္ဂိုလ်စွဲ၍ လှူဒါန်းခြင်း၊
(၂)ကျောင်းစွဲ၍ လှူဒါန်းခြင်း၊
(၃)ဂိုဏ်းဂဏကို ရည်မှန်း၍ လှူဒါန်းခြင်း စသည်တို့ ကင်းရှင်းပြီး သံဃာ့ဂုဏ်တော်ကို အာရုံပြုလှူဒါန်းမှသာ ကထိန်အလှူမြောက်မည်ဖြစ်သည်။ကထိန်သင်္ကန်းလှူဒါန်းလျှင်
(၁)သွားလေရာအရပ်တိုင်း၌ အနှောက်အယှက်ကင်းခြင်း၊
(၂)မိမိပိုင်ပစ္စည်းများကို ရန်သူအပေါင်း
မှ မဖျက်ဆီးနိုင်ခြင်း၊
(၃)စားကောင်းသောက်ဖွယ်များပေါကြွယ်ဝစေခြင်း၊
(၄)ရရှိပြီး စည်းစိမ်ချမ်းသာတို့သည် မိမိဆီ၌ တည်မြဲစေခြင်း၊
(၅)ဥစ္စာပစ္စည်း ရှာဖွေရာ၌ လွယ်ကူစွာရရှိစေတတ်ခြင်း၊
(၆)ရုပ်ရည်အဆင်းရူပါ လှပ၍ အသက်ရှည်အနာမဲ့စေခြင်း ဟူသောကောင်းကျိုးချမ်းသာများ ရရှိနိုင်မည်ဖြစ်သည်။
တဖန် တန်ဆောင်မုန်းလပြည့်နေ့ကို 'သာမညဖလအခါတော်နေ့'ဟူ၍လည်းခေါ်ဆိုကြသည်။ခေါ်ဆိုရသောအကြောင်းမှာ ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းသည် ဖခင်အား သတ်ခဲ့မိသော ပိတုဃာတကကံနှင့် ဘုရားရှင်အား ပရိနိဗ္ဗာန်ပြုစေရန် မှားယွင်းဆရာတင်ခဲ့သော ဒေဝဒတ်နှင့် ပူးပေါင်းကြံစည်ခဲ့သော မကောင်းမှုအစုစုတို့ကြောင့် စိတ်မချမ်းသာပဲ အိပ်မပျော်နိုင်သောဝေဒနာကို ခံစားနေရလေသည်။သမားတော်ဇီဝက၏ လမ်းညွှန်တိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ကာ မိမိ သိလိုသည်များကို လျှောက်ထားမေးမြန်းလေသည်။ထိုနေ့ကား တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်။မြတ်စွာ ဘုရားရှင်သည် အဇာတသတ်မင်း၏ အမေးပြဿနာကို ပြန်လည်ဖြေကြားရန် အလိုငှာ သာမညဖလ(ရဟန်းပြုရခြင်း၏အကျိုး)ဒေသနာကို ဟောကြားတော်မူခဲ့လေသည်။အဇာတသတ်မင်းသည် သာမညဖလဒေသနာတော်ကို နားကြားရပြီးနောက် အိပ်စက်မပျော်သော ရောဂါဝေဒနာမှ ကင်းလွတ်ခဲ့ရကာ ဗုဒ္ဓသာသနာအပေါ် ကြည်ညိုသူတစ်ယောက်ဖြစ်ခဲ့ရသည်။ဤသည်ကိုအစွဲပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို 'သာမညဖလအခါတော်နေ့'ဟူ၍လည်း ခေါ်ဆိုကြသည်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်နေ့ရောက်လျှင် ဘုရားရှင်အား မီးထွန်းပူဇော်ပွဲ၊ကထိန်အလှူပွဲများအပြင် ကျင့်စဉ်ဓမ္မဖြစ်သော ဓူတင်(၁၃)ပါးတွင် တစ်ပါးဖြစ်သည့်ပံ့သကူပစ်ပွဲ၊မသိုးသင်္ကန်းရက်လှူပွဲ၊နိဗ္ဗာန်ဈေးပွဲ၊မီးပုံပျံလွှတ်တင်ပွဲ၊မီးမျှောပွဲစသည့် ပွဲတော်များကိုလဲ ခြိမ့်ခြိမ့်သဲကျင်းပကြသည်။
ဤသို့ ကုသိုလ်အပေါင်းနှင့် ခညောင်းလျက်ရှိသော ပျော်ရွှင်စွာ ဒါနအသီးသီးကို ပြုလုပ်ကြသော တန်ဆောင်မုန်းလကို
'ကုသိုလ်အပေါင်း၊ ဝေခညောင်း၍၊
အတူပျော်ရွှင်၊ ပွဲသဘင်တွင်၊
စုပေါင်းအားချီ၊ ဒါနသီ၊
ခေါ်လ တန်ဆောင်မုန်း။' ဟု ရေးသားဖွဲ့ဆိုကာ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ကလောင်စွမ်းဖြင့် ကန်တော့ပူဇော်အပ်ပါတော့သည်။
ကလောင်အမည်-လင်း
Keep Reading