အောင်မြင်မှုရဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဟာ “ကိုယ်ဖြစ်ချင်တာကို တကယ်ဖြစ်နေသလို ပြုမူပါ” တဲ့။
ဆိုလိုတာက ကျွန်တော်တို့ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်သူတွေလို ပြုမူပါ၊ ဝတ်စားဆင်ယင်ပါ၊ ပြောပါ။ ခံစားပါ။ တွေးပါ။ တစ်နည်းအားဖြင့် အောင်မြင်နေသူတွေကို အတုယူအတုခိုးခိုင်းခြင်းပါပဲ။
“ဖြစ်ချင်တာကို တကယ်ဖြစ်နေသလိုပြုမူပါ” ဆိုတဲ့ စကားကို ကျွန်တော် ပထမဆုံးသတိပြုမိခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါ ကျွန်တော်အင်္ဂလိပ်စာအုပ်တစ်အုပ်မှာ ဖတ်ခွင့်ရလိုက်တာပါ။
ကျွန်တော်တို့မြို့က ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်တာကို လက်ခံလုပ်ပေး နေကြတဲ့ ဘဏ်စာရေးတွေ အများကြီး ရှိကြပါတယ်။
သူတို့ဟာ ရှပ်အင်္ကျီလက်ရှည်ဝတ်ပြီး လည်စီးကိုစည်းထားကြတယ်။ ဒါပေမယ့် စာရေးတစ်ယောက်ကတော့ အမြဲတမ်း ကုတ်အင်္ကျီနဲ့ လည်စီးကို စမတ်ကျကျဝတ်ဆင်ထားလေ့ရှိတယ်။ နောက်ပြီး သူ့ရဲ့ ပြောပုံဆိုပုံနဲ့ ဘဏ်မှာ ငွေသွင်းငွေထုတ်လာလုပ်သူတွေကိုဆက်ဆံပုံကြည့်ရတာ ဘဏ်အရာရှိတစ်ယောက်နဲ့ တူနေပါတယ်။
တစ်နှစ်အကြာမှာ သူ့ကိုချေးငွေလျှောက်လွှာတွေကို စိစစ်လက်ခံတဲ့ စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေတာကို တွေ့ရတယ်။ ၂ နှစ်ကြာတော့ သူဟာ ချေးငွေတွေကို ထုတ်ပေးဖို့ ဆုံးဖြတ်ပေးတဲ့ အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်။ ၃ နှစ်ကြာပြန်တော့ အဲဒီဘဏ်ရဲ့ ဌာနခွဲမန်နေဂျာအဖြစ် ရာထူးတိုးသွားပြန်ပါတယ်။
သူဟာ ဘဏ်စာရေးတွေထဲမှာ အရင်ဆုံး ဘဏ်မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ သူနဲ့ကျွန်တော်ဘဏ်မှာ မကြာခဏ ဆုံတွေ့ကြလို့ အတော်လေး ခင်မင်ရင်းနှီးသွားကြတယ်။ တစ်ရက်မှာ ကျွန်တော် သူ့ကို ဘယ်လိုကြောင့် ခုလို မြန်မြန်ထက်ထက် ရာထူးတိုးသွားရတာလဲလို့ မေးကြည့်တယ်။ သူက ပြောပြတယ်။
သူဟာ တစ်နေ့မှာ မန်နေဂျာဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်နေခဲ့တယ်။ ဒါကြောင့် မန်နေဂျာတစ်ယောက်လို ဝတ်စားတယ်။ သူ့အထက်က မန်နေဂျာတွေဟာဘဏ်ကို လာကြတဲ့ ဖောက်သည် တွေကို ဘယ်လို ပြောဆိုဆက်ဆံတယ်ဆိုတာကို သေသေချာချာ စောင့်ကြည့် လေ့လာမှတ်သားတယ်။
မန်နေဂျာတွေ ပြောဆိုပြုမူတာတွေကို အတုယူပြီးလိုက်လုပ်တယ်။ မန်နေဂျာမဖြစ်ခင်ကတည်းက မန်နေဂျာတစ်ယောက်လို ပြောဆိုပြုမူနေခဲ့တယ်။ ဒါကြောင့်လည်း နောက်ဆုံးတော့ သူဟာ တကယ်ပဲ မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။
ကဲ... ဒီကစာဖတ်သူလေးရော ဘယ်လိုလူဖြစ်ချင်ပါသလဲ။ ခုထဲက ကိုယ်ဖြစ်ချင်တဲ့သူလိုမျိုး နေထိုင်ပါ၊ ပြောဆိုပါ၊ ဝတ်စားပါ၊ ပြုမူပါ။ တနေ့ စာဖတ်သူလေးဖြစ်ချင်တဲ့သူ ဖြစ်ကိုဖြစ်ရပါမယ်ခင်ဗျာ။
ᏂᏗᏒᏬᏦᎥ ( April 21, 2024 . 3:50 PM )
Keep Reading