Lunar
တန်ဆောင်မုန်းလသည် မိုးလေဝသကင်းစင်ပြီး ရာသီပွင့်လင်းလာသည့် နက္ခတ်တာရာစုံ ထွန်းပသော လဖြစ်ပါသည်။မြောက်လေပြန်၍ ဟေမာန်ဆောင်းတို့ စတင်ကူးပြောင်းသည့် ငွေနှင်းဖြူလွှ၊မြည့်မြည့်ကျ၍ အေးမြသော လလည်းဖြစ်သည်။ထို့ပြင် လယ်တောယာတောမှ ညိုမှောင်ရီပြာ ဝေဆာနေသော စပါးပင်များ အတော်အတန်ရင့်မှည့်လာချိန်လည်း ဖြစ်သည်။တန်ဆောင်မုန်းလသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် အဌမမြောက်လ(ရှစ်လမြောက်) ဖြစ်ပါသည်။ရှေးခေတ် သမိုင်းမှတ်တမ်း ပုဂံခေတ်ထိုးကျောက်စာများ၌ ''တန်ဆောင်မှုန်'' ဟု ရေးထိုးခဲ့ပြီး ''တန်ဆောင်မှုန်း'' ဟု အသံထွက်ခဲ့ရာမှ ''တန်ဆောင်မုန်း'' ဟုရွေ့လျားကူးပြောင်းလာခြင်းဖြစ်သည်ဟု ဖတ်ရှုလေ့လာခဲ့ဖူးပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ကို "သာမညဖလအခါတော်"နေ့ဟုလည်းခေါ်သည်။ခေါ်ဆိုရသောအကြောင်းအရင်းမှာ ထို့နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို "သာမညဖလသုတ်တော်" ကိုဟောကြားခဲ့သည့်ကြောင့်ဖြစ်သည်။အချို့သောဒေသများတွင်လည်း တန်ဆောင်မုန်းလပြည့်ညတွင် ဆေးပေါင်းခသည်ဟု ယုံကြည်ကြပြီး မဲဇလီဖူးများကို ခူး၍ သုပ်ကာတစ်ဖုံ၊ဟင်းချိုချက်၍တစ်မျိုး အမျိုးမျိုးပြင်ဆင်စီမံ၍ စားသောက်ကြသည်။တန်ဆောင်မုန်းလတွင် ပံ့သကူပစ်ပွဲ၊ကျီးမနိုးပွဲ များလည်းရှိသည်။ပံ့သကူပစ်ပွဲဆိုသည်မှာ အလှူရှင်ပုဂ္ဂိုလ်ကိုမရည်စူးဘဲ မည်သူ ရသည်ဖြစ်စေဟူသော စေတနာဖြင့် ပစ္စည်းဖြစ်စေ၊ငွေကြေးပိုက်ဆံဖြစ်စေ တစ်စုံတစ်ခုကို အိတ်၌ထည့်၍ လူမြင်သာသည့်နေရာတွင်ဖြစ်စေ၊ မမြင်သာသည့်နေရာတွင်ဖြစ်စေ ပံ့သကူအဖြစ်ချထားခြင်းကိုဆိုလိုသည်။တန်ဆောင်တိုင် မီးပုံးပျံပွဲလည်း ကျင်းပကြသည်။တောင်ကြီးတန်ဆောင်တိုင် သို့မဟုတ် တောင်ကြီးမီးပုံးပျံပွဲ
မှာမူ အထင်ရှားဆုံးနှင့်အကြီးကျယ်ဆုံးသော တန်ဆောင်တိုင်မီးပုံးပျံပွဲဖြစ်သည်။
ကျွန်မတို့အရပ်ဒေသတွင် တန်ဆောင်မုန်းလပြည့်မရောက်မီကာလများအတွင်း စျေးရောင်သောစျေးတန်းများနှင့် စျေးဆိုင်၊စတိုးဆိုင်များတွင် ပဒေသာပင်များကို 'ချိတ်'များနှင့်အတူထား ထားလေ့ရှိသည်။စျေးဝယ်သူများက မိမိစေတနာရှိသလောက် ပိုက်ဆံများချိတ်ဆွဲပေးသွားနိုင်သည်။ပိုက်ဆံများသာမက မိမိလှူဒါန်းလိုသော ဝတ္ထုပစ္စည်းများကိုလည်း ထားသွားနိုင်သည်။လပြည့်နေ့ရောက်သောအခါ ထိုပဒေသာပင်ကို ဘုန်းကြီးကျောင်းသို့ သွားရောက်ပေးပို့လှူဒါန်းကြသည်။ထို့ပြင် ပဒေသာပင်ကိုကိုင်၍ ရပ်ရွာထဲရှိ လူပျို၊အပျိုကလေးများကလည်း ကထိန်လှည့်၍ အလှူခံသော ဓလေ့လည်း ကျွန်မတို့အရပ်ဒေသတွင် တွေ့မြင်ရသည်။
နိဗ္ဗာန်စျေးဟုခေါ်သော စတုဒီသာမဏ္ဍပ်များကိုလည်း တန်ဆောင်မုန်းလပြည့်မရောက်မီတစ်ရက်အလိုတွင် စုပေါင်းလှူဒါန်းကြသည်။မိမိကျွေးမွေးလှူဒါန်းလိုသောအစားကသောက်များကို မဏ္ဍပ်သို့ ယူဆောင်သွားပြီး ကျွေးမွေးဝေမျှကြသော ဓလေ့ဖြစ်သည်။ဤဓလေ့မှာ အလွန်ချစ်စရာကောင်းလှသည်။တစ်ချို့သည် ဘူးကြော်များ၊တစ်ချို့မှာ မုန့်ဟင်းခါး၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊အကြော်စုံ၊အသုပ်စုံများ အချို့မှာအအေးဘူးများ လှူဒါန်းကြသည်။ထိုအချိန် မဏ္ဍပ်ထဲတွင် လူများတိုး၍မရလောက်အောင် ပြည့်နှက်နေလေ့ရှိသည်။
တန်ဆောင်မုန်းလတွင် ကျွန်မတို့ဒေသ၌ ဇာတ်သဘင်များ ငှားရမ်းလေ့ရှိသည်။ယခုမှာ နိုင်ငံရေးအခြေအနေကြောင့် ထိုဓလေ့ကို မကျင်းပနိုင်တော့ပေ။ဇာတ်သဘင်များကို ရွာသူရွာသားများ၏ ပိုက်ဆံဖြင့်ငှားရမ်းကြသည်။နှစ်စဥ်နှစ်တိုင်း နှစ်ညသာငှားလေ့ရှိသည်။ထိုဇာတ်သဘင်ပွဲဖြစ်ချိန်တွင် ပွဲခင်းတစ်ခုလုံး စားသောက်ဆိုင်များနှင့်ပြည့်နှက်နေသည်။မုန့်ခြောက်ဆိုင်၊အကြော်ဆိုင်၊အသုပ်ဆိုင်၊ကွမ်းယာဆိုင်၊အရုပ်ဆိုင်များအပြင် ကစားကွင်းများလည်းရှိသည်။ဇာတ်သဘင်သည် ညကိုးနာရီမှမနက်လင်းသည်အထိ ကသည်။ဆီမီးခွက်အကဖြင့်စတင်လေ့ရှိပြီး သူ့နောက်မှအကအမျိုးမျိုး၊အဆိုအမျိုးမျိုးများ လိုက်လာသည်။လူပြက်များရဲ့ ဟာသအစီအစဥ်လည်းပါဝင်သည်။ထို့နောက်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်များထဲမှ ဇာတ်ကြောင်းတစ်ခုခုကို သရုပ်ဖော်တင်ဆက်ကပြကြသည်။ဇာတ်သဘင်ကို တန်ဆောင်မုန်း၏ကြည်လင်သာယာပြီး ကြယ်စုံသောကောင်းကင်အောက်တွင် ဖျာများခင်း၍ အရွယ်မျိုးစုံသော ရွာသားတွေက စိတ်ဝင်စားစွာကြည့်ကြသည်။နှင်းမြူကြဲစတန်ဆောင်မုန်းကာလဖြစ်သောကြောင့် ညဥ့်နက်လာသည်နှင့်အအေးဓာတ်များ တိုးမြှင့်လာပြီးဖြစ်သောကြောင့် ပွဲကြည့်ပရိသတ်များသည် ပွဲခင်းသို့သွားရာတွင် ဖျာများသာမက စောင်များပါ ယူဆောင်သွားကြသည်။ကလေးငယ်များကလည်း အနွေးထည်အင်္ကျီ၊ဘောင်းဘီရှည်၊ခေါင်းစွပ်များဝတ်ဆင်သွားကြသည်။ကလေးများသဘာဝအလျောက် ဇာတ်သဘင်ကိုစိတ်မဝင်စားပေ။အရုပ်ဝယ်ရန်နှင့်မုန့်စားရန်သာသိပြီး ပွဲခင်း၌ မနက်လင်းသည်အထိ မိဘများ၏ ပေါင်ပေါ်များတွင် အိပ်ကြသည်။တစ်ချို့ရွာသားမှာမူ ဇာတ်သဘင်ကို တစ်ညပင်ကြည့်သည်။တစ်ချို့ ဇာတ်သဘင်ကြိုက်နှစ်သက်သူများသည် နှစ်ညစလုံး ညကိုးနာရီမှ မနက်လင်းသည်အထိ ကြည့်နိုင်ကြသည်။ဤသည်မှာ ကျွန်မ၏မမေ့နိုင်သည့်တန်ဆောင်မုန်းအမှတ်တရ တစ်ခုဖြစ်သည်။
တန်ဆောင်မုန်းလ၏ ရာသီမှာ ဗြိစ္ဆာရာသီဖြစ်ပြီး ရာသီရုပ်မှာ ကင်းမြီးကောက်ဖြစ်သည်။ကြတ္တိကာနက္ခတ်နှင့် လပြည့်ပါသည်။လပြည့်ညအားလုံးတွင် တန်ဆောင်းမုန်းလပြည့်ညသည်အကြည်လင်ဆုံးဖြစ်သည်ဟုပြောစမှတ်ပြုကြသည်။တန်ဆောင်မုန်းလပြည့်နေ့သည် ရက်မြတ်တစ်ရက်ဖြစ်ပြီး လူအများစု ဘုရားသွားကျောင်းတက်ကြသည်။ထိုနေ့တွင် တန်ခိုးကြီးဘုရားနှင့် ထင်ရှားသောစေတီများတွင် လူများကြိတ်ကြတ်တိုးအောင် စည်ကားသောနေ့လည်းဖြစ်သည်။
တိမ်တိုက်တိမ်လွှာကင်းစင်ပြီး ရာသီဥတုသာယာသည့် ကြယ်တာရာနက္ခတ်စုံသော တန်ဆောင်မုန်းလ အခါသမယတွင် မဟာဝိနာယကနတ်မင်းကိုပူဇော်သောအားဖြင့် မီးပုံးများလွှတ်ကြသည်။ဤဓလေ့မှာ ဗုဒ္ဓဘာသာမထွန်းကားမီက ရှိခဲ့သော ဓလေ့ပင်ဖြစ်သည်။အချို့ဒေသတွင် ဆီမီးမျှောသည့် ဓလေ့များလည်းရှိသည်။
တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်သည်။ထိုအချက်ကို "ဆန်မောင်းနင်းရေ" အမည်ရှိ ရခိုင်ကဗျာတွင် ဖော်ပြထားသည်။"ခဝဲဝင်းဝါ၊ပွင့်ပြန်လာကေ၊သီကာလည်းကုံး၊တန်ဆောင်မုန်းမှာ"ဟူ၍ ကျွန်မတို့ Grade-6 မြန်မာစာတွင် သင်ယူခဲ့ရသည်။"ခဝဲပွင့်တုန်း တန်ဆောင်မုန်း၊ခဝဲပွင့်ချိန် လှူကထိန်၊ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်" ဟူ၍ဖွဲ့ဆိုထားသည်ကို ကြည့်ခြင်းအားဖြင့် ခဝဲပန်းသည် လတန်ဆောင်၏ ရာသီပန်းဖြစ်သည်ကို အထင်အရှားဖော်ပြနေသည်။တန်ဆောင်မုန်းလသည် မီးထွန်းပွဲတော်၊တန်ဆောင်တိုင်ပွဲတော်၊ကထိန်သင်္ကန်းကပ်လှူပွဲ၊နက္ခတ်ပွဲသဘင်ပွဲများ ကျင်းပရာလလည်းဖြစ်သည်။
ဘာသာရေးဆိုင်ရာ၊ဆေးပညာဆိုင်ရာ၊ဝေဒနက္ခတ်ဆိုင်ရာ၊ရိုးရာဓလေ့ဆိုင်ရာ ပွဲလမ်းသဘင်အခမ်းအနားနှင့် ပြည့်စုံနေသည့် တန်ဆောင်မုန်းလကို ပင်းယခေတ်စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက "သရဒံရတု ကာလာနံအချိန်အခါတို့တွင် တန်ဆောင်မုန်းသည် သာယာလှပဆုံးအချိန်ဖြစ်လေသည်"ဟု မိန့်ဆိုခဲ့ပါသည်။
တန်ဆောင်မုန်းလ၏ရာသီပွဲမှာ ကထိန်ပွဲ ဖြစ်သည်။တန်ဆောင်မုန်းလတွင် ကထိန်ပွဲကို မြန်မာနိုင်ငံအနှံ့က ကျင်းပကြသည်။ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့အထိလှူဒါန်းနိုင်သည်။ ကျွန်မတို့ရွာတွင်မူ စုပေါင်းမဟာဘုံကထိန် ကျင်းပ၍ ကထိန်သင်္ကန်းကပ်လှူကြသည်။တစ်ယောက်လျှင် တတ်နိုင်သလောက် သဒ္ဓါတရားနည်းများမဆိုဘဲ တစ်ရွာလုံးပါဝင်လှူဒါန်းကုသိုလ်ယူကြသည်။ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဥ်ကာလက ဖြစ်သည်။ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် ပါဝေယျမြို့မှ ဝါကျွတ်ချိန်ကာလတွင် ကြွတော်မူလာစဥ် လမ်းခရီးတွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရဟန်းသုံးကျိပ်တို့သည် မိုးရေစိုစွတ်ကုန်၏။ရဟန်းသုံးကျိပ်တို့သည် တိစီဝရိတ်ဓူတင်ကိုပါ ဆောင်ထားကြသည်ဖြစ်၍ မိမိတို့နှင့်ဆောင်ထားသော သင်္ကန်းသုံးထည်သာရှိသည်။မိုးရေစိုစွတ်သဖြင့်လည်း လဲရန်အခြားသင်္ကန်းအပိုမရှိ။ထိုမိုးရေစွတ်သော သင်္ကန်းများနှင့်ပင် ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖူးမြော်ပူဇော်ကြရသည်ဟု ဆိုပါသည်။ယင်းသို့သော အခြင်းအရာကို ဗုဒ္ဓမြတ်စွာဘုရားရှင်တွေ့မြင်တော်မူသောအခါ ထိုရဟန်းများကိုအကြောင်းပြု၍ ပုရိမဝါကပ်ခြင်းနှင့်ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်ပေးတော်မူခဲ့ပါသည် ဟု တရားတော်များတွင် နာကြားဖူးသည်။
ထိုသင်္ကန်းကို တစ်နှစ်မှတစ်လ၊ တစ်လမှတစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း တစ်ကြိမ်သာ ကပ်လှူခွင့်ရှိပါသည်။ကထိန်သင်္ကန်းလှူဒါန်းရာတွင် လှူဒါန်းသူသည် မိမိစေတနာသဒ္ဓါ အလျောက်ဖြစ်သော လှူဒါန်းမှုဖြစ်ရမည်။သံဃာတော်များသည် ကထိန်သင်္ကန်းပေးလှူရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောလည်းကောင်း ဒါယကာ၊ဒါယိကာမများကို မဆိုနှင့် မိဘကိုပင် အလှူခံခွင့်မရှိပေ။လှူဒါန်းရာတွင်လည်း ဤဘုန်းကြီး၊ဤရဟန်းကိုလှူဒါန်းသည်ဟုစသော ရဟန်းတစ်ပါးပါးကို မရည်စူးဘဲ သံဃာကိုသာ ရည်စူးပြီး ပေးလှူရမည်။ကထိန်သင်္ကန်းကပ်လှူသောအခါ သံဃိကဒါန အဖြစ် သံဃာကိုသာ ရည်မှန်း၍ လှူဒါန်းရပေသည်။သံဃာဂုဏ်ကို ရည်မှန်းပြီး လှူဒါန်းသောသင်္ကန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ကထိန်သင်္ကန်းကို ကပ်လှူခံခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလကာလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသောရဟန်းမှသာ ခံယူခွင့်ရှိသည်။
ကထိန်သင်္ကန်း ကပ်လှူပူဇော်ခံယူရသော ရဟန်းမှာ ကထိန်သင်္ကန်း၏ အကျိုးအာနိသင်ငါးပါးကို ရရှိပါသည်။ယင်းတို့မှာ
အနီးရှိ ရဟန်းတို့အား မပန်ကြားဘဲ မြို့တွင်းရွာတွင်းသို့ ဝင်ထွက်သွားလာနိုင်ခြင်း
တိစီစရိတ်တင်သော သင်္ကန်းကိုမယူဆောင်ဘဲ သွားလာနိုင်ခြင်း
ရသမျှသင်္ကန်းကို အဓိဌာန်၊ဝိကပ္ပနာမပြုဘဲအလိုရှိသလောက် ထားရှိသုံးဆောင်နိုင်ခြင်း
မအပ်စပ်သောအသုံးအနှုန်းဖြင့် ပင့်ဖိတ်ခြင်း၊ တောင်းခံခြင်းဖြင့်ရရှိသည်ကို ခံယူသုံးဆောင်နိုင်ခြင်း
ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်ရရှိလာသော သင်္ကန်းတို့ကို ကထိန်ခင်းသောရဟန်းတို့သာ သုံးစွဲနိုင်ခြင်းဟူ၍ ကထိန်အာနိသင်ငါးပါး ရှိသည်။
ထို့ကြောင့်လည်း အလှူခံ ရဟန်းတို့သည်လည်းကောင်း၊ အလှူ့ရှင် ဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း ကထိန်ခင်းခြင်းကို အလေးအမြတ်ပြုကြခြင်းဖြစ်ပါသည်။"ကထိန်ခင်းရန် ထုတ်မိန့်ပြန် သုံးတန်သင်္ကန်းမျိုး" ဟု ဆိုသည့်အတိုင်း ကထိန်ခင်းရန် ဗုဒ္ဓမြတ်စွာဘုရားခွင့်ပြုသော သင်္ကန်းသုံးထည်ရှိပါသည်။ယင်းတို့မှာ-
?ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊
?ဧကသီ ခေါ် ကိုယ်ဝတ်သင်္ကန်းနှင့်
?သင်းပိုင်ခေါ် ခါးဝတ်သင်္ကန်းတို့ ဖြစ်ပါသည်။
ထို့အတူပင် ကထိန်သင်္ကန်းလှူဒါန်းသူတို့သည်လည်း အကျိုးခြောက်ပါးခံစားရသည်။ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးခြောက်ပါးမှာ
✅-အရပ်လေးမျက်နှာသို့ ဘေးမသီရန်မခဘဲ အတားအဆီးမရှိသွားလာနိုင်ခြင်း၊
✅-သူတစ်ပါးတို့မှ မိမိစည်းစိမ်ဥစ္စာများကို နိုင်ထက်စီးနင်း လုယက်ယူငင်မှုမပြုနိုင်ခြင်း၊
✅-ဥစ္စာများရှာဖွေရာတွင် သူတကာတို့ထက် ထူးကဲကာ အစုလိုက်အပုံလိုက်ရရှိခြင်း၊
✅- စားကောင်းသောက် ဖွယ်အထူးပေါများပြီး အစားအစာအတွက် ဘေးမဖြစ်နိုင်ခြင်း၊
✅- မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးရှုံးနိုင်ခြင်းနှင့်
✅- ရုပ်ရည်ချောမောလှပခြင်းတို့ ဖြစ်ကြပါသည်။
ကုန်းဘောင်ခေတ်စာဆိုတော် ဖိုးသူတော်ဦးမင်းက "လှူကထိန်သင်္ကန်းနှင့်၊မဂ်လမ်းတဲ့ဆုပန်ရွယ်။သည်ချိန်ကိုဝတ်မှုန်ကြဲလို့၊ခဝဲရွှေညှာရင်းမှာ၊သင်းရနဲ့ကြွယ်။ကောင်းကင်လယ်၊ထက်ဝယ်ဘုံဦး။ရွှေလစန္ဒာနှင့်၊ကြတ္တိကာ ကြယ်ရောင်ရွှန်းတယ်၊ထွန်းထိန်လို့မြူး"ဟု မြန်မာတို့၏ရိုးရာဓလေ့နှင့် တန်ဆောင်မုန်း၏ သဘာဝကို စာဖွဲ့ခဲ့သည်။
မသိုးသင်္ကန်းကပ်လှူပွဲဟာလည်း တန်ဆောင်မုန်းလ၏ ထူးခြားသော ပွဲတော်တစ်ခုဖြစ်သည်။ မသိုးသင်္ကန်းဆိုသည်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညတွင်းချင်း အပြီးရက်လုပ်လှူဒါန်းသော သင်္ကန်းမျိုးဖြစ်သည်။ရက်ကန်းခတ်သော လုံမပျိုကလေးများသည် မသိုးသင်္ကန်းရက်လုပ်ကာ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ လှူဒါန်းကြပါသည်။ဖိတ်နေ့ညဦးမှ စတင်ရက်လုပ်ပြီး လပြည့်နေ့နံနက်အာရုဏ်တက်ချိန်တွင် အပြီးသတ်အောင်ရက်လုပ်ရသည်။ထိုသို့အမွန်အမြတ် ရက်လုပ်ထားသော သင်္ကန်းကို ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အား ရည်စူး၍ စေတီပုထိုးများတွင် သွားရောက်လှူဒါန်းကပ်လှူကြရသည်။မြတ်စွာဘုရားရှင်လက်ထက်တွင် မိထွေးတော်ဂေါတမီက နန်းတွင်းသူများနှင့်အတူ မသိုးသင်္ကန်းကို ဘုရားရှင်အား ကပ်လှူခဲ့ဖူးကြောင်း လေ့လာမှတ်သားဖူးသည်။
တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ရက်ထူးရက်မြတ် တစ်ရက်ပင်ဖြစ်သည်။တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ကုသိုလ်ကောင်းမှုပြုလုပ်ရာ ပွဲတော်အများဆုံးလတစ်လဖြစ်သည်။မြန်မာ့ရိုးရာယဥ်ကျေးမှုပွဲတော်၊နက္ခတ်တာရာပွဲတော်၊ပံ့သကူပစ်ပွဲ၊မီးထွန်းပွဲ၊ဆီမီးထွန်းပွဲ၊ဆီမီးမျှောပွဲ၊ကထိန်ခင်းပွဲ၊မသိုးသင်္ကန်းကပ်လှူပွဲ စသည့်ပွဲတော်များနှင့်ပြည့်နှက်နေသည့် လတစ်လပင်ဖြစ်သည်။တန်ဆောင်မုန်းလသည် မြန်မာတို့၏ စေတနာအလှ၊သဒ္ဓါအလှ၊မနောအလှ၊စိတ်ထားအလှတို့ကို ပြသသောအခါပွဲတော်လည်းဖြစ်သည်။ကျွန်မသည် တန်ဆောင်မုန်း၏ ကြည်လင်သာယာပြီး ကြယ်တာရာတွေစုံလင်သောကောင်းကင်နှင့်အတူ ထွန်းလင်းတောက်ပစွာ လင်းလက်နေသည့် စန္ဒာလမင်းကို ငေးကြည့်ရခြင်းကို အနှစ်သက်ဆုံးဖြစ်သည်။ထိုမြင်ကွင်းသည် အလှဆုံးသောမြင်ကွင်းတစ်ခုဖြစ်သည်။ကျွန်မသည်တန်ဆောင်မုန်းလပြည့်ညတိုင်း ထိုမြင်ကွင်းကို စောင့်ကြည့်မိသည်။ရာသီသာပြီး ပွဲတော်များသည့် သာယာလှပပြီး နှင်းမှုန်ကြဲစ တန်ဆောင်မုန်းလသည် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသည့် လမြတ်တစ်လပင်ဖြစ်ပါတော့သည်။
#ချစ်ခြင်းမေတ္တာဖြင့်
Keep Reading