Seider
ဦးဖိုးကျားရဲ့ မယ်မျှင်(ကိုယ်တွေ့ဝတ္ထု)ထဲက ၄/၅နှစ်တာကာလအတွင်း မပြောဖြစ်ဘဲ ကျန်ရစ်နေသည့် ပြောင်းလဲသွားတဲ့အကြောင်းတချို့
(ဤအကြောင်းအရာတို့မှာ ဦးဖိုးကျား၏ “မယ်မျှင်”ဝတ္ထုအား စိတ်ကူးယဉ်ဖြစ်ရပ်များ ထည့်သွင်းရေးသားထားခြင်း ဖြစ်ပါသည်)
မယ်မျှင်ဖတ်ဖို့ ဦးဖိုးကျားသည် အိမ်မှ စာအုပ်တချို့ယူလာပေးပြီးနောက် မယ်မျှင်ခမျာ ကျေးဇူးတင်လွန်း၍ အံ့ဩမှင်သက်စွာဖြင့် ကျန်ရစ်ခဲ့သည်။
နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ မယ်မျှင်၏ လက်ဖက်ရည်ဆိုင်လေးမှာလည်း တဖြည်းဖြည်း ပို၍စိုပြေလျက်ရှိလာခဲ့လေသည်။ မယ်မျှင်သည် အသက်ငယ်သော်လည်း စာရင်းအင်းကိုလည်း နိုင်နင်းလေ၏။ မောင်ငယ်ဖြစ်သူနှင့် သူ(မ) နှစ်ဦးတည်းသာ ရုန်းကန်နေ၍ ချိုးခြံချွေတာတတ်သည်မှာလည်း ပြောစရာပင်မလိုပေ။
ဒီဇင်ဘာ၏ ဆောင်းလေအေးများ တိုက်ခက်လျက်ရှိသော နံနက်ခင်းတစ်ခုနှင့်အတူ မယ်မျှင်၏ဆိုင်လေးသည်လည်း ကျကျနန ပြင်ဆင်ပြီး ဆိုင်ဖွင့်လျက်ရှိနေပြီ ဖြစ်သည်။ ထိုစဉ် လူငယ်တချို့ စကားစမြည်ပြောဆိုရင်း ဆိုင်အတွင်းသို့ ဝင်လာလေသည်။ ထိုသူတို့ကို မြင်သော် မယ်မျှင်မှဆိုင်အတွင်း ကောင်တာကနေ၍ အကဲခက်လျက်ရှိနေသည်။ သန့်သန့်ပြန့်ပြန့်ဝတ်စားထား၍ ပြောဆိုနေကြသည်မှာလည်း ရုပ်ရှင်တစ်ခုအကြောင်းဖြစ်ဟန်တူသည်။
ထိုစဉ် စားသောက်စရာများမှာယူရန် ဆိုင်အတွင်းသို့ ဝေ့ဝိုက်ကြည့်နေသည်ကို မယ်မျှင်ကသိလိုက်၍ ကောင်တာမှ ထကာ ထိုသူတို့ထိုင်သော စားပွဲအနားသို့သွားလေသည်။
“အစ်ကိုတို့ ဘာများသုံးဆောင်မလဲရှင့်”
ထိုစဉ် လင်းဝင်းသောမျက်လုံးတစ်စုံက ကမ္ဘာကြီးအားမေ့သွားဟန်ဖြင့် မယ်မျှင်အား စိုက်ကြည့်နေသည်။
“ ဟေ့ရောင်၊ မေးနေတယ်လေ”
“ဪ..အေ”
အူလည်လည်ဖြစ်နေသော သူငယ်ချင်းကို စိတ်မရှည်၍ ဝိုင်းထဲမှ အခြားတစ်ယောက်က
“ လက်ဖက်ရည်နဲ့ ရှိတဲ့မုန့်ပဲ ချပေးပါ “
“ ဟုတ်ကဲ့ရှင့် “
သည်လိုနှင့် ထိုလူငယ်တို့မှာ ဆိုင်သို့မကြာမကြာရောက်လာလျက်ရှိသလို လူငယ်တို့ထဲမှ တစ်ဦးမှာလည်း ဆိုင်အတွင်းသို့ ရှာဖွေသောအကြည့်တို့ဖြင့် မိမိအား မကြာမကြာကြည့်တတ်ကြောင်း မယ်မျှင်မှ သတိထားမိလာ၏ ။ မယ်မျှင်သည်လည်း ထိုလူငယ်တို့ ဆိုင်သို့လာတိုင်း ဂရုတစိုက်ကြည့်မိတတ်သည်။ အကြည့်ချင်းဆုံလျှင်ပင် ရင်ခုန်တတ်စအရွယ်မို့ မယ်မျှင်သည်လည်း မိမိအားကြည့်တတ်သော လူငယ်အား မရဲတရဲနှင့် ပြန်၍ကြည့်တတ်၏။
တစ်ရက်သော် မယ်မျှင်နှင့် အကြည့်ချင်းဆုံနေကျ လူငယ်မှာ ဆိုင်သို့ တစ်ဦးတည်းရောက်လာလေ၏။
“ လက်ဖက်ရည်ပဲလားရှင့်”
“ဟုတ်ကဲ့ဗျ။ ဒါနဲ့…ညီမနာမည်က ဘယ်လိုခေါ်သလဲ”
“မယ်မျှင်ပါ”
“ ညီမက အသက်ဘယ်လောက်ရှိပြီလဲ”
“ ရှေ့လကမှ ၁၈ပြည့်တာပါ”
“ ဆိုင်ကိုရောက်ရောက်နေတာကြာပါပြီ”
“ ဟုတ်ကဲ့ ညီမ သတိတော့ထားမိပါတယ်”
“ ညီမကိုစကားပြောချင်ပေမယ့် ဘယ်ကဘယ်လိုစပြောရမလဲ မသိတာနဲ့ အခုမှ ပြောဖြစ်တယ်။ ညီမက အသက်ငယ်ပေမယ့် ဆိုင်ကိုလည်း ဂရုတစိုက်ပြင်ဆင်နိုင်တယ်နော်”
“ ဒါပေါ့ရှင်။ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ ကိုယ့်မှာရှိတဲ့ ညဏ်အစွမ်းအစ၊ ဗဟုသုတတွေနဲ့ အသေအချာ စီမံပြီးလုပ်ဆောင်ရင် မိန်းမတွေလည်း ဘယ်နေရာမဆို ဦးဆောင်လို့ရပါတယ်။ “
“ အစ်ကိုကလည်း အဲဒီလို ထက်ထက်မြက်မြက်ဖြစ်တာကို သဘောကျတာ “
“ရှင်.. “
ထိုနေ့မှစ၍ ထိုလူငယ်မှာ သူငယ်ချင်းများနှင့်အတူမဟုတ်တော့ဘဲ ဆိုင်သို့ တစ်ကိုယ်တည်း မကြာခဏရောက်လာလေ၏။ ရောက်လာတိုင်းလည်း မယ်မျှင်နှင့် စကားလက်ဆုံပြောတတ်ကြ၍ နှစ်ဦးသား အတော်ပင် ရင်းနှီးကျွမ်းဝင် ရှိခဲ့ကြပြီဖြစ်၏။ ထိုလူငယ်၏ မိဘများမှာ စီးပွါးရေးအတော်အတန်ပြေလည်ကြသလို သားဖြစ်သူကိုလည်း လိုလေသေးမရှိ ပံ့ပိုးပေးကြ၏။ သားဖြစ်သူ၏ ဆုံးဖြတ်ချက်တိုင်းကိုပင် လိုက်လံပိတ်ပင်တတ်သော မိဘများမဟုတ်၍ သားဖြစ်သူသည်လည်း မိဘများအပေါ် အတော်လေးကျေးဇူးသိတတ်သူဖြစ်လေ၏။
ဤသို့ဖြင့် ဆိုင်သို့မကြာခဏရောက်နေရင်း ထိုလူငယ်မှာ ရက်အနည်းငယ်လောက် ရောက်မလာဘဲပျောက်သွားလေ၏။ မယ်မျှင်သည်လည်း စိတ်ထဲ၌ရှိနေ၍ ဆိုင်အဝင်အဝသို့ မျှော်ကြည့်နေတတ်၏။
နောက်တစ်ရက်၊နှစ်ရက်ခန့်ရှိသော် ထိုလူငယ်မှာ ဆိုင်းမဆင့်ဗုံမဆင့်ဘဲ ဆိုင်သို့ရောက်လာ၍ မယ်မျှင်အား ပြောလိုသည်များကို ကရားရေလွတ်ပြောတော့လေ၏။ မိမိသည် ရက်အနည်းငယ်ကြာလျှင် သင်္ဘောတက်တော့မည်ဖြစ်၍ တွေ့ရတော့မည်မဟုတ်ကြောင်း၊ သို့သော်လည်း သတိတရရှိနေမည်ဖြစ်ကြောင်း၊ ဘာကြောင်း၊ ညာကြောင်း ပြောနေ၍ မယ်မျှင်လည်း ကြောင်အမ်းအမ်းဖြစ်လျက် နားထောင်နေ၏။ ထိုနောက်မှ မြင်မြင်ချင်းပင် စိတ်ဝင်တစားရှိခဲ့ကြောင်း၊ မိဘနှစ်ပါးလုံး ဆုံးပါးခဲ့ပြီးနောက် မောင်ငယ်နှင့်အတူ ဝမ်းရေးအတွက် ရှာဖွေနေသည်ကိုလည်း မယ်မျှင်နှင့်သိကျွမ်းနေချိန်အတွင်း သူ(မ)ပြောပြ၍ သိရှိပြီးဖြစ်ကြောင်း၊ မယ်မျှင်မှ ဤဆိုင်လေးအား သည့်ထက်ပိုအောင်မြင်အောင်လုပ်ဆောင်လိုသည်ကို မိမိအနေဖြင့် ပါရမီဖြည့်ကာ အကောင်အထည်ဖော်ပေးလိုကြောင်း၊ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ မယ်မျှင်အား ပို၍မေတ္တာရှိလာကြောင်း ရင်ထဲသိမ်းထားသည်များကို ထုတ်ပြောနေတော့လေသည်။
“ မသွားခင်တစ်ရက်တော့ အစ်ကိုထပ်လာခဲ့ပါဦးမယ်။ အခုရက်တွေက အလုပ်နည်းနည်းရှုပ်နေလို့။ အစ်ကိုပြောတာတွေကို ညီမ အသေအချာစဉ်းစားပေးစေလိုတယ်။ “
မယ်မျှင်သည်လည်း စိတ်ထဲ၌ ဝမ်းနည်းသလို ပျော်သလိုနှင့်ပင် ဖြစ်လျက်ကျန်နေခဲ့၏။ ဝမ်းနည်းသည်မှာ မိမိဆိုင်သို့ လာရောက်သုံးဆောင်နေကျ စားသုံးသူတစ်ဦးလျော့သွားမည်ကိုလား၊ ထိုလူငယ်အား မတွေ့ရတော့မည်ကိုလား ၊ မသဲမကွဲဖြစ်လျက်ရှိနေ၏။ သို့သော် ကြည်နူးနေသော အပြုံးတို့ဖြစ်ပေါ်လာပုံအား ရှင်းပြရန်ပင် လိုမည်ဟု မထင်ပါ။
သည်လိုနှင့် တစ်နှစ်နီးပါးအကြာ ထိုလူငယ် ပြန်ရောက်ပြီး လအနည်းငယ်အကြာမှာတော့ လူကြီးမိဘ စုံစုံညီညီဖြင့် လက်ထပ်ကြတော့လေသည်။
အဲဒီနောက် ယခင်အိမ်ဆိုင်လေးမှသည် နှစ်ထပ်အိမ်ကောင်းကောင်းကြီးတစ်လုံးအဖြစ် ရှိနေကာ လက်ဖက်ရည်ဆိုင်လေးသည်လည်း ပို၍ပင် စည်စည်ကားကားဖြစ်လာလေသည်။
တစ်ရက်သော် စာအုပ်စင်မှ စာအုပ်တချို့ကိုယူရင်း ငယ်စဉ်က စာဖတ်တတ်စအချိန်များကို ပြန်၍တွေးတောနေလေ၏။ ထိုစဉ် မယ်မျှင်သတိရသွားသည်မှာ လွန်ခဲ့သော ၄/၅နှစ်က မိမိအား စာဖတ်ချင်စိတ်တိုးပွါးလာစေဖို့ အားပေးခဲ့သူ ဦး(သို့) ဦးဖိုးကျား ဖြစ်၏။ ထို့နောက် ကျေးဇူးဆပ်ချင်စိတ် တဖွားဖွားပေါ်လာကာ ပေးလိုက်သော စာအုပ်များ၏ စာအုပ်တိုက်များမှတဆင့် စုံစမ်းကာ ဦးဖိုးကျားထံ စာရေးမည့်အတွေး ဝင်လာလေတော့သည်။
Keep Reading