Myat Thein Khaing
မိုးရိပ်မိုးရောင်တွေက သူဝတ်ဆင်ထားသည့် လောင်းကုတ် အင်္ကျီကို တဖြည်းဖြည်း စွန့်ခွာသွားတော့မည်။ တစ်ခါတစ်ရံ မြောက်လေတွေက လမ်းကြုံရင်း ကျွန်တော့်မျက်နှာကို တိုးဝှေ့ကျီစယ်တတ်သည်ကို ခံစားလာရသည်။ ကလေးတချို့၏ ဗြောက်အိုးဖောက်သံကို ညတိုင်းလိုလို ကြားလာရတတ်သည်။ ထို့ပြင် သနပ်ခါးပန်းရနံ့၊ ဆိပ်ဖလူးပန်းရနံ့၊ စကြာပန်းရနံ့၊ယုဇနပန်းရနံ့တို့ကလည်းညဘက်ဆို မွှေးမြချိုရီနေတတ်၏။ ဝါကျွတ်ချစ်သူ သီချင်းသံကိုလည်း အဝေးတစ်နေရာကနေ ဆည်းလည်းသံလေးလို လွင်လွင်လေးကြားနေရတတ်သည်။ ဟိုတစ်ချိန်တုန်းက သီတင်းကျွတ်ဆိုသည့် အသံကို ကြားလျှင် ချစ်သူနှုတ်ခမ်းက ပွင့်အန်ကျလာသည့် ချစ်တယ် ဆိုသည့် စကားသံလေးလို ကျွန်တော့်ရင်ကို တဖျပ်ဖျပ် လှုပ်ခတ်စေသည်။ ယခုနှစ်မှာ သီတင်းကျွတ်တော့မည်ဆိုသည့် စကားကို မည်သူတစ်ဦးတစ်ယောက်ဆီကမှ မကြားရ။ ဝါကျွတ်ချစ်သူ သီချင်းလည်းမကြားရ။ ဗြောက်အိုးသံလည်း မကြားရ။ အားလုံးက အရာအားလုံးကို မေ့ထားချင်ကြသည်လား မပြောတတ်။ သီတင်းကျွတ်ဆိုသည့်စကားထက် အဆိုးလောကဓံတရားတွေ ကျွတ်ပါရစေဆိုသည့်စကားကို ပိုမိုတောင်းတနေမည်လားမသိ။ သီတင်းလည်းကျွတ် ခံစားရသမျှဝဋ်ဒုက္ခတွေလည်း ကျွတ်ပါစေ ဟု ကျွန်တော်ရင့်ဘတ်ထဲကနေ ကြိတ်ပြီးဆုတောင်းနေမိသည်။ ကျွန်တော်ပင် ယခုနှစ်သီတင်းကျွတ်ကို အရင်ကသီးတင်ကျွတ်တွေလို ရင်ခုန်နေခြင်းမရှိတော့ပါ။
အပြင်းစား ငလျင်တစ်ခုလို လှုပ်ခါယိမ်းထိုးသွားခဲ့သော ခေတ်၏ရွေ့လျားမှုကြီးသည် လူမှုအဆောက်အအုံကြီးတစ်ခုလုံးကို ဖြိုချ ဖျက်ဆီးပစ်လိုက်တော့ အရာအားလုံးသည် မှန်ကွဲစတွေလို တစ်စစီ လွင့်စင် သွားကြတော့၏။ အဝေးတစ်နေရာသို့ရောက်နေသည့် ဆယ်လမွန်ငါးလေးတွေကတော့ သူတို့ရဲ့မွေးဖွားရာဇာတိ အမိရင်ခွင်ရှိရာဆီကို ကူးခပ်လာနိုင်မည်လည်းမဟုတ်တော့။ ဟိုတုန်းက သီတင်းကျွတ်လရောက်ပြီဆိုသည်နှင့် မိသားစုတွေ သုံးလေးရက်လောက် စုံစုံလင်လင်စည်စည်ကားကားတွေ့ရတတ်သည်။ သားသမီးမြေးမြစ်တွေဖြင့် သိုက်သိုက်မြိုက်မြိုက် စည်ကားသက်ဝင်လာတတ်သည်။
ကျွန်တော်တို့မှာ မောင်နှစ်မ လေးယောက်ရှိသည်။ သုံးယောက်က အဝေးတစ်နေရာမှ ဖူးစာဖြင့်တွေ့ဆုံကာ လုပ်ကိုင်စားသောက်နေထိုင်ကြသည်။ အရေးကြီးငယ် အကြောင်းကိစ္စကလွဲ၍ သီတင်းကျွတ်တစ်ခေါက်သာလျှင် သူတို့စွန့်ခွာသွားသော အိမ်ကလေးဆီသို့ ပျံသန်းလာတတ်ကြသည်။
"ဧည့်သည်က တိုးလာရင်တာမသိတာ လျော့သွားရင် သိပ်သိသာတာပဲ" ဟု အမေက ဧည့်သည်တစ်ယောက်ပြန်သွားတိုင်းစကားဆိုတတ်သည်။ သွေးမတော်သားမစပ် သူစိမ်းဧည့်သည်တစ်ယောက်အပေါ် ဤမျှလောက် သံယောဇဉ်ကြီးမားသော မိခင်တစ်ဦးအနေဖြင့် ကိုးလလွယ်ဆယ်လဖွားခဲ့သော သားသမီးသုံးယောက်အပေါ်မည်သို့ ခံစားရပါမည်နည်း။ အဝေးရောက်သားသမီးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတိုင်း ဝင်းပပျော်ရွှင်သွားတတ်သော မိခင်ကြီးကိုကြည့်ရင်း ကျွန်တော်ပင် ပီတိဖြစ်နေမိသည်။ သူတို့တွေရောက်မလာသည့်အချိန်တွေမှာ သားမိသားဖသုံးယောက်တည်း ပျင်းခြောက်ခြောက်နှင့် အိမ်ကြီးက သရဲကားထဲက အိမ်တစ်လုံးလို။ လယ်ကွင်းပြင်ထဲက သစ်ရွက်ကင်းမဲ့နေသော သစ်ပင်လို။ နားခိုသူမရှိတော့သည့် ဇရပ်တစ်လုံးလို။ အရာရာတိတ်ဆိတ်ငြိမ်သက်လို့။အမေကတော့ ၂၄ပစ္စည်းပဌာန်းအကျယ်တွေကိုသာ အလုပ်အားလျှင် ရွတ်နေတတ်သည်။ အဖေကတော့ ခြံထဲဆင်းကာ သူစိုက်ထားသော အပင်တွေကို ပေါင်းနှုတ်၊ ဆေးဖျန်းလုပ်နေတတ်သည်။ ကျွန်တော်ကတော့ စာဖတ် ၊စာရေး၊ ဖုန်းကြည့်ရင်း အချိန်တွေကုန်လွန်ခဲ့သည်က များသည်။တစ်ခါတစ်ရံ မိဘနှစ်ပါးအပေါ် လျစ်လျူရှူနေသည်ဟု တွေးတောကာ ကျွန်တော့်ရင်ထဲ စိတ်မကောင်းဖြစ်နေမိသည်။ စာရေး၊ စာဖတ်ကလွဲ၍ စကားအပိုတွေ၊ ပလီပလာတွေ မပြောတတ်သော ကျွန်တော့်ကို အမေက သူ့သားမှဟုတ်မှဟုတ်ပါ့လေစဟု သံယဖြစ်နေမည်လား မပြောတတ်ပါ။
အကြီးဆုံးဖြစ်သော ကျွန်တော့် အစ်ကိုကြီးကတော့ ကျွန်တော်နှင့်ဆန့်ကျင်ဘက်။ သူက လူပျိုတုန်းကလို အိမ်ရောက်ရောက်ခြင်း အမေ့ကိုဖတ်ကာ ပါးနှစ်ဘက်ကို တရှုပ်ရှုပ်နမ်းတတ်သည်။ ထိုအခါ အမေ့မျက်နှာကအပြုံးမျိုးကို စာနှင့်ရေး ဖွဲ့ပြဖို့မစွမ်းနိုင်ပါ။ အစ်ကိုကြီးက ဟုတ်တာတွေရော၊မဟုတ်တာတွေရော အမေ့အား ရယ်စရာတွေကို ခြေဟန်လက်ဟန်တွေနှင့် အော်ကျယ်အော်ကျယ်ပြောပြတတ်သည်။ သူ၏ ပလီပလာပြောတတ်သည့်အကျင့်ကြောင့် အမေ့ချွေးခံအိတ်ထဲက ပိုက်ဆံတွေ ခုန်ထွက်သွားပေါင်းလည်းမနည်းတော့။ အိမ်ထောင်ကျသွားသည့်တိုင်အောင် သူ၏ပွေလီမှုတွေက အမျှင်တန်းလန်းပါသွားကြသည်။KTVသွားပြီး ငွေမရှင်းနိုင်သဖြင့် အိတ်ထဲကနေ ကျွန်တော်မသိအောင် အမေက စိုက်ထုတ်ပေးခဲ့ရသည်။ လက်ဖက်ရည်ဆိုင်မှာလည်း ဘောလုံးပွဲကို ညဉ့်နက်သန်းခေါင်တိုင်အောင်ထိုင်ကြည့်တတ်သည်။ တစ်ခါတစ်ရံ အနံ့လေးတသင်းသင်းနှင့် နှုတ်မြိန်ဆေးလေးကိုပါ ဆရာသမားက တစ်ခွက်တစ်ဖလား ကျိုက်လာတတ်သည်။ မိန်းမတစ်ယောက်မကြိုက်သော ကိစ္စများကို သူက ကြိုက်နေတတ်၏။ ဖီလာဆန့်ကျင်နေသော သူ့ဝါသနာကြောင့် မိန်းမဖြစ်သူနှင့်မကြာမကြာ ရန်ဖြစ်ကာ သူ့ဇာတိအိမ်သို့ ခဏခဏ ပြန်ပြန်ဆင်းလာတတ်သည်။ ပြန်ဆင်းလာတိုင်း အမေက ခဏတဖြုတ်ထိန်းသိမ်းကာ စောင့်ရှောက်ထားတတ်ပြန်သည်။ စိတ်ပြေသောအခါ မိခင်တောင်နှုတ်မဆက်ဘဲ သူ့အသိုက်ရှိရာဆီသို့ ပျံသန်းသွားတတ်သည်။ အငယ်ဆုံးသမီးလေးကို မွေးဖွားပြီးသည့်အချိန်မှ စ၍ သူ၏ပွေလီမှုတွေက နိဂုံးချုပ်သည်ဟု ဆိုရမည်ဖြစ်သည်။
အစ်မနှင့်ညီအစ်မ မိသားစုကတော့ အစ်ကိုကြီးလောက် စကားလုံးမကြွယ်ဝသော်လည်း သူ့တို့လုပ်ရပ်နှင့်စေတနာတွေက နှလုံးသားကနေယိုဖိတ်စီးဆင်းလာကြောင်း ကျွန်တော်သိပါသည်။ အစ်မနှင့်ညီမအတွက်တော့ အမေကရတက်အေးနိုင်သော်လည်း သားအကြီးဆုံးဖြစ်သူ ဩရသအတွက်တော့ ရတတ်အေးနိုင်မည်မဟုတ်ပါ။ ညီအစ်ကိုမောင်နှမတွေဆုံသောအခါ အဖေနှင့်အမေကို ခေါင်းရင်းမှာထားကာ မိမိတို့တက်နိုင်သလောက် ငွေကြေး၊ မုန့်ပဲသွားရည်စာများနှင့် ကန်တော့သည့်အခါ ကျွန်တော်ပါ လက်ဗလာဖြင့်ဝင်ရောက်ကန်တော့တတ်သည်။ တစ်ခါတစ်ရံ ကံစွပ်၍ပါလာတတ်သော ဂျာနယ်များမှ စာမူခများကိုတော့ သီတင်းကျွတ်လမဟုတ်သည့်တိုင် ကျွန်တော်က ကန်တော့တတ်ပါသည်။
တစ်နှစ်မှတစ်ခါသာ တွေ့ဆုံရသဖြင့် စကားတွေကို ဖောင်ဖွဲ့ကာ ညဉ့်နက်သန်းခေါင်အထိ ရေနွေးကြမ်းအလည်မှာထားကာ လက်ဖက်သုပ် လေးနှင့်ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောင်းလွမ်းဆွတ်စွာ ပြောကြပါသည်။ကျွန်တော်၏ တူ၊တူမ များကတော့ ဗြောက်အိုး၊မီးရှူး၊မီးပန်းများကို ကလေးသဘာဝ အနှောင့်အဖွဲ့ကင်းကင်း ဆော့ကစားမြူးထူးနေတတ်ကြသည်။ရောင်စုံဖယောင်းတိုင်၊ရောင်စုံမီးပုံးကလေးများကို သီတင်းကျွတ်လပြည့်နေမှာ အိမ်ရှေ့ခြံစည်းရိုးတန်းများ၌ ထွန်းညှိပူဇော်တတ်ကြသည်။ တစ်အိမ်လုံးမီးရောင်ဝါဝါလေးများက ထွန်းလင်းတောက်ပနေတတ်သည်။ အမေက ဆုံးမစကားတွေကို သူသိသလောက် တတ်သလောက်ပြောဆို ဆုံးမပါသည်။ မောင်နှမတွေ စည်းစည်းလုံးလုံးနေထိုင်ကြဖို့လည်း အထူးမှာကြားတတ်သည်။ ခဏတာ တွေ့ဆုံရသော အချိန်ကလေးမှာ အားလုံးကချစ်ချစ်ခင်ခင်ဖြင့် ရှိနေသည့်အတွက် အမေကအမြဲတပြုံးပြုံး။ မြေးတွေကလည်းတအုံးအုံး။ ချွေးတစ်လုံးလုံးဖြင့် အသက်၇၀ကျော်အဘွားကြီးက ချက်ပြုတ် ကျွေးမွေးတတ်သည်။
အဝေးရောက်သားသမီးတွေ ပြန်မည်ဆိုသည့်ညက အမေ စောစောအိပ်ရာဝင်သွားခဲ့သည်။ အဖေကတော့ သူ့ရေဒီယိုလေးကို တောင်လှည့်မြောက်လှည့်ရင်း ကလိနေတတ်သည်။ သူ့ မြေးကလေးတွေကတော့ ရုပ်မြင်သံကြားမှ ကာတွန်းကားကိုကြည့်ကာ လွတ်လပ်စွာရယ်မောနေတတ်သည်။ အနှောင်အဖွဲ့ကင်းသည့်ကလေးဘဝလေးတောင်ကျွန်တော်ပြန်လိုချင်မိသည်။ လူကြီးတစ်ယောက်ဖြစ်လာရသည့်အတွက် တချို့အရာတွေကို ဟန်ဆောင်ထားတတ်သည့်အတတ်ပညာကို တတ်မြောက်ခဲ့ရပါသည်။ စရောက်လာသည့်နေ့တွေကလိုမဟုတ်။ စကားတွေ နည်းသွားကြောင်း သတိထားမိသည်။ ပြန်မည်ဆိုတာ သိရတော့ ကျွန်တော်ပင် စိတ်မကောင်းဖြစ်မိသည်။ အဖေနှင့်အမေကလွဲ၍ ကျွန်တော်တို့ မောင်နှမတွေသာ ထွေရာလေးပါပြောဖြစ်ကြသည်။
ပြန်မည့်မနက်ရောက်တော့ အမေက သူ့မြေးကလေးတွေကို မုန့်ဖိုးပေးသည်။ သူ့တို့မိဘတွေက အကြောက်အကန် ငြင်းဆန်သော်လည်း အမေ့ရဲ့ မေတ္တာတရားကိုတော့ ငြင်းဆန်ခွင့်မရခဲ့ပါ။ မြေးကလေးတွေကတော့ အူမြူးခုန်ပေါက်လို့။ သူတို့၏အဘွားဖြစ်သူကို တစ်ယောက်တစ်လဲ နှုတ်ဆက်အနမ်းတွေပေးလို့။ အဘွားဖြစ်သူ ကျွန်တော်တို့မိခင်ကြီး မျက်နှာမှာတော့ မျက်ရည်ပုလဲဥတွေ ဝေ့လို့။
"ဘွား ဘွား တာ့ တာ့"
ဆိုသည့် တီတီတာတာ အသံလေးတွေနဲ့ ကျန်ရစ်ခဲ့သော ကျွန်တော်တို့ သားမိသားဖ သုံးယောက်ကို နှုတ်ဆက်ကာ အထုပ်ကိုယ်စီစွဲပြီး ထွက်ခွာသွားကြပါသည်။ ထို့နေမှစ၍ နောက်နှစ်သီတင်းကျွတ်တိုင်တောင် တီတီတာတာ အသံကလေးတွေ တိတ်ဆိတ်ငြိမ်သက်နေဦးမည်ဖြစ်သည်။ သူတို့၏ အဘွားဖြစ်သူ ကျွန်တော်တို့၏ မိခင်ကြီးမှာ ခုနှစ်ရက်တစ်ပတ်လောက် လွမ်းတသသဖြင့် သူ့မြေးတွေ၊ သားသမီးတွေအကြောင်း အားကောင်းမောင်းသန်ပြောရင်း အလွမ်းဖြေနေရဦးမည်ကို အဝေးရောက်သားသမီးများအနေဖြင့် သိနိုင်မည်မဟုတ်ပါ။
သူတို့ပြန်သွားတော့ တာဝတိံသာမှ ဆင်းသတ်လာသော ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်ထားခဲ့သော ရောင်စုံမီးပုံးကလေးများကို အိမ်ခြံစည်းရိုးမှ ကျွန်တော်ဖြုတ်သိမ်းဖြစ်သည်။ ရောင်စုံမီးပုံကလေးများကို ဖြုတ်သိမ်းရင်း ကျွန်တော်တွေးမိသည်။ မိဘတိုင်းသည် ရောင်စုံမီးပုံးကလေးများနှင့်တူသော သားသမီးများကို မွေးဖွားခဲ့ကြပါသည်။ စိတ်ရောင်စုံတွေမတူသော်လည်း ချစ်ခြင်းမေတ္တာတရားကတော့ အားလုံးအပေါ်မှာ အတူတူပင်ဖြစ်သည်။ ကျွန်တော်တို့ကလည်း လူ့လောကအလည်မှာ ရပ်တည်နိုင်အောင် အလင်းရောင်ထွန်းညှိပေးခဲ့သော မိဘတွေကို စာနာနားလည်ကာ ချစ်ခင်ကြင်နာစွာ အသက်ထက်ဆုံး ပြုစုယုယရမည်ဖြစ်ပါသည်။ မကြာမီရောက်လာမည့်သီတင်းကျွတ်အတွက် မိုးလေကင်းလွတ်ပါစေဟု မျှော်လင့်ရသော်လည်း အခြေအနေအကြောင်း ကြောင်းကြောင့် အဝေးရောက်သားသမီး၊ မြေးများမလာရောက်နိုင်ပါကလည်း မနှစ်ကကျန်ရှိနေသော ရောင်စုံမီးပုံးကလေးများကို သူတို့အမှတ်နှင့် ထွန်းညှိပေးဖို့ ကျွန်တော်ရည်ရွယ်ထားပါသည်။
မြတ်သိမ်းခိုင်
Keep Reading