Author's Profile Photo

သင်္ခါရ လောကသား

16/11/2024

သီတင်းကျွတ်နှင့် တန်ဆောင်မုန်း

7 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

ကုသလာဓမ္မာ၊ အကုသလာဓမ္မ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာခုနှစ်ကျမ်းကို ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရားရှင်က သာဝတိံသာနတ်ရွာတွင် အောင်မြင်စွာ ဟောကြားတော်မူပြီးနောက် လူပြည်သို့ပတ္တမြားစောင်းတန်းဖြင့် လက်ယာဘက်တွင် ရွှေလက်ရန်းတော် နှင့် နတ်အစုံအစုံတို့ လည်းကောင်း လက်ဝဲဘက်တွင် ငွေလက်ရန်းတော် နှင့် ဗြဟ္မာအစုံအစုံတို့ နှင့် ပြန်လည်ကြွမြန်းလာသော အချိန်အခါသမယကို ဝါကျွတ်သည့် သီတင်းကျွတ်ကာလဟုပင်ခေါ်ဆိုကြသည်။

ပိဋကတ်သုံးပုံဖြစ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တို့တွင် သုတ္တန်တရားတို့ထက် အဘိဓမ္မာတရားတော်သည် ပို၍သာလွန်ထူးခြားသောကြောင့် အဘိဓမ္မာဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်ချင်သဖြင့် ဗုဒ္ဓဘုရားရှင် ၇ဝါအရောက် သက်တော် ၄၂နှစ်တွင် အဘိဓမ္မာတရားတော်ကို သာဝတိံသာနတ်ပြည်နတ်ရွာ၌ ဟောကြားတော်မူလေသည်။ မယ်တော်မိနတ်သားကို အမှုးပြုသော နတ်၊ဗြဟ္မာအပေါင်းတို့လည်း မယ်တော်မိနတ်သားနှင့်အတူ အဘိဓမ္မတရားတော်ကိုနာယူကြလေသည်။

ဘုရားရှင်သည် နိမ္မိတဗုဒ္ဓအမည်ဖြင့် ကိုယ်ပွား ကိုဖန်ဆင်း၍ လူ့ပြည်တွင် မိမိပြုဖွယ်ကိစ္စအစုံစုံကိုဆောင်ရွက်သည်။ ထို့နောက် ပကတိ ဘုရားရှင် အနေဖြင့် နတ်ပြည်သို့ တရားဟောပြန်သည်။ ဗုဒ္ဓဘုရားရှင် လူ့ပြည်သို့ ခေတ္တခဏ သီတင်းသုံးတော်မူစဥ် ရှင်သာရိပုတ္တရမထေရ်အား အဘိဓမ္မာကျမ်း၏ အကျဥ်းနည်းကို သင်ကြားပေးလေသည်။ သာဝတိံသာနတ်ပြည်နတ်ရွာ၌ အဘိဓမ္မာ ဟောကြားခြင်း ပြီးဆုံးချိန်နှင့် ရှင်သာရိပုတ္တရာမထေရ် အဘိဓမ္မာသင်ယူခြင်းပြီးဆုံးချိန် တပြိုင်နက် တစ်ချိန်နက်ပင်ဖြစ်ပေသည်။ အဘိဓမ္မာတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူ၍ ၇ကျမ်းပါရှိသည်။ သာမန်လူသားတို့ သိမြင်နိုင်ရန် အလွန်ခက်ခဲလှသော အဘိဓမ္မာကျမ်းသည် ထူးမြတ်၍ ကျယ်ဝန်းလှသည်။ မနုဿလူသားတို့အတွက် အရှင်အနုရုဒ္ဓက အဘိဓမ္မတ္ထသင်္ဂဟ ခေါ် သင်္ဂြိုဟ်ကျမ်းကို ရေးသားစီရင်ပြုစုခဲ့သည်။ သို့သော် အဘိဓမ္မာတရားတော်၏ လိုရင်းသဘောတို့မှာ တိမ်မြုပ်နေသည်။ လူ့ပြည်လူ့လောက၌ တည်ရှိသော အဘိဓမ္မာတရားတော်တို့သည် ရှင်သာရိပုတ္တရာ ၏ စကားအစီရင်များဖြစ်သည်။ ထို့ကြောင့်တချို့သော ဟောကြားချက်အဆိုတို့မှာ ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်များ မပါဘဲ ရှင်သာရိပုတ္တရာ၏ ဟောကြားချက်များသာ ဖြစ်သည်။ အဘိဓမ္မာတရားတော်ကိုအကျယ်နည်းဖြင့် နတ်၊ဗြဟ္မာတို့အား ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူလေသည်။ လင်းနို့ငါးရာ ဖြစ်ခဲ့ဖူးသော ရဟန်း ငါးရာတို့ကို မကျဥ်းမကျယ် အလယ်အလတ် နည်းဖြင့် ရှင်သာရိပုတ္တရာက ဟောကြားတော်မူလေသည်။ အဘိဓမ္မာတရားတော်သည် အမေ့ကျေးဇူးအားဆပ်သည့်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာ ဟောကြားခြင်း၊ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံစေသော ပကတိဘုရားတလှည့် နိမ္မိတဘုရားတလှည့် နှင့် ဟောကြားတော်မူခြင်း၊ ထိုမျှမက အဘိဓမ္မာတရားတော်သည် ပါဠိဘာသာ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်နက်နဲခြင်း နှင့် ဟောကြားပုံအစီအစဥ်နက်နဲခြင်း ဟူသော နက်နဲခြင်းများနှင့်လည်း ပြည့်စုံတော်မူပေသည်။ အဘိဓမ္မာတရားတော်သည် စိတ်အကြောင်းအရာပညာ၊ သူတော်ကောင်းကျင့်စဥ်ပညာ၊ အကြောင်းအကျိုးစီလျော်စွာမြင်သောပညာ ဟူသော ပညာရပ်သုံးရပ် ပါဝင်သောကြောင့်  ရိုးရိုးစိတ်ပညာ၊ ရိုးရိုးသူတော်ကောင်းကျင့်စဥ်ပညာ၊ ရိုးရိုး အကြောင်းအကျိုးစီလျော်စွာမြင်တတ်သော ပညာတို့ထက် ထူးကဲသာလွန်ကြောင်း ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အဘိဓဇမဟာရဠဂုရု၊ အင်္ဂမဟာပဏ္ဍိတ၊ ပထမကျော်ဆရာတော်ကြီး အရှင်သေဋ္ဌိလက ဟောကြားတော်မူခဲ့သည်။ အဘိဓမ္မာတရားတော်သည်  မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်းဖြစ်သကဲ့သို့ နာယူသူ၊ ရွတ်ဆိုသူတို့အား ဘေးဥပအန္တရာယ်အဖြာဖြာကင်းဝေးစေသည်။ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်လဲပြည့်စုံစေနိုင်ပေသည်။ ထိုသို့သောအကြောင်းအရာတို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း ခေါ်ဝေါ်ပြောဆိုသမုတ်ကြလေသည်။

မြတ်စွာဘုရားရှင်သည် မယ်တော်သန္တုဿိတနတ်သားကို ကျေးဇူးတရားဆပ်ရန် အဘိဓမ္မာတရားတော်မြတ်အား ဝါတွင်းသုံးလလုံး ဟောကြားတော်မူပြီးသည့်နောက် သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးတော်မူလေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်တော်မူသဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်အပေါင်းတို့သည် ထိုနေ့တွင် လွတ်လွတ်ကျွတ်ကျွတ်သွားလာ လှုပ်ရှား၍ မိမိပြုသင့်ပြုအပ်သော လုပ်ဆောင်ချက်တို့အား အချုပ်အချယ်မရှိ ပြုလုပ်နိုင်ပေသည်။ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆိုကြကုန်သော သံဃာတော်တို့သည် အလွန်ထူးမြတ်သော ကထိန်အလှုတော်တို့ကို ခံယူတော်မူထိုက်ပေသည်။ လောကီလူသားတို့မှာလည်း ဝါကျွတ်သဖြင့် အိမ်ထောင်ရာများပြုနိုင်ကြပေသည်။ မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်တော်မူသော သီတင်းကျွတ်လပြည့်နေ့ကိုလည်း ဘုရားဆုပန်နေ့ ဟူ၍ ခေါ်ဆိုကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်ပြန်လည် ဆင်းသက်လာသည်ကို ယူဇနာ သုံးဆယ့်ခြောက် ယူဇနာအတွင်းရှိကြကုန်သော ပုရိသ ပရိသတ်အားလုံးတို့သည် ဘုရားရှင်၏ သရေတော်ကို မြင်တော်မူကြ၍ ကြည်ညိုဝမ်းမြောက်ကာ ဘုရားဆုကိုမပန်သူမရှိ အားလုံးပန်ကြလေသည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ပြန်လည် ဆင်းသက်လာမည်ကို ဖူးမြှော်လိုကုန်သော လူအပေါင်းတို့သည် ရှင်မဟာမောဂ္ဂလာန်ထံသို့ တိုင်တည်ကြလေရာ ရှင်မဟာမောဂ္ဂလာန်မှတစ်ဆင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံသို့ လျှောက်ထားတော်မူလေရာ မြတ်စွာဘုရားရှင်သည် "ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်" ဟူ၍ မိန့်ကြားတော်မူသဖြင့် ထိုသီတင်းကျွတ်လပြည့်နေ့တွင် လူတို့သည်ဥပုသ်သီလဆောက်တည်တော်မူကြကုန်ပေသည်။ မြတ်စွာဘုရားရှင်သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်မကြွမြန်းခင် တာဝတိံသာနတ်ပြည်နတ်ရွာ၌ ရေမီး အစုံအစုံ တန်ခိုးပြဋိဟာတို့အား ပြသတော်မူလေသည်။ မြတ်စွာဘုရားရှင်၏ ဘုန်းတန်ခိုးတော်တို့ကြောင့် အဆုံးမရှိသော စကြာဝဠာကြီးပင် ဟင်းလင်းပြင်ဖြစ်သွားခဲ့ရသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လောကဝိဝရဏတန်ခိုးတော်မှာထွန်းတောက်လွန်းလှသဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲသားတို့မှာ တစ်ဦးနှင့်တစ်ဦး အထင်အရှား ရှင်းရှင်းလင်းလင်းပင် မြင်ရတော်မူကြကုန်လေသည်။ သီတင်းကျွတ်လပြည့်ညတွင် သင်္ကဿနဂိုရ်ပြည်သို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြန်လည်ကြွမြန်းခြင်းအား ဆီးကြိုသည့်အနေဖြင့် ဆီမီးများထိန်ထိန်သာအောင် ထွန်းညှိကာ ပူဇော်ကြလေသည်။ ဆီမီးပူဇော်ကြသော ဓလေ့သည် ဗုဒ္ဓဘုရားရှင် အဘိဓမ္မာတရားတော်ဟောကြားပြီး၍ပြန်လည်ဆင်းသက်ကြွမြန်းလာသည်ကို ရည်းစူး၍ ယနေ့တိုင် ဗုဒ္ဓဘုရားသက်ဝင်ထင်ရှားနေသယောင် ကြည်ညိုကြကာ ဆီမီးများပူဇော်ကြသည်။  မိမိတို့အိမ်ခန်း၊ တိုက်တာ တို့၏ ပြတင်းတံခါး အပေါက်ဝများတွင်လည်း ကောင်းခြင်းမင်္ဂလာတို့အား ရောက်ရှိစေရန်အလို့ငှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်စူး၍ ဆီမီးများထွန်းညှိပူဇော်ကြလေသည်။ သံဃာတော်မြတ်တို့မှာလည်း ပဝါရဏာ ပြုကြကုန်လေသည်။

လူငယ်လူရွယ်တို့အဖို့မှာလည်း ဝါကျွတ်သည့်သီတင်းကျွတ် ကာလဖြစ်သည့်အလျောက် မိမိချစ်ရသူတို့အားပိုးပန်းကြကာ ထိမ်းမြားလက်ထပ်မင်္ဂလာပြုကြကုန်လေသည်။ ထို့မျှမက မိမိထက်အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ ဝါ အားဖြင့်သော်လည်းကောင်း ကြီးမားကျကုန်သော မိဘ၊ ဆရာသမားပုဂ္ဂိုလ်လူတို့အား မာန်စွယ်မာနများ ချိုးနှိမ်လျက် ဦးချီလက်မိုးကြာငုံဖူးကဲ့သို့ ရှိခိုးဝန်ချတောင်းပန်ကန်တော့ကြလေသည်။ စာသင်သည့်ကျောင်းသားအရွယ်၊ ကျောင်းသူအရွယ်တို့မှာလည်း နှစ်ဝက်စာမေးပွဲကြီး၏ စိတ်ဖိအား စိတ်ဒုက္ခတို့မှာလည်း သီတင်းကျွတ်ကာလ ဘာသာရေးပွဲတော်ပိတ်ရက် ဖြစ်သောကြောင့် အေးချမ်းစွာအပန်းဖြေအနားယူနိုင်ကြသည်။ ချစ်ဖွယ်ကောင်းသော ဗုဒ္ဓဝင်တို့၏ ဓလေ့ဖြစ်သည့် ဆီမီးထွန်းသည့်ဓလေ့အပြင် အပျော်မှအပျက်ဖြစ်စေသည့် ထိခိုက်စေနိုင်သော ဗျောက်အိုးများဖောက်ခွဲခြင်း၊ မူးရူးသောက်စားကြခြင်းသည် ဗုဒ္ဓဝင်တို့၏ သီတင်းကျွတ်ပွဲတော်အချိန်ကာလသမယလေးကို အကြည်အညိုပျက်စေသည်။
ဗုဒ္ဓဘာသာဝင်တို့အဖို့ ဝါကျွတ်သည့်သီတင်းကျွတ်ကာလ၏ မူလအနှစ်သာရအား မပျောက်ပျက်မကွယ်ဖုံးကြစေရန် တာဝန် ဝတ္တရားရှိပေသည်။ အမြတ်တနိုးလေးစား တန်ဖိုးထားသည့်
ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံသာ နတ်ပြည်နတ်ရွာမှ လူ့ဘုံလောက သို့ ထူးမြတ်လှသည့် မိခင်အပေါ် ကျေးဇူးဆပ်ကြောင်းတရားဖြစ်သည့် အဘိဓမ္မာတရားတော်အားဟောကြားပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ကြွဆင်းလာခြင်းဖြစ်လေရာ ထိုကဲ့သို့မွန်မြတ်လှသော သီတင်းကျွတ်လပြည့်နေ့ (ဝါ) ဝါကျွတ်သည့်နေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့ အား ထိန်းသိမ်းရန် မျိုးဆက်သစ် ဗုဒ္ဓဝင်တို့မှာတာဝန်ရှိပေသည်။

သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့မှာလည်း တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသည့် ကထိန်ခင်းပွဲတွင် ပါဝင်တော်မူကြကုန်သော မွန်မြတ်သည့် အလှု၊ ခဲဖွယ်၊ ဘောစဥ်တို့နှင့်ထိုက်တန်တော်မူကြကုန်လေသည်။ ဆီမီး၊ မီးရှုး၊ မီးတိုင် ထွန်းညှိခြင်း ဟုအဓိပ္ပာယ်ရသည့် တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း ဗုဒ္ဓဘုရားရှင်အား အမှောင်ကိုခွင်း၍အလင်းကိုဆောင်သည့် ဆီမီးများဖြင့် ပူဇော်ကြသည်။

မည်သူခွဲခွဲ မကွဲသည့် အတွဲတစ်တွဲကိုလက်ညှိုးထိုးပြရမည်ဆိုပါက တန်ဆောင်မုန်းနှင့် မဲဇလီဖူး(မယ်ဇလီဖူး) ပင်ဖြစ်လေသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးဖက်ဝင်သော မဲဇလီဖူး(မယ်ဇလီဖူး) စားမည်ဆိုပါက ရောဂါဘယ တို့ကိုပျောက်ကင်းစေနိုင်သည်။ ကလေးများနှင့် ကိုယ်ဝန်သည်တို့အတွက် မဲဇလီဖူးစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုသက်သာစေသည်။ အူလမ်းကြောင်းရှင်းလိုပါက မဲဇလီရွက်ကိုအခြောက်လှမ်းပြီး ရေနွေးကြမ်းကဲ့သို့သောက်သုံးလျင်ရသည်။ တန်ဆောင်းမုန်းလပြည့်ညသည် ဆောင်းရာသီအတွင်း ဖြစ်သည့်အလျောက် နှာစေး၊ နှာရည်ယိုခြင်းများ ဖြစ်လေ့ဖြစ်ထရှိသည်။ မဲဇလီမြစ်ကို မီးရှို့၍ အခိုးအငွေ့ကိုရှုပါက နှာရည်ယိုခြင်းပျောက်ကင်းနိုင်သည်။ အအေးမိဖျားနာ ပါက မဲဇလီမြစ်ကို အရည်ပြုတ်သောက်ပါက ပျောက်ကင်းစေသည်။ အရေပြားပေါ်တွင် အယားပြေလိုပါက မဲဇလီ အဆီကိုလိမ်းနိုင်သည်။ မဲဇလီအဆီသည် ဘက်တီးရီးယား ပိုးမွှားများကိုသေစေနိုင်သည်။ မဲဇလီဆီဟာ ကြွက်သားများနှင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ရောင်ရမ်းကိုက်ခဲခြင်းတွေကိုလဲလျှော့ချပေးသည်။ သို့သော် တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ မဲဇလီဖူး အလွန်အကျွံစားမိလျင်လည်း မူးဝေအော့အန်၊ မအီမသာ၊ ရေဓာတ်ဆုံးရှုံး၊ နှလုံးထိခိုက်၊ အသည်းထိခိုက်၊ အူအတက်နှင့်အစာအိမ်တွေကိုပါ ထိခိုက်စေနိုင်သဖြင့် ချင့်ချိန်ပြီးမှသာ စားသုံးသင့်သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မသိုးသင်္ကန်းရက်လုပ်ကပ်လှုပူဇော်ပွဲတော်၊ သာမညဖလပွဲတော်တို့ကျင်းပလေ့ရှိသည်။ အဇာတသတ်
မင်းသည် ဒေဝဒတ်အား ဆရာတင်မိသဖြင့် အမှားတို့အားသင်ပြဆုံးမလေရာ မိမိဖခမည်းတော်ဖြစ်သည့် ဗိမ္ဗိသာရမင်းတရားကြီးအား ခြေဖဝါးကိုဓားမြှောင်ဖြင့် ခွဲ၍ ပါဏာတိပါတာကံ ကျူးလွန်မိခဲ့သည်။ ထိုအချိန်မှစ၍ အိပ်စက်ရန် မျက်ခွံပိတ်မှိတ်လိုက်တိုင်း လှံ၊ဓား ပေါင်းထောင်သောင်း များစွာဖြင့် မျက်လုံးနှင့်ခန္ဓာအား ထိုးသကဲ့သို့ နာကျင်သည့်ဝေဒနာ ခံစားရသဖြင့် မိမိ၏ မှုးမတ်ဝန်ကြီးများ၏ အကြံပေးရာ တိတ္ထိကြီးခြောက်ဦးထံသို့ ထိုဝေဒနာပျောက်ကင်းရန်သွားရောက် ကုစားလေသည်။ သို့သော် ရောဂါဝေဒနာမှာ မပျောက်ကင်းသည့်အပြင်
စိတ်အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ မိမိ၏ ဖခင်အားခြေဖဝါးခွဲ၍ သတ်ထားသဖြင့် စိတ်မချမ်းမြေ့သဖြင့် စိတ်ဝေဒနာပါခံစားလာရသည်။ ဆေးဆရာသမားတော်ကြီး ဇီဝက ၏ အကြံပေးလမ်းညွှန်ချက်ဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံသို့ တရားနာယူရန် သွားရောက်ခဲ့လေရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာမညဖလတရားတော်အား ဟောကြားတော်မူလေသည်။ ထိုအချိန်တွင် အဇာတသတ်မင်းသည် သံဝေဂ ရ၍ ဗုဒ္ဓသာသနာပြုရန်၊ ဗုဒ္ဓဘာသာပိုမိုအဓွန့်ရှည်စေရန် ကြိုးပမ်းလေတော့သည်။ အိပ်မပျော်သည့်ရောဂါ မှာလည်းအရှင်းပျောက်ကင်းလေသည်။ ပထမသင်္ဂါယနာ တင်ပွဲကြီးအား ဖြစ်မြောက်စေရန် ကူညီပေးခဲ့လေသည်။ ဗုဒ္ဓသာသနာနှစ်အားအတိအကျသက်မှတ်ပေးခဲ့လေသည်။ မျိုးဆက်သစ် ဗုဒ္ဓဝင်တို့အတွက် ဓာတ်တော်၊ မွေတော်၊ သာသနာတော် တို့ကိုလည်းထိန်းသိမ်းပြုစုခဲ့လေရာ ကြီးလေးသည့်အပြစ်ဖြစ်သော ဖခမည်းတော်အား သတ်သည့်အတွက်ကြောင့် မဟာအဝီစိငရဲ၌
မကျသင့်တော့ပဲ လောဟကုမ္ဘီရငရဲ၌ နှစ်ပေါင်း ၆သောင်းသာကျခံရလေသည်။
ချမ်းသာခြင်း အလျဥ်းမရှိသော ငရဲမှလွတ်မြောက်ပြီးသော အနာဂတ်ကာလ၌ ဝိဇီတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓ ဘုရားငယ် ဖြစ်လာပေမည်။ သာမညဖလတရားထူးတရားမြတ်မှာ ရှင်သာမဏေရဟန်းဘဝပြုခြင်း၏ အကျိုးအမြတ်များကိုရည်ညွှန်းသည်။
မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်တို့မှလွတ်မြောက်ခြင်း။ အခွန်အတုပ်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။ ပါတီမောက္ခ သံဝရသီလနှင့်ပြည့်စုံ၍ အပယ်ဘေးမှကင်းလွတ်ခြင်း၊ ဒုစရိုက်တရားတို့အားရှောင်ကြဥ်သဖြင့် ဒုစရိုက်ဒုက္ခမှ လွတ်ကင်းပြီး စူဠသီလနှင့်ပြည့်စုံစေခြင်း။ ပွဲလမ်းသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကားအမျိုးမျိုးတို့မှ ရှောင်ကြဥ်သဖြင့် ထိုဒုက္ခဝေဒနာတို့မှ ကင်းလွတ်၍ ပဥ္စမသီလနှင့် ပြည့်စုံလေခြင်း။ ဗေဒင်၊ နက္ခတ်၊ ယတြာ၊ လက္ခဏာ စသည်တို့မှ ရှောင်ကြဥ်သဖြင့်
အာဇီဝပါရိသုဒ္ဓိသီလ နှင့်ညီညွတ်၍ မဟာသီလနှင့်ပြည့်စုံခြင်း၊ ဣန္ဒြေခြောက်ပါး၌ အကုသိုလ်မဖြစ်အောင်စောင့်စည်းနိုင်ခြင်း၊ အသိသတိနှင့်ပြည့်စုံခြင်း၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံခြင်း၊ ရောင့်ရဲခြင်း၊ ဈာန်အစရှိသည့် ကုသိုလ်တရားများကိုတားမြစ်ပိတ်ပင်သည့် နီဝရဏ တရားငါးပါးမှ လွတ်ကင်းခြင်း၊ ဈာန်တရားရနိုင်ခြင်း၊ ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း တို့ဖြစ်ပေသည်။

တန်ဆောင်မုန်းနေ့များ၏ ညပိုင်းအချိန်အခါကိုအလှဆင်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ တန်ဆောင်မုန်း မီးပုံပျံအလှပြိုင်ပွဲသည်လည်း တန်ဆောင်တိုင်အလှ၏တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ် ခရစ်နှစ် ၁၉၅၀ ခုနှစ်မှစ၍ ကျင်းပခဲ့သောတောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့မီးနှင့်ညမီး ၂မျိုးခွဲ၍ မီးပုံးပျံများလွှတ်တင်ကြသည်။ နေ့ပိုင်းတွင် တိရစ္ဆာန်ပုံသဏ္ဍာန်များဖြင့်မီးပုံများကိုလွှတ်တင်ပြီး ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်းမီးပုံးများကိုလွှတ်တင်ကာ မီးရှုးတန်ဆောင်များဖြင့် တန်ဆောင်မုန်းညများကိုအလှဆင်အလှခြယ်ကြသည်။

သာမညဖလ(ရဟန်းပြုခြင်းအကျိုးကျေးဇူးပြုတရားတော်)ကြီးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အဇာတသတ်မင်းအားတန်ဆောင်မုန်းလပြည့်နေ့တွင် ဟောကြားတော်မူသဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီးများထွန်း၍ သံဃာတော်နေ့ ဟူ၍ပင်ခေါ်ဆိုသမုတ်ကြကာ သံဃာတော်များသုံးဆောင်ကြစေရန် လူတို့မှာ လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို ကထိန်ခင်း၍ လှူကြလေသည်။ ပဒေသာပင်တို့ သီး၍လည်း လှည့်လည်၍ ပျော်ပွဲရွှင်ပွဲများဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တရားတော်တို့အား ချီးမြှောက်ကာပူဇော်ကြလေရာ ကထိန်ပွဲကျင်းပသော တန်ဆောင်းမုန်းလပြည့်နေ့သည်လည်း ဗုဒ္ဓဝင်တို့၏အထင်ကရနေ့စွဲ တစ်ခုဖြစ်ပေသည်။

သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်မုန်းပွဲတော်တို့နှင့်အတူ တခြားသောဗုဒ္ဓဝင်တို့၏ အထင်ကရပွဲတော်များလည်းရှိပေသည်။ သို့သော် ထိုအထင်ကရပွဲတော်ကြီးများကို မိမိတို့ဗုဒ္ဓဝင်တို့ထိန်းသိမ်းရန်တာဝန်ရှိသည်။ မိမိတို့ယုံကြည်ကိုးကွယ်ဆည်းကပ်ပူဇော်ရာဖြစ်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တရားတော်တို့ကို သက်မှတ်၍ ပွဲတော်ဖြစ်စေသော နေ့၊ ကာလအပိုင်းအခြားတို့ကို မထိန်းသိမ်းပါက ကွယ်ပျောက်သွားနိုင်ကာ လောကကိုခြုံလွှမ်းထားသော ဗုဒ္ဓဘုရား၏ မေတ္တာဓာတ်တို့ တိမ်ကော သွားမည်ဖြစ်သဖြင့် အပျော်မှအပျက်သို့မဖြစ်ကြစေရန် တိုက်တွန်းရင်းစာရေးသူနိဂုံးချုပ်အပ်ပါသည်။

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ