Author's Profile Photo

ဖိုးစည်

25/10/2024

ရည်ရွယ်သူသို့

1 min read
Poetry
ရည်ရွယ်သူသို့'s photo

၀န်ခံပါတယ် ခင်ဗျားကို
တစ်ချိန်ကရူးခဲ့ဖူးပါတယ်
ရွှေစင်ပျိုရယ် ခဏတာလေးတွေ့ရတာ
တစ်ဘ၀စာချစ်မိတာသွားကြောင်း..။

ပန်းလေးရေ တစ်ခါကကိုယ့်မှာ
မင်းနဲ့တွေ့ဖို့ဆိုပြီးခြေလျှင်ခရီး
အပြေးနှင်ခဲ့ဖူးတယ်
၀ေးခဲ့ကြတာပါပဲ။


တစ်ကယ်တော့ မင်းဟာကိုမပန်ထိုက်သည့်
ဇမ္မူနတ်ပန်း မြင်သူတစ်ကာငမ်း
အသူရာ လက်လှမ်း
ရွှေရင်လည်းပူလှပေါ့။

ပျော်ပျော်သာနေပါ
၀ေးရစ်ပြီးနောက်တော့ ပစ္စုပ္ပန်၌ ဖွင့်ပြောရန်
ဆိုတဲ့စကားလေး တစ်ခွန်းသာ
ကျွန်တော်ရင်မှာ ကျန်ခဲ့တာပါ။

အိမ်ထောင်သည်ဘ၀အကြောင်း
သိကောင်းစရာဆိုတဲ့
စာအုပ်လေးတောင်မဖတ်ဖြစ်တော့တာ
မင်းမရှိတော့နဲ့နောက် ကိုယ့်ဘ၀လေးလည်း
သူ့အလိုလိုပျောက်ကွယ်သွားခဲ့ပြီ။

နွေရာသီကျောင်းပိတ်စုပေါင်းအလှူမှာ
ဆံချခဲ့တယ်
ကိုရင်ဘွဲ့ရတော့ ကုသလလေး
ဘာကျက်တယ်မှတ်လည်း
အင်္ဂုလိမာလသုတ်တဲ့
ရှေးအတွက်ရည်စူးပြီးကျက်လိုက်
တာ ကျောင်းထိုင်ဘုန်းဘုန်းကတော့
ကျိန်ဆဲနေမှာအမှန်ပဲ။

ကမ္ဘာမှာ အချစ်ကြောင့်ရူးသွားတဲ့လူတွေကိုလိုက်ရှာကြည့်မယ်
သူတို့ရဲ့ ပို့စ်ကတ်နဲ့ နာမည်ကို
စာတန်းပြုစုမယ်
ထိပ်ဆုံးမှာတော့ ကိုယ့်နာမည်နဲ့ ဓာတ်ပုံကို
ခန့်ခန့်ကြီး ထားပြစ်မယ်။

ပြောပြရအုံးမယ် ဟိုတစ်နေ့ကပေါ့
ကျွန်တော် ပြည်ချစ်ဘုရားသွားဖူးခဲ့တယ်
ပြည်ချစ်ဘုရားရင်ပြင်အောက်နားက
ခိုလေးတွေကို
အစာကြွေးခဲ့တယ် ပြီးတော့
ဘုရားမှာပန်းနှစ်ပွင့်လှူတယ်
တစ်ပွင့်ကမင်းအတွက်
တစ်ပွင့်ကကိုယ့်အတွက်
နောင်သံသရာအထိပေါင်းရပါလို၏ဆိုတဲ့ ဆုတောင်းသံသဲ့သဲ့ကိုတော့ ဗုဒ္ဓဟာ မျက်ကွယ်ပြုခဲ့တယ် ထင်ပါ့။

တစ်ချို့၀ေးကွာခြင်းတွေက
နောက်မဆုံစီးနိုင်တော့သလို
နောင်ဘယ်တော့မှလည်း မတွေ့ရတော့ဖို့။
ကျွန်တော်တို့နှစ်ယောက်ဟာ
နေနဲ့လ လိုထင်တယ်
ကျွန်တော်ဟာ နေ ခင်ဗျားဟာ လ
နောင်ဘယ်တော့မှလည်း မျက်နာချင်းဆိုင်မှာမဟုတ်တော့တဲ့ ၀ေးကွာခြင်းမျိုး။

ပင်လယ်ပြင်ကြီးကိုကျွန်တော်ပြောကြည့်တယ်
လပုံရိပ်လေးတွေဖမ်းထားပေးစမ်းပါဆိုတော့
သူမလုပ်နိုင်ပါဘူးတဲ့ ။

မချစ်နိုင်တဲ့လူတစ်ယောက်ကို
တစ်ဖက်သတ်အနေနဲ့
ဆက်လက်တွယ်ကပ်နေရတာလည်း
၀ဋ်ကြွေးတစ်မျိုး
ကိုလွှမ်းမိုးသီချင်းလို လည်စင်းကာသွားလိုက်ပါ။

နှလုံးသားကိုဖက်နဲ့ထုတ်ပြီး သံယောဇဥ်ကျေ
ဇာတာနဲ့ခေါစာ ပစ်လိုက်မယ်။
အပြစ်တွေကို အချစ်လိုပြောင်းလဲတဲ့
ခေတ်ကြီးမှာ
မေတ္တာမစစ်တဲ့ ကာမသားကောင်တွေနဲ့
ပျော်ပျော်သာ စံပါ
ထွက်တော်မူလေး နန်းကခွာခဲ့ပါပြီ။

ဖိုးစည်

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ