မြရည်နန္ဒာ
ဝင်္ကပါ အက်ဆေး
??????
ဧရိပ်သာတဲ့
ပညောင်ညို
ဥသြတွန်သံချို
တိုးလျှိုစီးတဲ့
နဒီတွင်း
သမင်ရေသောက်ဆင်း
မြက်ခင်းလဲ့လဲ့
မြေညီညီ
ကံ့ကော်၀တ်မှုန်စီ
ဇာလီပျော်တဲ့
ကျောင်းသင်္ခန်း
လူလေး သွားချင်စမ်း။ ။ (မင်းသုဝဏ်)
ပင်မြင့်တို့ ခက်နွယ် ယှက်သွယ်နေသော ဤနေရာသည် သမင်တောက်သံ ချေဟောက်သံနှင့် သာရကာငှက်ကျေးတို့၏ မြည်ကြွေးသံမှ အပ ရံခါ ကြားရတတ်သော ရေစီးသံ သဲ့သဲ့ သာရှိသည်။
လေအဝှေ့တွင် ရရှိတတ်သော တောပန်းတောင်ပန်း၊ ရေပန်း ကျည်းပန်းတို့၏ မွှေးရနံ့နုနုသည် နန်းတော်ထဲမှ ရနေကျ နံ့သာပေါင်းတို့၏ ရနံ့ထက် သာလွန်ကြောင်းကို သိရှိသည်မှာ မကြာလှသေး။
ကျောင်းသင်္ခမ်း စင်္ကြံမှ အပ ဖြစ်သော အရပ်တွင် မြက်ခင်းတို့ စိမ်းစို ပြောင်လက်နေပြီး ခန်းဆောင်တွင်းက ကတ္တီပါကောဇောထက်ပင် လှပ လျက်ရှိ၏။
ခြေချလိုက်တိုင်း နုညံ့အေးမြသော အထိအတွေ့ကြောင့် နန်းဆောင်ထဲတွင်ပင်ပန်းနေရသော သူ၏ နှလုံးသားသည် ဝင်္ကဘာတွင် အေးချမ်း ငြိမ်သက်နေ၏။
မော့ကြည့်လိုက်လျင် မြင့်သောအပင်တို့ထက်မှ ရင်ခတ် ကံ့ကော်တို့ ပွင့်လန်းနေသည်ကို မြင်ရ၏။ သရဖီတို့ကမူ ပင်စည်သစ်ကိုင်းတို့၀ယ် ကပ်တွယ်လျက် ဖွေးဖွေးဆွတ်အောင် ပွင့်လန်းနေကြပြန်၏။
ပန်းပွင့်ကြွေတို့ကြဲအပ်သော မြက်ခင်းပြင်နှင့် မနီးမဝေးရှိ ကြာမျိုး၅ပါးတို့နှင့် ပြည့်စုံသော ရေကန်ဆီမှ ပဒုမ္မာကြာရနံ့က စင်္ကြံလျှောက်နေသော သူ့ဆီသို့ လေနှင့် အတူ ဝေ့ဝဲရောက်ရှိလာတတ်ပြန်သည်။
ရံခါ လွင့်ပြန့်လာတတ်သော ကဏှာဇိန်၏ ခိုးခိုးခစ်ခစ်ရယ်သံတို့သည် သိတတ်လှသော သားတော်ကြီးဇာလီ၏ တိုးတိုးတိတ်တိတ်နေရန် ပြောကြားမှူအောက်တွင် ပျောက်ချည်ပေါ်ချည်။
ဖုန်သဲ အလိမ်းလိမ်းကပ်လျက် တောပန်းတောင်ပန်းတို့ကို ဆုပ်ကိုင်လျက် အဖေဟူသည့်တွယ်တာခြင်းဖြင့် အနားသို့ ရောက်လာတတ်သောကဏှာဇိန်ကို မဒ္ဒီသည်လည်းကောင်း၊ ဇာလီသည်လည်းကောင်း ချော့မော့ ခေါ်ဆောင်သွားတတ်မြဲ။
တောမှပြန်ရောက်၍ သစ်သီးစားဖွယ်တိုကို ပြင်ဆင်ပေးပြီးလျင် သားနှင့် အမိတို့ ဆိုင်ရာ ကျောင်းသင်္ခန်းသို့ ပြန်ကြပြီ။
သင်္ခန်းတစ်ခုစီမှာနေကြပါစို့ဟု ၀င်္ကပါတောင်စောင်း ခိုအောင်းကြစဥ်တည်းက ပြောခဲ့သည့် စကားကို အလေးအမြတ်လိုက်နာရှာသည့် မိန်းမမြတ်။
ညတုန်းဆီကတော့ ၀ရုန်းသုန်းကားနှင့် အရှင့်သားရယ်လို့ ကျယ်ကျယ်လောင်လောင် ငိုယိုမြည်တမ်းကာ နှိုးလာခဲ့သည်။
လူနက်ကြီးတယောက် ဦးဆံဖျားလျားနှင့် ပန်းနီပန်ကာ သူ့ရင်ကို အရှင်ခွဲလို့ အသည်းကို ထုတ်သွားသည်ဟု အိမ်မက်မက်လေသတဲ့။
သားနှင့်သမီးကို အလှုခံယူသူလာရန် အချိန်နီးလာပြီဟု သိသော်လည်း သွေးလေချောက်ချားလို့မက်တာပါနှမရယ် ဟုသာ နှစ်သိမ့်ခဲ့မိသည်။
ယခုနနံနက် သစ်သီးရှာထွက်ဖို့ မဒ္ဒီ စိတ်ချဟန်မရှိ။ သူအနှောက်အယှက်မဖြစ်စေရန်အတွက် သူ့အနီးအနားတွင် မကစားကြရန် ဇာလီကို မှာကြားလေ့ရှိသော မဒ္ဒီသည် ယနေ့မူ သူ့အနားက အဝေးတလံကို မသွားကြရန် မှာကြားနေပြန်သည်။
အဘယ်သို့သောပုဂ္ဂိုလ်သည် သားတို့ သမီးတို့ကို လာရောက် အလှူခံယူလေမည်နည်း။ သူ့ဘ၀တွင် လှူတန်းထောက်ပံ့မှူဟူသည့် ဒါနသည် အသားကျခဲ့ပြီးသောအရာပင်ဖြစ်သည်။
မယ့်မယ့်၀မ်းမှကျွတ်ခါစ၌ပင် လှူတန်းရန်ဥစ္စာကို တောင်းယူခဲ့သူမဟုတ်ပါလား။
သူ့အတွက်မူ ပုတီးနားတောင်းတို့သည် ပြောင်ပြောင်လက်လက်ဟူသောအရာထက် မပိုခဲ့ ။ တွယ်တာ ကပ်ငြိခြင်းလဲမရှိ။ လိုချင်သည့် မျက်စိနှင့် ကြည့်သ ည်ထင်လျင် ဖြုတ်ပေးခဲ့သည်ချည်းပင်။
ဘာဖြစ်ဖြစ် လိုသူကိုလှူမည်ဟူသည့် သူ့စိတ်ကို ဘူမိကမ္ဗလာ မြေပထဗျာကပင် အသိအမှတ်ပြုခဲ့ရသည် မဟုတ်ပါလော။
စေတုတ္တရာပြည်၏ ထီးနန်းစည်းစိမ်ကို သူ ရ ချိန်တွင် ဖတ်ကြားပြသည့် ဘဏ္ဍာဝန်၏ စာရင်းရှင်းတမ်းများကိုလည်း သူမတပ်မက်ခဲ့ ။ အလှူမဏ္ဍပ်ခြောက်ခုကို ဖြည့်တင်းရန်သာစိတ်စောခဲ့သည်။မွေးစတည်းက ရခဲ့သည့် ပစ္စယကိုလည်း သူငယ်ချင်းလို ချစ်သည်မှအပ ဆင်ဖြူရယ်လို့ မတပ်မက်ခဲ့ဘူးပေ။ ထို့ကြောင့်ကာလိင်္ဂတိုင်းက လူအများ ဆန်ရေစပါးရှားပါးကြသည်ဆိုတော့ လိုလိုချင်ချင်ပင် နန်းတော်အပြန်လမ်း၌ တခါတည်း ထည့်ပေးလိုက်မိသည်။
ဒါသည်ပင် အပြစ်ဖြစ်ပြီမို့ နန်းပေါ်မှဆင်းဆိုတော့လည်း သူ ဆင်းခဲ့သည်ပင်။ နန်းတော်သည် သူ့အတွက် နေစရာနေရာတခုထက် မပို။ နန်းစည်းစိမ်သည် သူ့အတွက် အလျှံအပါယ် လှူတန်းစရာအဖြစ်ထက် မပို ။
ဝင်္ကဘာသို့ လာစဥ် စီးလာသောရထားကို အလှူခံတော့လည်း မဒ္ဒီနှင့်သူ စိတ်တူကိုယ်မျှ ပေးလှူခဲ့ပါ၏။ ဝေးလှသော ခရီးကို ခြေ တည်းဟူသောယာဥ်ဖြင့် သားသမီးတို့ကို ချီပိုးကာ လာခဲ့ရ၏။
တောသို့လိုက်ပြီး လင်သားဒုက္ခကိုခံရရှာသည့် မဒ္ဒီကိုမူ သနားလှသည်။ သားနှင့်သမီးတို့ကတော့ တောအရိပ်မှာ ပိုပျော်လေဟန်။
ယခုမူ သူတို့၂ယောက်ကို တောင်းယူမည့် အလှုခံပုဂ္ဂိုလ် လာပေတော့မည်။
အဘယ်သို့သောသူ ဖြစ်မည်နည်း။
ဆိတ်ငြိမ်သောတောသည် ပို၍ ဆိတ်ငြိမ်သွားသယောင်ရှိ၏။ ဝေးလံသောနေရာတွင်နေရကောင်းလားဟု သူတို့အားကျိန်ဆဲသည့်အသံကို ခပ်သဲ့သဲ့ကြားလိုက်ရသည်။
ဟိုဆီမှာ ပုဏ္ဏားအိုကြီးတယောက်။ သူ့ရုပ်ရည်ကို ဖော်ပြရန်မှာ စကားမရှိ။ သူ၀င်လာသည်နှင့် ဝင်္ကပါ တစ်တောလုံး၏ အသရေသည် ပျက်စီးသွားလေပြီ။
ဟိုသည်ကြည့်ရင်း သူ့ရှေ့သို့လာထိုင်သောပုဏ္ဏားအိုသည် မဒ္ဒီထားရစ်ခဲ့သောသစ်သီးတို့အားလည်းကောင်း၊ အေးမြသောရေအားလည်းကောင်းသူ့ပဋိသန္ထာရစကားမဆုံးမီ စားသောက်နေလေပြီ။
သူအလိုရှိသည့် ကျွန်ယောက်ျားကျွန်မိန်းမတို့ကိုလည်း ခက်သွက်သွက်ပင် တောင်းဆိုအလှူခံ၏။ တော၌နေသော သူ့ထံတွင် ကျွန်မရှိကြောင်းသိလေလျင် သားနှင့်သမီးကို အလှူခံတော့၏။
စိတ်ဆုံးဖြတ်ပြီးသားသူ့အတွက် သားနှင့်သမီးကိုလှူရန် အခက်အခဲမရှိ ။ လှူမည်ဟု ပြောပြီးချိန်တွင်မူ သူ့နံဘေးနား ကစားနေသည့်နေရာတွင် ဇာလီတို့ မရှိပြီ။ ပုဏ္ဏားအိုကလဲ မျက်ရိပ်ပြကာ သွားခိုင်းသည်ဟု အပြစ်ဆိုနေလေပြီ။ ခေါ်သော်လည်း ခွန်းမတုံ့။ ရှာသော်လည်းမတွေ့။
ရေကန်ဆီသို့ သွားသည့် ခြေရာလေးများကို တွေ့မှ သဘောပေါက်ရတော့သည်။ ဆင်းရာရှိပြီး တက်ရာမရှိ။ ရေစပ်ဆီမှကြာရွက်ကြီး နှစ်ရွက်မှာလည်း ဖောင်းဖောင်းကြွကြွ။ အဖေ့ပါရမီဖြည့်ကြပါကွာဟု သူပြောလေမှ ကြာဖက်အောက်က မောင်နှမ ထွက်လာကြသည်။
ငယ်လှသေးသည့် ကဏှာကို ချန်ထားခဲ့ပါရစေဟူသည့် သားတော်ကြီးစကားကိုကြားတော့ သူ့နှလုံးသားသူ့ဆုံးဖြတ်ချက်တို့ ယိုင်နဲ့နဲ့ ဖြစ်ရသေးသည်။
ရေစက်သွန်းချ လှူတန်းလိုက်သည့်နောက် သားနှင့် သမီးကို သူ့ရှေ့တွင်ပင်နွယ်ကြိုးနှင့် တုပ်နှောင်လေတော့ သူတားမြစ်မိသည်။
ဇာလီ၏ ကူရာမဲ့သောမျက်လုံးလေးများ၊ ကဏှာ၏ အပြစ်မသိ ဖြူစင်သောမျက်လုံးလေးများ။ သူ့နှမလေးကိုဆုပ်ကိုင်ထားသည့် ဇာလီ၏ လက်ကလေးများ။
ဒါတွေအာလုံးကို ကျောခိုင်းလိုက်တော့ ပုဏ္ဏားအို၏ ခြိမ်းခြောက်မောင်းမဲသံ သဲ့သဲ့နှင့် သူတို့ထွက်ခွာသွားကြသည့် ခြေသံတို့ကို ကြားလိုက်ရသည်။
သူနေရာတွင်ပြန်ထိုင်၍ အာရုံပြုနေကျ ထွက်သက်၀င်သက်ဆီ စိတ်ကိုကြိုးစားပို့မိသည်။ မည်မျှကြာသွားသည်မသိ ။ဇာလီ၏ အသံလေးများ ၊ ကဏှာဇိန်၏ ငိုသံသဲ့သဲ့ကို အာရုံတွင်ကြားမိသလိုရှိ၏။
အလို...
အာရုံမှာ ကြားမိတာမဟုတ်။ တကယ်အမှန်ပင် ငိုယိုလျက် သူ့ထံပြေးလာသည့် ဇာလီနှင့်ကဏှာကို ဖွင့်ကြည့်မိသည့် မျက်၀န်းမှ မြင်လိုက်သည်။
ငါ့သားတို့ ငါ့သမီးတို့ ဘာများ ဖြစ်လာပါလိမ့်။
အနားရောက်လာသည့် ဇာလီကိုယ်တွင် အရှိုးရာများ၊ မျက်နှာတွင်မျက်ရည်တို့စိုလူးလျက် ။ ကဏှာ၏ နုသောအသားလေးတွင် ဆူးခြစ်ရာများ သွေးစို့လျက်။
သားတို့ကို စားမဲ့ ဘီလူကြီးထင်တယ် ခမည်းတော်ရဲ့ ဟူသည့် ဇာလီ့ အသံ မဆုံးခင် နောက်မှ အလျင်အမြန်ပါလာသည့် ပုဏ္ဏားသည် သားတို့ကို သူ့ရှေ့တွင်ပင် ရိုက်နှက်ခါ နွယ်ကြိုးဖြင့် တင်းကျပ်အောင်တုပ်နှောင်ပြီး တွန်းထိုးဆွဲခေါ်၏။
နာကျင်စွာ ငိုကြွေးလိုက်သည့် ကဏှာ၏ အသံလေးပျံ့လွင့်လာချိန်တွင် သူသည် ကျောင်းသင်္ခမါးပေါ်ရှိ သံလျက်ကို တက် ယူမိတော့သည်။
ငါ့သမီလေးဟာ နို့တောင်မပြတ်သေးဘူး ပုဏ္ဏားယုတ်ရဲ့။ ငါဟာ ဘုရင်တပါး။ ငါ့သားငါ့သမီးကို သင်နှိပ်စက်လို့ ရရိုးလားဟူသည့် အတွေးဖြင့် ပုဏ္ဏားကို သံလျက်နှင့်ပိုင်းကာ သားနှင့်သမီးကို ပြန်ခေါ်ရန် ပြေးဆင်းခဲ့သည်။
သို့သော်..........
ထိုသို့သော ဆင်ခြင်ခြင်း၏ အောက်၀ယ် ၀င်သက်ထွက်သက်ကို မှန်မှန်ရှူ၍ သူ့စိတ်ကို သိမ်းလိုက်ပါသည်။ လှူအပ်ခဲ့သည့် ဒါနအမှူကို အာရုံပြုရင်း သားတို့အသံ ဝေးကွာ တိတ်ဆိတ် သွားသည်ကို သတိအစဥ်ဖြင့် သိနေမိ၏။
ထို အဆုံးတွင်.......
ဝင်္ကပါသည် အတိတ်ဆိတ်ကြီး တိတ်ဆိတ်၍ သွားလေသတည်း။
#MYND
Keep Reading