ကိုခန့်
သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်၍ ပခုက္ကူကားဂိတ်အတွင်း၌ ခရီးသည်များပြည့်နှက်နေ၏။ဇာတိမြေကိုပြန်ကြရမည်မို့ထင်ပါသည်၊အထုပ်အပိုးကိုယ်စီနှင့် ပျော်ရွှင်တက်ကြွနေကြ၏။ဗန်းရွက်စျေးသည်များကလည်း မိမိတို့၏အချဉ်ပေါင်းများ၊ပြောင်းဖူးပြုတ်များရောင်းကုန်စေရေးအတွက် အသံကုန်ဟစ်ကာရောင်းချနေကြ၏၊၊မီနီအိုးဝေ (သုံးဘီးဆိုင်ကယ်)လေးများပင် ကားဂိတ်အတွင်း ဝင်ချည်ထွက်ချည်နှင့် ခရီးသည်များကိုပို့ဆောင်ရင်း ဗျာများနေ၏၊၊ခရီးသည်တချို့မှာ မိမိတို့သက်ဆိုင်ရာကားအနီးတွင်ရပ်လျက်ရှိပြီး တချို့မှာ ကားပေါ်တွင် နေရာယူနေကြပါသည်။ထိုသူများအားလုံးသည် မည်သည့်အရပ်ဒေသသို့သွားမည်ဆိုသည်ကို ကျွန်ုပ်အသေအချာ မသိသော်လည်း သေချာသည်မှာ သူတို့အားလုံး ပခုက္ကူမြို့ကြီးကို ထားရစ်ခဲ့ကြတော့မည်၊၊ ထိုအထဲတွင် ကျွန်ုပ်လည်းအပါအဝင်ဖြစ်၏၊၊ မကွေး၊ စလင်းဘက်သို့သွားမည့်ကားမှ ကားစပါယ်ယာအား ကျွန်ုပ်နှင့်အတူပါလာသောပစ္စည်းများကို နေရာချရန်စီမံပေးပြီးသည့်နောက် ကားမှန်ပြတင်းပေါက်နှင့်ကပ်လျက်ရှိနေသောခုံတစ်ခုံတွင် နေရာဝင်ယူလိုက်ပါသည်၊၊ ကျွန်ုပ်လည်း ရွာကိုပြန်ရမည်မဟုတ်ပါလား၊၊တစ်နှစ်လုံးတွင် သင်္ကြန်ရုံးပိတ်ရက်နှင့်သီတင်းကျွတ်ရုံးပိတ်ရက် နှစ်ကြိမ်မျှသာ ရွာကိုပြန်နိုင်သော်လည်း ဇာတိရပ်ရွာနှင့် ခွဲခွာနေရသည်ကိုမူ ကျွန်ုပ်မနှစ်သက်ပါ၊၊ထို့ကြောင့်ရက်ရှည်ခွင့်ရက်ရသည့်အခါတိုင်း ရွာသို့ရောက်အောင်ပြန်ပြီး ရွာပွဲတော်များတွင်လည်း တက်ကြွစွာပါဝင်လေ့ရှိပါသည် ၊၊ ဤမျှ ရွာကိုချစ်သော၊ ရိုးရာပွဲတော်များကိုချစ်သော ကျွန်ုပ်ပင်ဖြစ်ပါ၏၊၊
ကျွန်ုပ်အနေဖြင့် မိမိရပ်ရွာ၊ မိမိယဉ်ကျေးမှုပွဲတော်များကို ဤမျှလောက်ချစ်တတ်လာရသည်မှာ အဘွားဖြစ်သူ၏သွန်သင်ဆုံးမမှုများကြောင့်ဟုဆိုလျှင် ငြင်းဖွယ်ရာမရှိ၊၊ ကျွန်ုပ်ငယ်စဉ်မှစ၍ ယနေ့အချိန်ထိ မိမိနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရိုးရာပွဲတော်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန် အဘွားကအမြဲဆုံးမလေ့ရှိ၏၊၊ ကျွန်ုပ်၏အဘွားသည် သူမကိုယ်တိုင်လည်း မြန်မာ့ယဥ်ကျေးမှု ၊ မြန်မာ့ရိုးရာပွဲတော်များကို ချစ်မြတ်နိုးသကဲ့သို့ သူမ၏ သားသမီး ၊မြေးမြစ်များအပါအဝင် ရွာသူရွာသားများကိုလည်း ရိုးရာပွဲတော်များကို တန်ဖိုးထားတတ်စေရန် အလျဉ်းသင့်သလို ဆုံးမတတ်ပါ၏၊၊
ကျွန်ုပ်ငယ်စဥ်ကမူ သီတင်းကျွတ်ပွဲတော်ကိုပျော်ပွဲရွှင်ပွဲသက်သက်ဟူ၍သာ နားလည်ခဲ့ဖူး၏၊၊သီတင်းကျွတ်ရောက်ပြီဆိုသည်နှင့် သူငယ်ချင်းများနှင့်အတူ ရွာကာရာအိုကေတွင် သီချင်းဆိုပျော်ပါးရန်၊ ရွာအနှံ့ လျှောက်ကာလည်ပတ်ရန်သာ စိတ်ဝင်စားခဲ့ပါ၏၊၊ ဘုရားမီးပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းများသည် ကျွန်ုပ်ကဲ့သို့သော ဆယ်ကျော်သက်အရွယ်လူငယ်များနှင့်မဆိုင် ၊ လူကြီးများ၏အရေးကိစ္စဟုသာ သတ်မှတ်ခဲ့ဖူး၏၊၊ ယခုတွင်မူ ဤသို့မဟုတ်ပြီ၊၊ အဘွား၏ စိတ်ရှည်သောဆုံးမသွန်သင်မှုများကြောင့် ကျွန်ုပ်၏လွဲမှားနေသော အယူအဆများသည်လွန်ခဲ့သော( ၅)နှစ်ခန့်မှစ၍ အပြီးတိုင်ကွယ်ပျောက်သွားခဲ့ပြီဖြစ်လေသည်၊၊သီတင်းကျွတ်ပွဲတော်သည် ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပိုသည်ဟူ၍လက်ခံနိုင်ခဲ့ခြင်းသည် ကျွန်ုပ်အတွက်တန်ဖိုးဖြတ်မရသော အခွင့်အရေးတစ်ခုဟုဆိုရပေလိမ့်မည်။အဘွား၏ကျေးဇူးတရားကား အလွန်ကြီးမားလှပေ၏၊၊
* * * * *
ကားပေါ်တွင်ခရီးသည်များစုံပြီဆိုသည်နှင့် ပခုက္ကူ-မကွေး-စလင်း ခရီးသည်တင်ကားကြီးသည် ပခုက္ကူမြို့ကြီးကိုကျောခိုင်းကာ တရွေ့ရွေ့ထွက်ခွာလာခဲ့ပါသည်၊၊ကားပေါ်ရှိခရီးသည်များမှာ ထုံးစံအတိုင်းပင်။စကားပြောသူပြော၊ ဖုန်းသုံးသူကသုံးနှင့် ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြ၏၊၊ ကျွန်ုပ်ကိုယ်တိုင်သည်ပင် ကားမှန်ပြတင်းမှတဆင့် ပြင်ပရှုခင်းများကိုကြည့်ရင်း ကိုယ်အတွေးနှင့်ကိုယ် မအားလပ်နိုင်ပါချေ၊၊နံနက်(၈)နာရီပင်ဖြစ်လင့်ကစား အချို့နေရာကိုမူ မသဲမကွဲသာ တွေ့နေရသေး၏၊၊ လမ်းတစ်လျှောက်ရှိ စိမ်းစိုစိုစပါးခင်းများအပြင် မြူတချို့ဖုံးနေသော တောင်းတန်းမှိန်မှိန်လေးများကိုကြည့်ရသည်မှာ မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှပါ၏၊၊သို့သော်လည်း အရင်နှစ်အိမ်ပြန်ချိန်များကလောက် နှစ်သက်ဖွယ်မကောင်းလှပါချေ၊၊ လယ်ကွင်းပြင်များမှတဆင့် ကားမှန်ပြတင်းကိုဖြတ်သန်းတိုက်ခတ်လာသော မြောက်ပြန်လေများသည်လည်း သီတင်းကျွတ်အခါသမယရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးနေသယောင်ယောင်ရှိ၏၊၊
“ဪ ... သီတင်းကျွတ်ရုံးပိတ်ရက်တောင် ရောက်လာပြန်ပြီ၊၊ ဒီနှစ်သီတင်းကျွတ်ဟာ အခါတိုင်းလိုရော ပျော်ဖို့ကောင်းပါ့မလား၊၊ နောက်ပြီး ဒီနှစ်သီတင်းကျွတ်မှာ ကန်တော့ခံဖို့အတွက် မိသားစုစုံလင်စွာရှိမှာမဟုတ်တော့ပါလား၊၊ရွာဦးစေတီရှိ တနင်္ဂနွေနံထောင့်ဘုရားမှာ ဆီမီးအတူထွန်းမယ့်သူ၊ရိုးရာပွဲတော်တွေကို မြတ်နိုးတန်ဖိုးထားတတ်ဖို့ သင်ပြပေးမယ့်သူတစ်ယောက်မရှိတော့ ဒီနှစ်သီတင်းကျွတ်ဟာ အရင်နှစ်တွေလောက်အဓိပ္ပာယ်ရှိပါ့မလား”
မသေချာမရေရာသော အတွေးများနှင့်အတူ ဝမ်းနည်းအားငယ်စိတ်၊ စိုးရိမ်ပူပန်စိတ်များက ကျွန်ုပ်ထံပါး သို့ အုံလိုက်ကျင်းလိုက်ဝင်ရောက်လာကြ၏၊၊
“ ဪ....ဘာလိုလိုနဲ့ အခုဆိုရင် လူကြီးရောဂါကြောင့် အဘွားဆုံးခဲ့ရတာ (၆)လတောင်ပြည့်ခဲ့ပြီပဲ”
* * * * *
ကျွန်ုပ်အနေဖြင့် အဘွားမရှိတော့သည့် သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ရန် မိမိကိုယ်မိမိသံသယဝင်မိသည်မှာအမှန်ပင်။ လွန်ခဲ့ပြီးသောသီတင်းကျွတ်ပွဲတော်များတွင်ကား အဘွားအပါအဝင် မိသားစုဝင် (၄)ဦးစုံလင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ခဲ့၏။ ရွာ၏ လှူရေးတန်းရေးများတွင်လည်း မိသားစုဝင်အားလုံး တက်ညီလက်ညီပါဝင်ခဲ့ကြပါ၏။
ကျွန်ုပ်တို့ရှမ်းစုရွာကလေးတွင်လည်း နှစ်စဥ်သီတင်းကျွတ်လရောက်တိုင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါ၏။ကျွန်ုပ်ကဲ့သို့ပင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသူများ၊ ပညာရှာမှီးသူများ ရွာသို့အလည်ပြန်လာချိန်ဖြစ်၍ ရွာထဲတွင်လူစုံနေချိန်ဟုလည်းဆိုနိုင်ပါသည်။သီတင်းကျွတ်ပွဲတော်ချိန်ရောက်ပြီဆိုသည်နှင့် ရွာလယ်ဇရပ်ရှိ အသံချဲ့စက်မှ သီတင်းကျွတ်ပွဲတော်သီချင်းသံများသည် ကျွန်ုပ်တို့ရှမ်းစုရွာလေးအတွင်း လွင့်ပျံလျက်ရှိပါ၏။ဘုရားမီးပူဇော်ရန်နှင့် သံဃာတော်များအား ဆွမ်းလှူဒါန်းရန် ရွာဂေါပကအဖွဲ့သည်ထိုရွာလယ်ဇရပ်လေးတွင် နှစ်စဥ်ဤအချိန်ရောက်ပြီဆိုသည်နှင့် အလှူခံလေ့ရှိပါ၏။လှူဒါန်းသူ၏အမည်နာမများကိုလည်း နတ်၊လူသာဓုခေါ်စေနိုင်ရန်ဟုဆိုကာ ဝမ်းသာအားရကြေညာမောင်းခတ်လေ့ရှိပါသည်။ထို့ပြင် ဥပုသ်သည်များကို အချိုရည်ဒါနပြုနိုင်ရန်ရည်ရွယ်၍ ကျွန်ုပ်အပါအဝင် ရွာရှိလူငယ်များစုပေါင်းကာ တစ်အိမ်ဝင်၊တစ်အိမ်ထွက် လှည့်လည်ပြီး အလှူခံလေ့ရှိပါသေး၏။မိမိတို့၏ချွေးနည်းစာများမှ တတ်အားသရွေ့လှူဒါန်းကြသည်မှာ သဒ္ဒါတရားမချို့တဲ့သော မြန်မာလူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာအခိုက်အတန့်တစ်ခုပင်ဖြစ်ပါသည်။ဤကဲ့သို့ ရွာဂေါပက၏အသံချဲ့စက်ဖွင့်သံ ၊ ကျွန်ုပ်တို့အလှူခံလူငယ်အဖွဲ့၏ အိမ်ပေါက်စေ့နှိုးဆော်သံများအပြင် ကလေးတစ်သိုက်၏ ဗျောက်အိုးဖောက်သံ ၊ ရွာကာရာအိုကေအတွက် သီချင်းဆိုလေ့ကျင့်နေသံများသည် ရှမ်းစုရွာကလေး၏ သီတင်းကျွတ်ပွဲတော်ပြယုဒ်များပင်ဖြစ်ပါသည်။ ရပ်ဝေးမှပြန်လာသော ရွာသူရွာသားများ၊ မိတ်ဆွေအပေါင်းအသင်းများ ပြန်လည်ဆုံတွေ့ခွင့်ရပြီဖြစ်သဖြင့် အချင်းချင်းဝမ်းသာအားရ နှုတ်ဆက်သံများသည်လည်း အားရကျေနပ်ဖွယ်ကောင်းလှပါ၏။ လူကြီးမိဘများ၊ဆရာသမားများကိုလည်း တစ်အိမ်တက်၊တစ်အိမ်ဆင်းကန်တော့ကြသည်ဖြစ်ရာ အိမ်တိုင်း၌ ရှိခိုးကန်တော့သံ၊ မေတ္တာပို့ဆုပေးသံများ ဝေဆာလျက်ရှိနေတတ်ပါသည်။ညရောက်ပြီဆိုသည်နှင့် ရွာကာရာအိုကေကျင်းပရာဘောလုံးကွင်းဆီမှ သီချင်းဆိုသံသဲ့သဲ့ကို ကြားရလေ့ရှိပါ၏။အိမ်တွင်းအိမ်ပြင် ဆီးမီးခွက်များ၊မီးပုံးများဖြင့် ဆီမီးပူဇော်ကြသည်မှာလည်း သီတင်းကျွတ်လပြည့်ညကို အလှပိုစေပါ၏ ။ထိုညတွင်ပင် ရွာဦးစေတီသို့သွားရောက်ခါ ဆီမီးများပူဇော်ကြ၊ အလှူဒါနများပြုကြသည်မှာလည်း ကျွန်ုပ်တို့ရွာလေး၏ ချစ်မြတ်နိုးဖွယ်ဓလေ့တစ်ခုပင်ဖြစ်ပါသည်။
ထို့ပြင် သီတင်းကျွတ်အခါသမယ၌ ကျွန်ုပ်တို့မိသားစုလေး၏ နှစ်သက်မြတ်နိုးဖွယ်ရာ အစဥ်အလာတစ်ရပ်လည်းရှိပါသည်။ ဤအစဥ်အလာသည် အဘွား၏ကြီးကြပ်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်၏။ သီတင်းကျွတ်လပြည့်နေ့ညရောက်တိုင်း ကျွန်ုပ်တို့မိသားစုဝင်အားလုံး အဘွားနှင့်အတူ ဘုရားတွင်ဆီမီးပူဇော်၊ ငါးပါးသီလဆောက်တည်ခံယူပြီး နာရီဝက်ခန့်တရားထိုင်ရပါသည်။ထို့နောက် အဘိဓမ္မာတရားတော်ကို မိသားစုဝင်အားလုံး ညီညာစွာရွတ်ဖတ်ပူဇော်ရပါသည်။
" အခုလို အခါကြီးရက်ကြီးတွေမှာ လူငယ်သဘာဝ ပျော်တာလည်းပျော်ပေါ့၊ ကုသိုလ်ကောင်းမှုလည်းလုပ်ရတယ်ကွဲ့။ အဘွားတို့ရဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်နေတဲ့ အရင်ဘဝကမယ်တော်တော်စပ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကိုအကြောင်းပြုပြီး မိဘကျေးဇူးဆပ်တဲ့အနေနဲ့ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်မှာ ဟောပြောတော်မူလေတယ်။ဟောပြောလို့ပြီးတဲ့နေ့ ဒီနေ့လိုသီတင်းကျွတ်လပြည့်နေ့မှာ လူပြည်ကိုပြန်လည်ကြွချီလာတော်မူတဲ့ မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီး အဘွားတို့တတွေ ဆီမီးပူဇော်ကြတယ်။နောက်ပြီး မိဘ၊ဆရာကိုကန်တော့ကြ ၊ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်မဟုတ်လား။ မြတ်စွာဘုရားရှင်ကိုပူဇော်ရာမှာ ဒါန၊သီလ၊ဘာဝနာ သုံးပါးလုံးပါဝင်အောင်ပြုလုပ်နိုင်ရင် အကောင်းဆုံးပဲလို့ အဘွားကတော့ယုံကြည်တယ်။ဒါကြောင့် အခုလိုမျိုး ဘုရားမီးပူဇော်တာ၊သီလဆောက်တည်တာ၊တရားရွတ်ဖတ်ပူဇော်တာတွေကို နှစ်စဥ်သီတင်းကျွတ်လပြည့်ညတိုင်း မပျက်မကွက်ပြုလုပ်ကြရမယ်နော်....။"
အဘွား၏ဦးဆောင်မှုအောက်တွင် ကျွန်ုပ်တို့မိသားစုဝင်အာလုံးသည် ဤအစဥ်အလာကောင်းကို နှစ်စဥ်သီတင်းကျွတ်လပြည့်နေ့ညတိုင်းပြုလုပ်လေ့ရှိပါသည်။လရောင်က တဝင်းဝင်း ၊ ဆီမီးရောင်က တလင်းလင်းနှင့် တရားစာရွတ်ဖတ်ပူဇော်သံ ညီညီလေးကို ကြားရသည်မှာ အလွန်စိတ်ကြည်နူးဖွယ်ကောင်းလှပါ၏။
ဤသို့ဘုရားရှိခိုးပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားခန်းအတွင်း၌ပင် အဘွား၊အဖေနှင့်အမေတို့ကို တစ်တန်းတည်းထိုင်စေပြီး "ထိခြင်းငါးပါး"ဖြင့် ရိုသေလေးနက်စွာ ကျွန်ုပ်ကန်တော့လေ့ရှိပါ၏။အဘွား၊အဖေနှင့်အမေတို့၏ ဆုပေးသံများကလည်း ကျွန်ုပ်၏ စိတ်နှလုံးကိုအေးချမ်းစေပါ၏။ထို့နောက်အဘွားက ထပ်မံ၍ ဆုံးမစကားပြောလေ့ရှိပါသေးသည်။
“ ငါ့မြေး အခုလိုလူကြီးသူမတွေကိုကန်တော့ရတဲ့အတွက် ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေကွယ်...။မိဘကျေးဇူးဆပ်နိုင်တဲ့ ၊နိုင်ငံအကျိုး၊ ဘာသာ၊သာသနာအကျိုး ကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ လူတော်လူကောင်းတစ်ဦး ဖြစ်ပါစေကွယ်......။
နောက်ပြီး အဘွားပြောနေကျအတိုင်းပဲ....အခုလို လူကြီးမိဘကန်တော့တာကို အစဉ်အလာမပျက်ပြုလုပ်ရမယ်နော် ...ငါ့မြေး။င့ါမြေးလေး အလုပ်လုပ်တာက တစ်နေရာ၊ကိုယ့်ဇာတိက တစ်နေရာဆိုတော့ တို့မိသားစုဝင်တွေဟာ တော်ရုံနဲ့တွေ့ဖို့မလွယ်ဘူးကွယ့်၊၊ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ပွဲတော်ရုံးပိတ်ရက်တွေမှာ တတ်နိုင်သမျှ ခွင့်ယူပြီးပြန်ခဲ့ပေါ့ကွယ်။ ငါ့မြေးချစ်တဲ့သူတွေနဲ့ပြန်ဆုံဖို့ ဒါကအခွင့်အရေးတစ်ခုလို့ အဘွားထင်တယ်၊၊ရွာကိုပြန်လာခဲ့ရင်လည်း ရိုးရာပွဲတော်တွေမှာတက်တက်ကြွကြွပါဝင်ရမယ်နော်။ကိုယ့်ရိုးရာယဉ်ကျေးမှုကို ကိုယ်ကပဲထိန်းသိမ်းရမယ်မို့လား။မထိန်းသိမ်းနိုင်ရင် ပျောက်ကွယ်သွားတတ်တယ်ကွဲ့။ ပြောသာပြောရတယ်၊ ငါ့မြေးလည်း ရိုးရာပွဲတော်တွေရောက်ရင် အဖော်အပေါင်းတွေတရုန်းရုန်းနဲ့ပျော်ပါးတတ်တဲ့ လွန်ခဲ့တဲ့(၅)နှစ်ကလူငယ်လေးမဟုတ်တော့ပါဘူး၊ အခုဆို ရပ်ရွာအကျိုးဆောင်နိုင်တဲ့၊ ရိုးရာပွဲတော်တွေကိုတန်ဖိုးထားတတ်တဲ့ လူတော်တစ်ယောက်တောင်ဖြစ်နေပါပြီ။ဒါကို အဘွားတော့ သိပ်ဂုဏ်ယူတယ်။
နောက်ပြီး ငါ့မြေးက အလုပ်ကြောင့်တစ်မြေတစ်ရွာမှာနေရတယ်ဆိုပေမယ့် ကိုယ့်ဇာတိ၊ ကိုယ်ရပ်ရွာရဲ့ ယဉ်ကျေးမှုအစဥ်အလာကိုထိန်းသိမ်းဖို့ ငါ့မြေးမှာလည်းတာဝန်ရှိတယ်နော်။ နောင်တစ်ချိန်မှာ ငါ့မြေးတို့ကပဲ ဦးဆောင်ဦးရွက်ပြုရမှာ။ အခုခေတ်လူငယ်အများစုက ရိုးရာပွဲတော်တွေမှာ ပါဝင်ဆင်နွှဲကြပေမယ့် အပျော်နောက်ကိုပဲလိုက်မိတတ်တာကြောင့် အပျက်သဘောရောက်လာကြတယ်။ ခေတ်အလိုက် တိုးတက်လာတာနဲ့အမျှ ကပွဲ၊ ခုန်ပွဲ အနည်းအပါးထည့်တာကိုတော့ အဖွားဘာမျှမပြောလိုပါဘူး။ ဒါပေမယ့် တကယ့်အနှစ်သာရတွေဖြစ်တဲ့ ဘုရားမီးပူဇော်တာ၊မိဘဆရာသမားကိုကန်တော့တာတွေဘက်မှာကျတော့ အားနည်းလာကြတယ်၊၊ ဝတ်စားဆင်ယင်မှုကအစ နည်းနည်းတော့ပြောစရာဖြစ်လာကြပြီကွယ်၊၊ ဘာသာရေးပွဲတော်လို့ဆိုတဲ့အတိုင်း ကိုယ်ဘာသာသာသနာကို ထိန်းသိမ်းတဲ့ပွဲတော်ပဲဖြစ်စေချင်တယ်။ ဘုရားမီးပူဇော်တာကအစ လုံခြုံတဲ့မြန်မာအဝတ်အစားတွေဝတ်ဆင်ပြီး ၊ ရိုးရာပွဲတော်တွေမှာလည်း မြန်မာ့ယဥ်ကျေးမှုနဲ့အညီ ပါဝင်ဆင်နွှဲမယ်ဆိုရင် ဘယ်လောက်များကျက်သရေရှိလိုက်မလဲ။ ဒါ့ကြောင့် ငါ့မြေးတို့လိုခေတ်ပညာတတ်လူငယ်တွေက ကိုယ့်ညီငယ်၊ညီမငယ်တွေအတွက် ရှေ့ဆောင်လမ်းပြကောင်းဖြစ်စေဖို့ ကြိုးစားရမယ်ကွဲ့ ....."
အဘွားသည် ငယ်စဥ်က ပညာကိုကောင်းစွာမသင်ယူခဲ့ရသော်လည်း စာအလွန်ဖတ်သဖြင့် ဗဟုသုတကြွယ်ဝလှသည့်အပြင် အဖွား၏ဆုံးမစကားများသည်လည်း အလွန်ပင်မှတ်သားနာခံထိုက်လှပါ၏။
ထို့နောက် ရွာဦးစေတီအား ဆီမီးပူဇော်နိုင်ရန်အတွက် ဖယောင်းတိုင်၊နံ့သာတိုင်များယူဆောင်ကာ ရွာဦးစေတီတည်ရှိရာ ရွာအရှေ့ဘက်ရှိကုန်းမြင့်သို့ ကျွန်ုပ်တို့တစ်မိသားစုလုံးသွားလေ့ရှိပါသည်။ရွာဦးစေတီတည်ရှိရာ ကုန်းမြင့်သည် ပေ (၅၀)ခန့်မြင့်သောကြောင့် အသက်ကြီးသူများအဖို့ တက်ရသည်မှာ မလွယ်ကူသော်လည်း အဘွားကမူ ဘုရားမီးပူဇော်သည့်အစဥ်အလာအား နှစ်စဥ်မပျက်မကွက်ပြုတတ်ပါသည်။ဤကား အသက် (၈၀) ကျော်အဘွား၏ လေးစားဖွယ်ရာ စိတ်ကောင်း၊စိတ်မြတ်တစ်ခုပင်ဖြစ်ပါ၏။အဘွား၏လက်ကိုတွဲရင်း လှေကားအတိုင်းတက်လာရာ ကုန်းမြင့်ပေါ်ရောက်သည်နှင့် လေစိမ်းများတိုက်ခတ်မှုကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာတတ်သော်လည်း စေတီတော်မြတ်ကြီးကို မြင်တွေ့ရသည့်အခါ ထိုချမ်းအေးမှုများသည် အလိုအလျောက်ပျောက်ကွယ်သွားပြီး နွေးထွေးလာရသည်သာဖြစ်၏။လရောင်ထိန်ထိန်အောက်တွင် သပ္ပာယ်စွာတည်ရှိနေသော စေတီတော်မြတ်ကြီးသည် အလွန်ကြည်ညိုဖွယ်ကောင်းလှပါ၏။စေတီတော်ဝန်းကျင်တွင်ဆီမီးပူဇော်သူများ၊တရားထိုင်သူများနှင့် ရွာသူရွာသားများသည် ဘာသာတရားအလွန်ကိုင်းရှိုင်းကြပါ၏။ စေတီတော်သို့ရောက်သည်နှင့် အဖေနှင့်အမေက သောကြာနံဘုရားသို့လည်းကောင်း၊အဘွားနှင့်ကျွန်ုပ်က တနင်္ဂနွေနံဘုရားသို့လည်းကောင်းသွားရောက်ခါ ဆီမီးထွန်းညှိပူဇော်လေ့ရှိပါသည်။ဆီးမီးပူဇော်နေစဥ်တွင်လည်း မိမိရိုးရာပွဲတော်၊မိမိယဥ်ကျေးမှုကို အလေးထားဖို့အရေး အဘွားက အလျဥ်းသင့်သလို ဆုံးမတတ်ပါသေး၏။ရိုးရာယဥ်ကျေးမှုကို ဤမျှလောက်ထိတန်ဖိုးထားသော ကျွန်ုပ်၏အဘွားပင်ဖြစ်ပါ၏။
* * * * *
ကားလမ်းမပေါ်ရှိ ချိုင့်ခွက်များ၊ အကွေ့အကောက်လမ်းများကြောင့် ကျွန်ုပ်တို့စီးနေသောကားကြီးသည် ဘယ်ညာယိမ်း၍ မငြိမ်သက်သကဲ့သို့ ကျွန်ုပ်၏အတွေးများသည်လည်း အဖွားအသက်ရှိစဥ်က သီတင်းကျွတ်ပွဲတော်ချိန် အတိတ်သို့ရောက်လိုက်၊ကားစီးနေစဥ် ပစ္စုပ္ပန်သို့ပြန်အလည်လာလိုက်နှင့် ငြိမ်သက်ခြင်းအလျဥ်းမရှိပါချေ။သေချာသည်တစ်ခုမှာ ယခုတစ်ခေါက်မြင်တွေ့နေရသောရှုခင်းများသည် အရင်တစ်ခေါက်သီတင်းကျွတ်ပိတ်ရက်အိမ်ပြန်စဥ်ကလောက် လှပမနေခြင်းဖြစ်ပါသည်။ထိုင်ခုံရှေ့နောက်သို့ သတိပြုကြည့်မိပါသည်။ကျွန်ုပ်ဘေးရှိ လူငယ်လေးမှလွဲ၍ ကားပေါ်ရှိခရီးသည်အားလုံး အိပ်မောကျနေကြပြီဖြစ်သည်။
"အင်း......ဒီခရီးသည်တွေလည်း သီတင်းကျွတ်ပိတ်ရက်မှာ ကိုယ့်မွေးရပ်မြေအသီးသီးကိုပြန်ပြီး အနားယူကြတော့မှာပါလား။သီတင်းကျွတ်မီးထွန်းပွဲတော်မှာ ပါဝင်ဆင်နွှဲကြတော့မှာပါလား။ဒါလည်း ကောင်းတဲ့လက္ခဏာတစ်ရပ်ပေပဲ။မြန်မာပြည်သူပြည်သားတွေအနေနဲ့ ကိုယ့်ရိုးရာယဥ်ကျေးမှုကိုချစ်မြတ်နိုးရမယ်မဟုတ်လား။ဒီထဲမှာ အဘွားလိုကိုယ့်ယဥ်ကျေးမှု ၊ ရိုးရာဓလေ့ကို ချစ်မြတ်နိုးသည့်အပြင် ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ မျိုးဆက်သစ်လူငယ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်သူများလည်း ပါဝင်ကောင်း ပါဝင်နေမှာပေါ့လေ...."
မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်သမ်းနေသောအတွေးများသည် ကျွန်ုပ်၏နှလုံးအိမ်အတွင်းသို့ ဝင်ရောက်လာကြ၏။ သို့သော် ထိုအတွေးစများသည် ကျွန်ုပ်ဘေးရှိလူငယ်လေး၏ ရုတ်တရက်ဆဲဆိုသံကြောင့် ကြက်ပျောက်ငှက်ပျောက်ပင်ပျောက်ကွယ်သွားပါ၏။လူငယ်လေးသည် ဂိမ်းရှုံး၍ သူ့ကိုယ်သူဆဲဆိုခြင်းဖြစ်ပေလိမ့်မည်၊ ထို့နောက် သူသည် ဂိမ်းကို ဆက်မကစားတော့ပါ။
ဖုန်းကိုပိတ်ခါ အဝေးသို့ငေးမျှော်ကြည့်နေသော ဆက်ကျော်သက်အရွယ် ထိုလူငယ်လေးအား ကျွန်ုပ်ကပင်စကားစမိပါ၏။
"ငါ့ညီ....မင်းကဘယ်ကိုပြန်မှာလဲ၊ အလည်သက်သက်ပဲလား။မင်းရော ဒီနှစ်သီတင်းကျွတ်မှာဘာတွေလုပ်ဖို့စိတ်ကူးထားလဲ။"
လူငယ်လေးသည် စိတ်မရှည်သောလေသံဖြင့် ကျွန်ုပ်၏များပြားလှစွာသော မေးခွန်းများကိုပြန်ဖြေပါသည်။
"ကျွန်တော်က စလင်းမြို့ကို အလည်ပြန်မှာ...၊နောက်ပြီးသီတင်းကျွတ်ပိတ်ရက်ပြန်ပါတယ်ဆိုဗျာ ဘာအတွက်ပြန်တယ်ဖြစ်ရမှာလဲ၊ မြို့ကိုရောက်ရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့၊ ကာရာအိုကေအတူဆိုဖို့၊ ဗျောက်အိုးဖောက်ဖို့၊ ဆီမီးထွန်းဖို့ပေါ့ဗျ။"
လူငယ်လေးသည် သူ၏ သီတင်းကျွတ်အစီအစဥ်များကို ကျွန်ုပ်အား တိုပြတ်ပြတ်ပြောပြနေပါ၏။ထို့နောက်တွင် ကျွန်ုပ်ကပင် "သီတင်းကျွတ်မှာ ဘာကြောင့်ဆီမီးထွန်းရတာလဲ သိလား" ဟု ထပ်မံ၍မေးကြည့်သောအခါ လူငယ်လေးမဖြေတတ်တော့ပါ။သူ့အနေနဲ့ ပျော်ဖို့ပဲစိတ်ကူးထားဟန်တူပါသည်။မိဘ၊ဆရာကို သူကန်တော့ချင်မှ ကန်တော့မည်။ကန်တော့်ကောင်း ကန်တော့နိုင်ပါသည်။သို့သော် ရိုးရာပွဲတော်များကို တန်ဖိုးထားတတ်သည့်စိတ်ကတော့ သူ့တွင်ရှိဟန်မတူပါ။အဘွားသာဆိုလျှင် ဤလူငယ်လေးကို မြန်မာ့ရိုးရာပွဲတော်များကိုတန်ဖိုးထားတတ်လာစေရန် သေချာဆုံးမပေးလိမ့်မည်။ကျွန်ုပ်အပါအဝင် ရွာရှိလူငယ်အတော်များများ၏ လွဲမှားနေသောခံယူချက်များကိုလည်း အဘွားကပင်လမ်းညွှန်တည့်မတ်ပေးနိုင်ခဲ့သည်မဟုတ်ပါလား။အကယ်၍ ထိုလူငယ်လေးအား အဘွားဆုံးမပြီးသည့်အခါ သီတင်းကျွတ်အခါသမယတွင် ဆီမီးပူဇော်ရသည့်ရည်ရွယ်ချက်ကို သူသိရှိသွားပေလိမ့်မည်။မြန်မာ့ရိုးရာပွဲတော်များ၏ အနှစ်သာရကိုလည်း နားလည်လာပြီး သီတင်းကျွတ်မီးထွန်းပွဲတော်အပါအဝင် ရိုးရာပွဲတော်များကို တန်ဖိုးထားတတ်လာလိမ့်မည် သို့မဟုတ် အဘွား၏ရှင်းပြချက်များ၊ လမ်းညွှန်ပြသမှုများကို အလေးမထားဘဲ ဥပေက္ခာပြုသွားတာမျိုးလည်း ဖြစ်နိုင်ပေသည်။အတွေးပေါင်းစုံနှင့် ယှဥ်ပြိုင်စစ်ထိုးရင်းပင် ကျွန်ုပ်၏ဇာတိမြေရှမ်းစုရွာကလေးသို့ ခြေချနိုင်ခဲ့ပါပြီ။
* * * * *
ရှမ်းစုရွာကလေးသည် အခါတိုင်းအိမ်ပြန်ချိန်များကကဲ့သို့ပင် ကျွန်ုပ်အားနွေးထွေးစွာကြိုဆိုလျက်ရှိနေပါ၏။ရွာအတွင်းမှ အသံချဲ့စက်ဖွင့်သံများကိုလည်း အခါတိုင်းနှစ်အိမ်ပြန်ချိန်များကဲ့သို့ ကြားနေရပါသေး၏။ဗျောက်အိုးဖောက်သံနှင့် သီချင်းဆိုလေ့ကျင့်သံများသည်လည်း ရွာကလေးအနှံ့ လွင့်ပျံလျက်ပင်ရှိပါသည်။သို့သော် အခါတိုင်းနှစ်များကကဲ့သို့ နေအိမ်ခြံတံခါးအဝတွင်စောင့်နေပြီး "ငါ့မြေးလေးပြန်လာပြီဟေ့..." ဟု ဆီးကြိုမည့်အဘွားကတော့ ရှိမနေခဲ့ပါ။အဖေ၊အမေတို့နှင့်အတူ လေးလံသောခြေလှမ်းများဖြင့် အိမ်အတွင်းသို့ ကျွန်ုပ်ဝင်ခဲ့ရပါသည်။အမှန်ဆိုရပါလျှင် ကျွန်ုပ်အနေဖြင့် ယခုနှစ်သီတင်းကျွတ်တွင် အခါတိုင်းလိုတက်ကြွစွာပါဝင်ရန် ဆန္ဒမပြင်းပြပါ။ကျွန်ုပ်၏အလိုတိုင်းသာဆိုလျှင် အိမ်တွင်ဆီမီးပူဇော်ပြီး မိဘနှစ်ပါးကိုသာကန်တော့ဖြစ်ပါလိမ့်မည်။ဥပုသ်သည်များကို အချိုရည်ကပ်လှူရန် ရွာရှိသူငယ်ချင်းများနှင့်စုပေါင်းကာ အလှူခံမည်မဟုတ်တော့သကဲ့သို့ ရွာဦးစေတီသို့သွားရောက်ခါ ဆီမီးပူဇော်ရန်လည်း စိတ်မပါလှပါချေ။
သို့သော်ဤသည်မှာကျွန်ုပ်၏ အတွေးဖြစ်၏။ကျွန်ုပ်၏အတွေးကို အဘွားသာသိလျှင်စိတ်မကောင်းဖြစ်ချေတော့မည်။မည်သို့သောအခက်အခဲတွေ တွေ့ကြုံနေရစေကာမူ အဘွားချစ်မြတ်နိုးသည့် ရိုးရာယဥ်ကျေးမှုကိုတော့ဖြင့် ကျွန်ုပ်ထိန်းသိမ်းရပေမည်။ထို့ကြောင့် သီတင်းကျွတ်အခါသမယတိုင်း နှစ်စဥ်ပြုလုပ်နေကျအစဥ်အလာများဖြစ်သော အလှူခံခြင်း၊ဥပုသ်သည်များအတွက် အချိုရည်ဒါနပြုခြင်းများကို မပျက်မကွက်ပြုလုပ်ခဲ့ပါ၏။ကျွန်ုပ်တို့မိသားစု၏ အစဥ်အလာတစ်ရပ်ဖြစ်သော ဆီမီးပူဇော်ခြင်း၊ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အဘိဓမ္မာတရား ရွတ်ဖတ်ပူဇော်ခြင်းများကိုလည်း အဘွားမရှိတော့သည့်တိုင် မိသားစုဝင်အားလုံး အပျက်မခံဘဲ ပြုလုပ်ခဲ့ကြပါသည်။ဘုရားရှိခိုးပြီးချိန် မိဘများကို ကန်တော့သည့်အခါတွင်မူ မိသားစုဝင်အားလုံးမျက်နှာမကောင်းကြပါ။ကျွန်ုပ်ကိုယ်တိုင်သည်ပင် ထိုင်သူမရှိသဖြင့် ကွက်လပ်ဖြစ်နေသော အဖွား၏နေရာလေးကိုကြည့်ကာ ဝမ်းနည်းမျက်ရည်များကျမိပါသည်။အဘွားအား မှန်းဆကာ ကန်တော့ခဲ့ပါ၏။
ထို့နောက်တွင် အဖွား၏ဆန္ဒအတိုင်းပင် ရွာဦးစေတီအားဆီမီးပူဇော်ရန် စေတီတည်ထားရာ အရှေ့ကုန်းမြင့်ဆီသို့ မိသားစုဝင်အားလုံးထွက်လာခဲ့ကြပါသည်။ရွာဦးစေတီလှေကားထစ်များသည် အခါတိုင်းကဲ့သို့ပင် မြင့်မြဲမြင့်ဆဲ။ကျွန်ုပ်၏လက်ကို ကျစ်လျစ်စွာဆုပ်ကိုင်ရင်း "ဖြည်းဖြည်းတက်နော် ငါ့မြေး"ဟု သတိပေးမည့်အဘွားမရှိတော့သည့်တိုင် ကျွန်ုပ်သည် ကုန်းမြင့်ပေါ်သို့ သတိဖြင့်သာ တဖြည်းဖြည်းတက်ခဲ့ပါ၏။ကုန်းမြင့်ပေါ်ရောက်သည်နှင့် တိုက်ခတ်လာတတ်သောလေစိမ်းများသည် ယခုနှစ်တွင် ပို၍အေးသယောင်ယောင်ထင်ရ၏။သို့သော် စေတီတော်မြတ်ကြီးကိုမြင်လိုက်ရသည်နှင့် ကျွန်ုပ်နွေးထွေးသွားပါ၏။စေတီပတ်ပတ်လည်တွင် ဘုရားမီးပူဇော်သူများကို အခါတိုင်းနှစ်များကဲ့သို့ပင် စည်ကားစွာတွေရပါ၏။သို့သော် တနင်္ဂနွေနံဘုရားသို့ ကျွန်ုပ်တစ်ယောက်တည်းသာ သွားရောက်ခါ ဆီမီးပူဇော်ခဲ့ရပါသည်။ဆီမီးတိုင်များကို တစ်တိုင်ပြီးတစ်တိုင်မီးကူးညှိရင်း အဘွား၏ ဆုံးမစကားများကို ပြန်လည်ကြားယောင်လာမိသည်။
" ငါ့မြေး ....ဒီမှာ ဒီဆီမီးတိုင်လေးကိုကြည့်စမ်း ....ဘယ်လောက်ထိန် ၊ ဘယ်လောက်လင်းလိုက်သလဲ"
အဘွားသည် ဆီမီးထိန်ထိန်လင်းလျက်ရှိသော ဖယောင်းတိုင်လေးကို လက်ကကိုင်ကာ အားမာန်အပြည့်ဖြင့် ပြောပြပါ၏။
"ဒီဆီမီးတိုင်လေးရဲ့ အလင်းရောင်ဟာ အမှောင်ကို ဖြိုခွင်းနိုင်စွမ်းရှိရုံတင်မကသေးဘူး သူ့ရဲ့အလင်းရောင်ကို အခြားဆီမီးတိုင်တွေဆီ ကူးစက်ပေးနိုင်စွမ်းလည်းရှိတယ်။ ကဲ....ဒီဆီမီးတိုင်လေးဟာ ဘယ်လောက်အဖိုးတန်လိုက်သလဲ။ အဖွားက....ငါ့မြေးလေးကိုလည်း ဒီဆီမီးတိုင်လေးလိုပဲ ဖြစ်စေချင်တယ်ကွယ်။ငါ့မြေးလေးရဲ့ အမှန်ကိုသိမြင်မှုဆိုတဲ့ အလင်းရောင်ဟာ မှားယွင်းတဲ့အယူအဆအမိုက်မှောင်တွေကို ဖြိုခွင်းနိုင်စွမ်းရှိရမယ်။တစ်နည်းပြောရရင် မြေးလေးဟာ ကိုယ့်ယဥ်ကျေးမှုကို မြတ်နိုးတတ်ခြင်း၊ကိုယ့်ရိုးရာဓလေ့ပွဲတော်တွေကိုတန်ဖိုးထားတတ်ခြင်းဆိုတဲ့ အလင်းရောင်တွေနဲ့ အမြဲတမ်းလင်းထိန်နေရမယ်။ဒါဆိုရင် မိမိယဥ်ကျေးမှုကို ကပျက်ကချော်ပြုလိုစိတ်တွေ၊ အလေးမထားချင်တဲ့စိတ်တွေ မြေလေးရဲ့အတွေးထဲကို မတော်တဆဝင်ရောက်လာခဲ့ရင်တောင် အဲဒီအမိုက်မှောင်တွေကို ရိုးရာဓလေ့ကိုချစ်မြတ်နိုးခြင်းဆိုတဲ့အလင်းရောင်က ဖယ်ရှားပေးနိုင်လိမ့်မယ်။ဒါတင်မကသေးဘူး မြေးလေးရဲ့ ရိုးရာဓလေ့ပွဲတော်နဲ့ ပတ်သက်တဲ့ဗဟုသုတတွေ ၊ ရိုးရာပွဲတော်ကိုတန်ဖိုးထားတတ်မှုတွေကိုလည်း ဒီဖယောင်းတိုင်လေးလိုပဲ အခြားသူတွေဆီ ကူးစက်ဖြန့်ဝေပေးနိုင်ရမယ်ကွဲ့။အဘွားကတော့ ငါ့မြေးလေးရဲ့ ဆီမီးတိုင်ကို အမြဲတမ်းထိန်လင်းနေစေချင်တယ်ကွယ်"
ထိုညက အဘွားပြောပြခဲ့သည့် ဆီမီးတိုင်ဥပမာလေးကို ကျွန်ုပ်အလွန်သဘောကျပါ၏။အဘွား၏ပညာဥာဏ်ကြီးမားမှုကိုလည်း ကျွန်ုပ်လေးစားမိပါသည်။အဘွားကိုယ်တိုင်သည်လည်း ဆီမီးတိုင်လေးကဲ့သို့ပင် ကျွန်ုပ်တို့ကိုအလင်းပြနိုင်ခဲ့သည်ပါသည်။
ကျွန်ုပ်သည် ဘုရားတွင်ဆီမီးပူဇော်ပြီးနောက် အဘွားအား မှန်းဆကန်တော့ရင်း မိမိယဥ်ကျေးမှု၊ရိုးရာပွဲတော်များကို အစဥ်အမြဲထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိတွေအကြိမ်ကြိမ်ပေးနေမိပါသည်။ ထို့နောက် မြတ်စွာဘုရားရှင်ထံဆုတစ်ခုတောင်းပြီး မိသားစုနှင့်အတူ ကျွန်ုပ်၏နေအိမ်သို့ပြန်ခဲ့ပါတော့၏။
"အရှင်ဘုရား....ဘုရားတပည့်တော်ပြုလုပ်ခဲ့ရသော ကုသိုလ်ကောင်းမှုများကြောင့် တပည့်တော်၏ မိမိယဥ်ကျေးမှုကိုချစ်မြတ်နိုးသည့်စိတ်၊ ရိုးရာပွဲတော်များအပေါ်တန်ဖိုးထားသည့်စိတ်သည် တပည့်တော်ကပ်လှူထားသော ဆီမီးတိုင်လေးကဲ့သို့ တထိန်ထိန်ထွန်းလင်းနေပါစေသား အရှင်ဘုရား....။"
*****
ကိုခန့်
Keep Reading