Tain Hlwar Nge

အခုနောက်ပိုင်း ငြင်းခုန်ရတာမျိုးတွေ သိပ်မလုပ်ဖြစ်တော့ဘူး။
အသက် အရွယ်ကြောင့်လည်းဖြစ်မယ်ထင်ပါရဲ့၊
စိတ်ဆိုး စိတ်ကောက်တာ မျိုးတွေလည်း သိပ်မလုပ်ဖြစ်ပြန်တော့ဘူး။
အမြင်ချင်း မတူဘူးထင်ရင်
အတိုက်အခံ မဖလှယ်တော့ဘူး။
ကိုယ်ဘယ်လိုရှင်းပြပြ ဆက်ပြီးအထင်လွဲနေဦးမယ့်သူမျိုးလို့ ထင်ရင်
မင်းစိတ်ကြိုက်ထင်နိုင်ပါတယ်။
မင်းရဲ့ထင်မြင်ချက်က ငါ့ကို မထိခိုက်စေပါဘူးဆိုပြီး
လွတ်လပ်စွာ အထင်လွဲခွင့်ပေးထားလိုက်တယ်။
အတင်းချနေတဲ့ လူတွေကိုလား
ဟင့်အင်၊ အရင်လို စိတ်မဆိုးဖြစ်တော့ဘူး။
ကိုယ့်အကြောင်း အရေးတယူပြောနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စိတ်နဲ့ပဲ
လွတ်လပ်စွာ ပြောဆိုခွင့်ပေးထားလိုက်တယ်။
အတင်းချလည်း ရတယ်၊ ချ။
တိုက်ရိုက်လာပြီး မစွပ်စွဲသ၍ ဘာဖြေရှင်းချင်မှ မပေးဘဲ လွတ်လပ်ခွင့်ပေးထားလိုက်တယ်။
လမ်းချင်းမတူဘူးထင်ရင်
ဆွဲညှိမယူတော့ဘူး။
ကိုယ်သွားချင်ရာကိုပဲ ကိုယ့်ဘာသာ ဦးတည်သွားတော့တယ်။
ကြည့်ရတာ ဒီနှစ်တွေထဲ အများကြီး ပင်ပန်းခဲ့လို့ထင်ပါရဲ့။
Toxicဖြစ်စေတဲ့ လူတွေနဲ့ ငြင်းခုန်မှုတွေလုပ်ပြီး
ကိုယ့်အားအင်ကို မဖြုန်းဖြစ်တော့ဘူး။
အဲ့ဒီအစား
ခပ်အေးအေး သီချင်းလေးတွေ နားထောင်လိုက်တယ်။
ဖတ်ချင်စိတ်ရှိပြီး မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေဖတ်နေလိုက်တယ်။
ဇာတ်လမ်းလေးတွေ ကြည့်နေလိုက်တယ်။
အချိန်တစ်ခုထိ လှောင်ပိတ်ခံခဲ့ရတဲ့ နှစ်တွေမှာ မလုပ်ဖြစ်ခဲ့တဲ့
ကိုယ့်ဝါသနာလေးအတွက် အချိန်ပေးဖြစ်တယ်။
အင်း အားအင်တွေ ပြည့်ပြီး
အတော်ကြည်လင်လာတာပဲ။
ပြီးခဲ့တဲ့နှစ်တွေထဲက ဒီနည်းလမ်းကို ရှာဖွေမတွေ့ခဲ့တာတောင် နှမြောမိသေးတယ်ရယ်။
ဒါပေမဲ့ စောစောရှာဖွေမတွေ့ရှိမှုအတွက်လည်း
တနုတ်နုတ် ခံစားမနေတော့ပါဘူး။
ကောင်းမွန်တဲ့အရာတွေ လက်ခံရရှိဖို့ ထိုက်သင့်တဲ့အချိန်ပေးရတယ်ဆိုတဲ့သဘောကို နားလည်လက်ခံပြီး
အခုလို ကိုယ့်ရဲ့ အကြည်ဓာတ်ကလေးရရှိမှုအတွက် အားလုံးကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ တကယ်စိတ်ရင်းနဲ့ ကျးဇူးတင်မိပါတယ်။
ခရမ်းရောင်
Keep Reading