Author's Profile Photo

Nanda Kyaw

4/11/2024

" ကျွန်တော့်ရဲ့ ဒေစီ...၊ ကျွန်တော့်ရဲ့ လမင်း... (၁၉၅၀) "

3 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ


လမင်းက ပင်လယ်ကို စွဲငင်သတဲ့...။
ပင်လယ်က လမင်းဆီ သွားချင်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လမင်း...
သူမနာမည်က ငွေလမင်းတဲ့။ သူမက အရမ်းလှတယ်။ စူးရှ တောက်ပတဲ့ အကြည့်တွေ ရှိတယ်။ သူမနှင့် မျက်ဝန်းချင်း ဆုံမိလျှင် အညှို့ခံလိုက်ရသလို ငူတူတူ ဖြစ်သွားတတ်၏။ လမင်းသည် နာမည်သာ ဗမာဆန်သလောက် သူမ့အပြုအမူများသည် အနောက်တိုင်းဆန်သည်။ ဟိုတယ်ကို အမြဲသွားတတ်သည်။ ဘိလိယက်ထိုးတာ ကျွမ်းကျင်၏။ ဖဲရိုက်တော်၏။ သူမ၏ လက်ထဲတွင် ဘရန်ဒီတစ်ခွက် သို့မဟုတ် စီးကရက်တစ်လိပ် အမြဲရှိ၏။ ကလပ်ကို ညတိုင်း တက်သည်။ သူမဘေးတွင် ယောက်ျားသား တစ်သိုက်က အမြဲတွယ်ကပ်နေတတ်ပေသည်။ သူမရဲ့ အင်္ဂလိပ်အမည်က ဒေစီတဲ့...။ ဒေစီပန်းပေါ့။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော် လမင်းကို ချစ်သည်။ အမြတ်တနိုးဖြင့် တစ်ဦးတည်း အပိုင်သိမ်းထားချင်မိ...။ မင်းမျိုးမင်းနွယ် သူကုန်ထံ အသိုင်းအဝိုင်းကမို့ သူမကို ပို၍ တန်ဖိုးထားမိ‌သည်။

လမင်းသည် ဘိလပ်ပြန်ဆိုသည့်အတိုင်း မာနတော့ ခပ်ကြီးကြီး။ ကလပ်မှာတွေ့လို့ နှုတ်ဆက်လျှင် ဘိုလိုသာ ပြန်လည်ပြောဆို၏။ ကျွန်တော်သည် ဟိုင်း၊ ဟောင်းအာယူ၊ သန့်ခရူလောက်သာ တတ်၏။ ထိုအခါ လမင်းသည် ကျွန်တော့်အား တုံးလိုက်တာဟူသော မျက်နှာဘေးဖြင့် လှောင်ပြုံး ပြုံးတတ်သည်။ "ဗမာလိုသာ ပြောပါ မဘိုမရယ်"ဟု ကျွန်တော် ပြန်ခနဲ့လျှင် " အို...ယူရယ်...တို့ ဗမာစကားက အင်္ဂလိပ်ထက် ခက်တယ်ရှင့် ဘိလပ်မှာ ဘိုလိုပဲ အမြဲပြောနေတော့ ဗမာစကားတောင် ခပ်မေ့မေ့ရယ် အဟက်..."ဆိုပြီး ကြွားလုံးထုတ်ပြန်သည်။ ကိုယ်က သူမကို ချစ်နေရတဲ့သူမို့သာပေါ့ နို့မို့ဆိုလျှင် မြန်မာမှာ ကြီးပြီး အနောက်တိုင်းကို အထင်ကြီးတဲ့ ငမိုက်မဟု ဆဲရေးတိုင်းထွာ မိလိမ့်မည်။

ကလပ်မှာ တွေ့တာကြာတော့ အမြဲတစေ စကားပြောဖြစ်ကြရင်း သူမနဲ့ကျွန်တော် ခင်မင်မှုတွေ ပိုပိုတိုးလာလေသည်။ သူမ အလည်ခေါ်၍ သူမ့အိမ်ကိုလည်း ရောက်ဖူးခဲ့ပြီ။ သူမ လုပ်ကျွေးတဲ့ အနောက်တိုင်းအစားအစာတွေလည်း ခံတွင်းမတွေ့ပေမယ့် စားဖူးခဲ့လေပြီ။ မန္တလေးမြို့အနှံ့ လည်လို့ လည်ပတ်စရာ မရှိတော့လျှင် မေမြို့သို့တက်ကာ သူမ ပိုင်ဆိုင်သော ကော်ဖီခြံ၊လိမ္မော်ခြံများဆီကို လည်ပတ်ကြသည်။ တိတ်ဆိတ်နေသော လိမ္မော်ခြံအလယ်မှာ သူမကို ချစ်တယ်ဟု ဖွင့်ပြောလိုက်မိသည်။ သူမသည် ပို၍ တိတ်ဆိတ် သွားလေသည်။


မြန်မာသက္ကရာဇ် ၁၃၁၂ခုနှစ်
သီတင်းကျွတ်လပြည့်
ကြာသပတေးနေ့။

သူမ ချိန်းထားသော ဘုရားဝန်းအတွင်းသို့ ကျွန်တော် အပြေးအလွှား လာခဲ့သည်။ လက်က နာရီကို ကြည့်တော့ ၅မိနစ်ခန့် နောက်ကျနေပြီ။ ညောင်ပင်အောက်မှာ စောင့်နေသော သူမ့မျက်နှာသည် ခပ်တင်းတင်း ဖြစ်နေ၏။ နောက်ကျ၍ စိတ်ဆိုးနေခြင်းပေလောဟု ထင်ခဲ့မိသည်။
" ကျွန်တော် နောက်ကျလို့ တောင်းပန်ပါတယ် လမင်း၊ စောင့်နေရတာ အတော်ကြာရောပေါ့..."
" မကြာသေးပါဘူး ကိုနန္ဒ ၊ အချိန်တွေက ထင်ထားတာထက် ပိုမြန်နေတယ် "
" လမင်း မျက်နှာ မကောင်းပါ့လား ကျွန်တော့်ကိုများ စိတ်ဆိုးနေပါသလား "
ကျွန်တော့်စကား ဆုံးသည်နှင့်တစ်ပြိုင်နက် လမင်းသည် ကျွန်တော့်ကို ‌ရုတ်တရက် ဖက်လိုက်၏။ ပြီးတော့ ရှိုက်ကြီးတငင်ငို၏။
" တို့ ဘိလပ်ကို ပြန်သွားရဦးမယ်။ ဘွဲ့လွန်ဆက်တက်ရမယ်။ ပိုဆိုးတာက တို့ မသွားခင် ဝမ်းကွဲအစ်ကိုထွန်းအောင်နဲ့ လက်ထပ်ပြီး သူနဲ့အတူတူ သွားရလိမ့်မယ်။ တို့ ယူနဲ့ မခွဲနိုင်ဘူး ကိုနန္ဒရယ်...။ တို့ ယူ့ကို အရမ်းချစ်ပါတယ်။ "
လမင်း အသံသည် ကွဲအက်နေသည်။ ပို၍ ကွဲအက်သည်မှာ ကျွန်တော့် နှလုံးသားပင် ဖြစ်သည်။ ဇာတ်လမ်း မစခင် အဆုံးသတ် သွားသော အခန်းတစ် ဇာတ်သိမ်းပင်လော...။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မခွဲနိုင်ဘူး။ မရ ရအောင် အပိုင်ယူမည်။
" လမင်း ကျွန်တော့်ကို ချစ်တယ်မလား "
" အင်း...ချစ်တယ် "
" ဒါဆို ကျွန်တော်တို့ ထွက်ပြေးကြမယ်လေ "
" အဲ့လောက် လွယ်နေရင် တို့ ငိုနေပါ့မလား ယူရယ်...၊ တို့နှစ်ယောက် ဘယ်ကိုပဲ ပြေးပြေး ‌ဒက်ဒီ့ဆီမှာပဲ ပြန်ဖမ်းမိကြမှာ...၊ တို့ဖေဖေက သိပ်ကြောက်ဖို့ကောင်းတဲ့ ဘီလူးလိုလူ သိရဲ့လား ကိုနန္ဒ၊ သူဖြစ်ချင်တာ မဖြစ်ရရင် အရမ်းရက်စက်တတ်တဲ့ ဘီလူးရှင့် "
" ဒါဆို ကိုယ်တို့က ဝေးရမှာလား၊ လမင်းက ကိုယ့်ကို စွဲငင်ရုံသက်သက်ပဲလား ဟမ် "
" တော်တော့ ကိုနန္ဒ ၊ တို့က မိန်းမလည် ဟုတ်တယ် ဒါပေမဲ့ ရှင့်ကိုလှည့်စားမယ့် မိန်းမတော့ မဟုတ်ဘူး "
" ကိုယ်က ပင်လယ်ပါ လမင်းရယ်...၊ မင်းက စွဲငင်တာ မဟုတ်ရင်တောင်မှ မင်းဆီကို အရင်လာချင်ခဲ့တဲ့ ပင်လယ်ပါ။ ကိုယ်တို့ နှစ်ယောက် နီးစပ်ဖို့ ကိုယ် ဘာလုပ်ရမလဲ ပြော "
" ရှင် ဘာမှ မလုပ်ပါနဲ့ ကျွန်မက ရှင့်ကို ကျွန်မ ချစ်တယ် မခွဲနိုင်ဘူးဆိုတာ သိစေချင်ရုံပါ။ ဒါပေမဲ့ ကျွန်မ့မိဘတွေကို မလွန်ဆန်နိုင်သလို ကျွန်မ့ရှေ့ရေးကိုလည်း ဘာနဲ့မှ မပိတ်ပင်ချင်ဘူး။ ရှင့်ကို ဒီနေ့တွေ့တာ နှုတ်ဆက်ဖို့ သက်သက်ပါ။ "
ကျွန်တော့်မျက်ဝန်းမှ မျက်ရည်ပူတို့ စီးကျလာသည်။ လမင်းက မျက်ရည်တို့ကို သုတ်ပေး၏။ သူမသည် ကျွန်တော့်ပါးကလေးအား နမ်းရှိုက်လိုက်ပြီး နှစ်သိမ့်ပေးသည်။
" မငိုပါနဲ့တော့ အမောင်ရယ်...တို့တွေ နီးစပ်ဖို့ကံ ပါမလာကြလို့ပဲလို့ တရားနဲ့သာ ဖြေပါ။ ဒီလိုတွေ ခံစားရမယ်မှန်း သိခဲ့ရင် တို့ အမောင်နဲ့ မပတ်သက်ခဲ့ပါဘူးကွယ်...အခုတော့ တို့ကြောင့် အမောင် အနာတရတွေ ဖြစ်ကုန်ပြီ။ တို့က မကောင်းတဲ့ မိန်းမပဲ။ "
" လမင်းနဲ့ကျွန်တော် တွေ့ဆုံခဲ့တာကို နောင်တ မရပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်က တကယ်ကို ချစ်ခဲ့လို့ပါပဲ။ ချစ်မိရင် တစ်စက္ကန့်လေး ပိုင်ဆိုင်ရရင်တောင် တစ်ဘဝစာ မေ့မှာ မဟုတ်လို့ပဲ။ လမင်းကို ကျွန်တော် မုန်းမှာ မဟုတ်သလို ဘယ်တော့မှလည်း မမေ့ဘူး။ "

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီးအတန်ကြာတော့ သူမနဲ့ ဘုရားမှာ ဆီမီးအတူတူ ထွန်းလိုက်ကြသည်။ ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း ကျွန်တော့်စိတ်ကို လျှော့ချလိုက်သည်။ ဘုရားဝန်းထဲမှာ ရောင်းနေသော မီးပုံးအသေးလေးကို ဝယ်ယူကာ ကျွန်တော်နဲ့လမင်းနာမည်ကို ဆော့ပင်န်ဖြင့် မီးပုံးမှာ ရေးလိုက်သည်။ မီးပုံးကို နှစ်ယောက်အတူတူ ကိုင်ပြီး မီးစာကို မီးညှိကာ လွှတ်တင်လိုက်သည်။
" လမင်းနဲ့ကျွန်တော် ဒီဘဝ မပေါင်းရတောင် နောက်ဘဝကျ ပေါင်းဖက်ရမည် ဆိုပါက မီးပုံးလေးသည် ဟိုးအမြင့်ဆုံးအထိ ပျံသန်းပါစေ " ဆိုပြီး စိတ်ထဲက ဆုတောင်းကာ လွှတ်တင်လိုက်သည်။ မီးပုံးလေးသည် ဘုရားဝန်းအတွင်းက တမာပင်နှင့် သွားငြိကာ တမာပင်ပေါ်မှာတင် မီးလောင်သွားတော့သည်။ ဆုတောင်းကား မပြည့်ချင်သောကြောင့်ပါတကား...။

မြန်မာသက္ကရာဇ် ၁၃၁၂ခုနှစ်
တန်ဆောင်မုန်းလဆန်း၅ရက်
အင်္ဂါနေ့။

လမင်းနှင့် ပေးစားမည့် ထွန်းအောင်ဆိုသူကား ဖဲဝိုင်းတွင် ရန်ဖြစ်ကာ လူသတ်မှုဖြစ်ပြီး မင်္ဂလာပွဲပျက်ခဲ့လေသည်။ လမင်းအဖေသည် အထွဋ်မတက်တော့ဘဲ သူ့သမီးစိတ်ကြိုက်လူကိုသာ ရွေးချယ်စေကာ အိမ်ထောင်ပြုပြီး ဘိလပ်သို့ စေလွှတ်ခဲ့သည်။ လမင်း ရွေးချယ်ခဲ့သူမှာ ကျွန်တော့်ကိုပင် ဖြစ်သည်။ ဤသို့ဖြင့် လမင်းနှင့်ပင်လယ်ဟာ အနီးစပ်ဆုံး ဖြစ်သွားခဲ့ကြလေသည်။ ယနေ့ကား ကျွန်တော်တို့ မင်္ဂလာရက်မြတ်ပေတည်း။

တစ်နှစ်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် ဘိလပ်သို့ အချစ်ခရီး စတင်ခဲ့ကြသည်။ ကျောင်းပြီးမှသာ ကလေးယူရန် ဆုံးဖြတ်ထားကြပြီး ပညာကိုသာ ဦးစားပေး သင်ယူကြသည်။ ကျွန်တော်သည်လည်း လမင်းကျေးဇူးဖြင့် အင်္ဂလိပ်စာကို အတော်တတ်မြောက်လာပြီး ပတ်ဝန်းကျင်အသစ်မှာ ခြေဆန့်နိုင်ခဲ့သည်။ အသံထွက်ကတော့ ငါးပိသံဟု လမင်းက အမြဲလှောင်၏။ သူမ ကျောင်းသွားချိန်များတွင် ကျွန်တော်သည် အင်္ဂလိပ်ဝတ္ထုတိုများကို ကြိုးစားဖတ်ကြည့်သည်။ အချိန်ကြာလာတော့ ဝတ္ထုရှည်များပင် ဖတ်တတ်လာခဲ့သည်။

နန္ဒကျော်(အမရပူရ)

#သီတင်းကျွတ်၊တန်ဆောင်တိုင် စာပေပြိုင်ပွဲ

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့.....မိစံပယ်"မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်