M Min Nyo
* ချစ်တဲ့ နွယ်
လောကကြီးက မာယာများတယ်ကွဲ့
ဓာတ်မတည့်စာတွေကို စိတ်လိုလက်ရကျွေးပြီး
နှလုံးသားကို နာဖျားနှာစေးစေတတ်တယ်
မေတ္တာဆေးလေး သောက်မှပေါ့ကွယ်
စိုးရိမ်တယ်။
* သိလား နွယ်
တချို့ပန်းတွေက မစိုက်ပဲ ဖူးကြတယ်
ပြီးတော့...မခူးပဲလည်း ကြွေပြန်တယ်
နွယ်ဟာ မစိုက်ပဲ ဖူးခဲ့တဲ့ပန်းပါ
မလှမ်းခင် မနမ်းခင်တော့ မကြွေနဲ့ဦးကွယ်
နှမြောတယ်။
* ဒီမှာ နွယ်ရေ...
အချိန်ပေးတယ်ဆိုတာကို လူတွေက
အချိန်သက်သက်ပဲ ပေးတယ်လို့ ထင်တတ်ကြတယ်
အဲ့လို မထင်လိုက်လေနဲ့ နွယ်
ပေးလိုက်တဲ့အချိန်တွေထဲမှာ သူ့ကိုယ်ကျိုးမပါတဲ့
ဘဝအစိတ်အပိုင်း အထင်ကရတွေ ပါတယ်
မြတ်နိုးပါ နွယ်...။
* တစ်ခါတစ်ခါ
မုန်းတတ်အောင် ကြိုးစားပါနွယ်
အချစ်တွေချည်းပဲ အပေးလွယ်နေရင်
အပေါစားဆန်တယ်လို့ မြင်တတ်ကြတယ်။
တစ်ခါတစ်ခါ ချစ်ဖို့ကြိုးစားပါ နွယ်
သံယောဇဥ်ရဲ့ အခြေအမြစ်ဟာ
အချစ်နဲ့မှ ပိုခိုင်မြဲတတ်တယ်။
ဒီတော့ ချစ်တတ်ဦးမှပေါ့ကွယ်။
* ဟန်ဆောင်ကောင်းဖို့ သင်ပါ နွယ်
လိုအင်တွေ ထုတ်ပြရင် စျေးထိုးတင်တတ်ကြတယ်
အလေးခိုးဖို့ ဝန်မလေးသလို၊
အပိုယူဖို့လည်း ဝန်မလေးတတ်ကြဘူးလေ။
ဟန်ကိုယ့်ဖို့နေရင်...
အိန္ဒြေတွေနဲ့ လှနေတတ်ပါတယ်။
ဟန်ဆောင်ကြည့်ပေါ့ နွယ် ။
* မှာချင်တယ် နွယ်
လောကကြီးက ကျယ်သလောက်
မေတ္တာတရားတွေ ဖြည်းဖြည်း ကျဥ်းလာတယ်။
အချစ်အမုန်းတွေ လွယ်သလောက်
အတွယ်အတာ အယုအယနဲ့
သမုဒယတွေက ရဖို့ခက်လာတယ်။
လွမ်းရတာ လွယ်သလောက်
သတိရကြောင်းပြောဖို့ကျ ခက်ပြန်ရော။
ပြီးတော့...တစ်ယောက်ကတစ်ယောက်ကို
ချစ်ရတာလွယ်သလောက်
တစ်ယောက်နဲ့တစ်ယောက် ချစ်ပြဖို့ခက်တယ်။
* လောကမှာ
အလွယ်လည်း မလိုက်နဲ့
အခက်လည်း မကြိုက်မိစေနဲ့
ရေသာရင် စုန်ပြီးလိုက်ပေါ့။
ရေဆန်ရင် ခဏနား....အားရှိမှ ရှေ့ဆက်
မနက် မနက်တွေ ရှိနေပါသေးတယ်။
* ဒါပါပဲ နွယ်
ချစ်ရတဲ့နွယ် ဆိုတော့
အမျှင်တွေလျှော့ပြီးလည်း မပတ်စေချင်ဘူး။
အမျှင်တွေဖြတ်လို့လည်း မရပ်စေချင်ဘူး။
ရေလောင်းရင် ဖူးလို့ ၊ မိုးသားကျူးရင် ငုံ
အရုဏ်အမှန်လာရင် ပွင့်
"အခွင့်" ဆိုတာ...
အခါကြုံတုန်းမှာ အလိုက်သင့်ခူးယူပြီး
နမ်းရှိုက်ရမယ့်ပန်းပါ နွယ်....။
#mminnyo
Keep Reading