A Aain
[ ငါတို့နောက်မှ မွေးဖွားသူများသို့ ]
တကယ်ပါ ငါဟာ အမှောင်ခေတ်ထဲမှာ
နေရတယ်
မုသားမပါတဲ့ စကားဟာ မိုက်တာပဲ
ချောမွတ်တဲ့ နဖူးဟာ အာရုံခံစားမှု
ကင်းမဲ့ခြင်းကို ညွှန်ပြနေတယ်...
ရယ်တဲ့ လူဟာ ကြောက်ဖွယ်သတင်းကို
မကြားရသေးဘူး။
ဘယ်လိုခေတ်လေလဲ။ ဒီခေတ်မှာ
သစ်ပင်ပန်းပင်အကြောင်း ပြောနေတာ
ရာဇဝတ်မှုပဲ။
များလှတဲ့ ရက်စက်မှုတွေအကြောင်း
ငြိမ်ဆိတ်နိုင်ရာ ကျနေတာကိုး...။
လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်
နေလေသူ သူဟာ လိုအပ်နေသူ
သူ့မိတ်ဆွေတွေဆီ
မရောက်နိုင်တော့ဘူးတဲ့လား။
ငါဟာ အသက်မွေးလို့ ရနေသေးတာ
အမှန်ပဲ။
ဒါပေမဲ့ ယုံပါ၊ ဒါ ကံအားလျော်စွာပါ။
ငါလုပ်သမျှ ဘယ်အရာကမှ ဗိုက်ဝဝ
ရှိပိုင်ခွင့်နဲ့ မထိုက်ဘူး။ ကံအားလျော်စွာ
ငါလွတ်သွားတယ်။ (ကံချော်ခဲ့ရင် ငါလည်း ကိစ္စချောပြီ...)
လူတွေက ငါ့ကို ပြောကြတယ်
"စားပါ၊ သောက်ပါ၊ ခုလိုစားရတာ၊ ဝမ်းသာ ပါလေ” တဲ့။
ဒါပေမဲ့ ငါဘယ်လိုလုပ် စားရက်သောက်ရက်
ပါ့မလဲ ငါ့စားစရာကို ငတ်မွတ်နေသူတွေဆီက
ဆွဲယူရတာ၊ ငါ့ရေတစ်ခွက်ဟာ
ရေငတ်နေသူတွေကို ငတ်ပြတ်စေတဲ့ဥစ္စာ။
ဒါပေမဲ့ ငါကတော့ အစားမပျက် အသောက်မပျက် …။
ငါလည်းပဲ ပညာရှိချင်တာပေါ့
ရှေးကျမ်းစာတွေမှာ၊ ပညာဆိုတာကို
အဓိပ္ပာယ်ဖွင့်ထားပုံက
“လောကရဲ့ ရန်ပွဲက ရှောင်ရှားခြင်း
ကိုယ်မှာ ရလာတဲ့၊ တိုတောင်းတဲ့ အချိန်လေးကို
ဘေးရန်ကင်းကင်း ကုန်လွန်နိုင်ခြင်း၊
ပဋိပက္ခမှုမရှိဘဲ နေထိုင်တတ်ခြင်း၊
မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ခြင်း၊
ကိုယ့်လိုအင်ကို မပြည့်စွမ်းဘဲ မေ့ပစ်နိုင်ခြင်း၊
တို့ဟာ ပညာရှိခြင်း မည်၏"... တဲ့ ။
ဒါတွေကို တစ်ခုမှ မလုပ်နိုင်ဘူး ...
တကယ်ပဲ ငါအမှောင်ခေတ်ထဲမှာ နေရတယ်။
(၂)
ငတ်မွတ်ခြင်း မင်းမူနေချိန်
ရှုပ်ထွေးနေတဲ့ အချိန်မှာ ငါ မြို့တွေဆီ
ရောက်လာခဲ့တယ်။
သူပုန်ထနေချိန် ငါ လူတွေကြား
ရောက်လာခဲ့တယ်။ ငါလည်း သူပုန်ထတော့တာပေါ့။
ဒီလိုနဲ့ ကုန်လွန်လို့သွား
မြေကြီးပေါ်မှာ ငါနေရမယ့် နေ့များ။
ငါဟာ တိုက်ပွဲတွေကြား အစာစားရတယ်။
လူသတ်သမားတွေကြား လှဲအိပ်ရတယ်။
စိတ်ထက်သန်မှုမပါဘဲ အချစ်ကိစ္စ
ဆောင်ကြဉ်းတယ်။
စိတ်မရှည်နိုင်ဘဲ ဩကာသလောကကို
ကြည့်မိတယ်။
ဒီလိုနဲ့ ကုန်လွန်လို့သွား မြေကြီးပေါ်
ငါနေရမယ့် နေ့များ။
ငါ့ခေတ်မှာ လမ်းတွေဟာ နွံတောတွေဆီ
ရောက်သွားတယ်။ စကားက ငါ့ကို
လူသတ်သမားဆီ သစ္စာဖောက်ခဲ့တယ်။
ငါ ဘာမှ မတတ်စွမ်းဘူး။ ဒါပေမဲ့
အုပ်စိုးသူတွေဟာ ငါမရှိရင် ပိုစိတ်ချ
လက်ချ ထိုင်နေနိုင်ကြ လိမ့်မယ်လို့ ထင်မိတယ်။
ဒီလိုနဲ့ ကုန်လွန်လို့သွား
မြေကြီးပေါ် ငါနေရမယ့် နေ့များ။
ငါတို့အင်အားစုက မတောင့်လှဘူး။
ပန်းတိုင်က အဝေးကြီးမှာ တည်နေတယ်။
ထင်ထင်ရှားရှားတော့ အမြင်ရသား။ ဒါပေမဲ့
ငါ့အဖို့ ရောက်နိုင်မယ် မထင်ရချေဘူး။
ဒီလိုနဲ့ ကုန်လွန်လို့သွား
မြေကြီးပေါ် ငါနေရမယ့် နေ့များ။
(၃)
ငါတို့ စုန်းစုန်းမြုပ်သွားရာ ဒီလှိုင်းထဲက
တက်ပေါ်လာကြမယ့် အို အသင်တို့
သတိရကြပါ...
ငါတို့ရဲ့ ပျော့ညံ့ပုံကို စကားစပ်မိတဲ့အခါ
မင်းတို့ လွတ်မြောက်ရပြီဖြစ်တဲ့
အမှောင်ခေတ်ကိုလည်း သတိရကြပါ
ဖိနပ်ပြောင်းစီးရတာထက် နိုင်ငံပိုပြောင်းကြရတဲ့
ခေတ်၊ လူတန်းစားစစ်ပွဲကို ကြံ့ကြံ့ခံကြရ
မတရားမှုသာ ရှိပြီး ပုန်ကန်ထကြွမှု မရှိတဲ့
ခေတ်၊ အင်း ဒီလိုခံရရက်နဲ့ပဲ ငါတို့သိပါတယ်။
ယုတ်ညံ့မှုကို မုန်းခြင်းကလည်း
မျက်နှာခွက်တွေကို အရုပ်ဆိုးစေတယ်။
မတရားမှုတွေကို ဒေါသဖြစ်ခြင်းကလည်း
အသံတွေကို စူးဝါးစေတယ်။
မေတ္တာတရား ပွားများရေးအတွက် နယ်မြေကို
ရှင်းလင်းလိုသူ ငါတို့ဟာ
မေတ္တာမထားနိုင်ကြပါပဲလား။
ဒါပေမဲ့ မင်းတို့ဟာ လူလူချင်း ကူညီရိုင်းပင်းတဲ့
ခေတ်ကို ရောက်နေပြီဆိုရင်
ငါတို့ကို သည်းခံစိတ်နဲ့သာ
သတိရကြတော့. . .။
[ မောင်သာနိုး ဘာသာပြန်သည် ]
▪
Keep Reading