M Min Nyo
* အခု ခင်ဗျားးဖတ်နေတာ ကျုပ်ကဗျာပေါ့
တိမ်မည်းတစ်အုပ်သာရှိတော့တဲ့ နေ့တစ်ခုရဲ့
နှုတ်ဆက်ချိန်မှာ ရေးတယ်။
* စျေးကွက်စီးပွားရေးက
အောက်လိုင်းသက်သက်သာရေးခဲ့မိတဲ့ ခဲပန်းချီလို
ရေပေါ်ဆီနံ့တွေတထောင်းထောင်း၊
ခေတ်မကောင်းလို့ လူတွေမကောင်းရင်
ဘယ်မျှော်လင့်ချက်တွေက ကောင်းဦးမလဲ
Online ပေါ်မှာပဲ အရောင်းအဝယ်ဖြစ်ခဲ့။
* Copywrite တစ်ပုဒ်ကို တစ်သောင်းဆိုတာကတော့
ဦးနှောက်ဖြုတ်ပြီးအရောင်းခံရသလို၊
ကိုယ့်စိတ်နဲ့ကိုယ် နာမကျန်းဖြစ်ရ
ထောင်းလမောင်းထနေတဲ့ ဆေးလိပ်အငွေ့တွေတောင်
တစ်နေ့တစ်နေ့ အဲ့ဒီထက်တန်သေး
ဒါပေမယ့်၊ ကျုပ်ပေးလို့ ရခဲ့ကြတယ်ဆိုရင်
အဲ့ဒီပရဟိတအမျှင်လေးတစ်ချောင်းနဲ့
ချည်စရာကြိုးကောင်းကောင်းလေး ရချင်ရဲ့။
* AI အဖော်ပြုတဲ့ ဂရုစိုက်မှုတွေ အဝေးမှာ၊
"သူငယ်ချင်း..."ဆိုတဲ့တေးကို မသီကြွေးဖြစ်တော့။
သူမနဲ့ဝေးတဲ့အကြောင်းကလည်း
လူတွေကောင်းကောင်းမသိတဲ့နည်းပညာအသစ်တွေလို
စိတ်ကိုတော့ တဆစ်ဆစ်ကိုက်ခဲစေတာအမှန်၊
လူတိုင်းမှာ မနက်ဖြန်ရှိတယ်၊ ပြန်မကြည့်တာက၊
အတိတ်ကို အရိပ်အာဝါသ မလုပ်ခဲ့မိတာပဲ။
* Idea ခမ်းတဲ့အခါ အခုလို
နားမလည်နိုင်စရာတွေ ရေးတယ်။
အတွေးက ခွေးသွားစိပ်ဆီငတ်သလို သံချေးတက်၊
ရပ်နေတာနဲ့ သွားချင်တာအကြားမှာ
ဘုရားအလောင်းမျောက်မင်းကိုပဲ ဦးထိပ်ထားရမလို၊
ဒီတော့...ဘဝက စစ်တလင်းဆိုရင်၊
သွေးချင်းချင်းနီတာပြည်သူမဟုတ်ပြန်ဘူး။
သူတို့အာသာငမ်းငမ်းတူးတဲ့သိုက်က
ကျုပ်တို့မကြိုက်ပါဘူးဆိုတဲ့ အစုတ်အပြတ်အသေတွေ...
လုပ်ရပ်တွေက မြင်ရကြားရ အော့နှလုံးနာစရာ ၊
ဒါတွေက ရပ်ချိန်တန်ပြီမဟုတ်လား။
* "မနက်ဖြန်" လား?
ဟုတ်တယ် သူဖျားနေတာ ကြာပြီ။
စည်းဝါးနရီမကိုက်တဲ့တေးလို
ဆေးအချိုတွေနဲ့ ဓါတ်မတည့်ပြန်ဘူး။
ကိုယ့်ကျင်းကိုတူးပြီး
သူများအနာဂတ်ကိုမြှုပ်လောက်အောင်
ကျုပ်ရဲ့စာဂအမှန်က လွင်တီးမခေါင်ခဲ့ပါဘူး။
တစ်ခါတစ်ခါ ဝင်ကစွပ်လိုမြှောင်ရတာတော့၊
ဘောင်မဝင်တဲ့ပုံကားတစ်ချပ်လို
အနားသတ်အပိုတွေ ဖြတ်ရမယ်မဟုတ်လား။
ထားလိုက်ပါ...စေတနာဆိုတာက လူတိုင်းနဲ့တန်တယ်။
မနက်ဖြန်ဆိုတာကြီး နေပြန်ကောင်းဖို့၊
ကျုပ်တို့စိုက်ခဲ့သမျှလေး ရေပြန်လောင်းရုံပေါ့။
* မကောင်းတာတွေ မတွေးနဲ့
မကောင်းတာတွေ မပေးနဲ့
မကောင်းတာတွေ မရေးနဲ့
ဆေးကြောင့်အရုပ်လေးတယ်ဆိုတာ
အဲ့ဒီပညာရှင်ရဲ့အညံ့ပဲ။
ကျုပ်တို့ဇာတာတွေက ခန့်တယ်။
လေထဲကအနံ့ကို ပြောင်းရင်
ပတ်ဝန်းကျင်ကြီး နေကောင်းမှာပဲ။
သူများစိတ်ကို ထောင်းဖို့တော့၊
ကျုပ်တို့ရဲ့အတွေးညစ်တွေ မစွန့်ပစ်ကောင်းပါဘူး။
ကမ္ဘာ့ဟောင်းလောင်းပေါက်ကို ဖာဖို့၊
နေပူမှာအရိပ်ကိုစောင့်ရစမြဲလေ။
ကျုပ်တို့တစ်တွေ...လောင်းရိပ်ကနေ ထွက်ကြစို့။
* ဟုတ်တယ်...ဒါက ကဗျာပါ
ကျုပ်ကိုယ်တိုင်တောင် ဘာမှန်းသေချာမသိတဲ့ကဗျာ
ဒါက ကဗျာဆိုတာတော့ သေချာတယ်
ကမ္ဘာကြီးနေထိုင်မကောင်းကြောင်း ကဗျာပေါ့။
#MMinNyo
Keep Reading