Author's Profile Photo

Tapathi (တပသီ)

6/11/2024

"ဆီမီးဝင်းဖြာ သီတင်းကျွတ်ချိန်ခါ"

6 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
"ဆီမီးဝင်းဖြာ သီတင်းကျွတ်ချိန်ခါ"'s photo




ဗုဒ္ဓသာသနာထွန်းကားရာ အမိမြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုများ နှင့် ဘာသာရေးပွဲတော်များကို ဆယ့်နှစ်လရာသီပွဲတော်များအဖြစ် ကျင်းပဆင်နွှဲလျက်ရှိသည် ။ ထို‌ပွဲတော်များအနက် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုးပြီးသည့်အချိန် မိုးစက်မိုးပေါက်လေးများ ပျောက်ကွယ်ကာစဖြစ်ပြီး ‌ဆောင်းရာသီ၏ အငွေ့အသက်လေးကို ဆောင်ယူလာသည့် မြန်မာပြက္ခဒိန်၌ ခုနှစ်လမြောက်တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကျင်း‌ပကြသည် ။"ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး "ဟူသော ရှေးတောင်သူလယ်သမားများ၏ မိုးလင်္ကာသည် ဘုရားဆွမ်းတော်တင်သည့် သံပုတ်ပလ္လင်တော်ကို နောက်ဆုံးဆေးကြောသည့် အနေဖြင့် နှုတ်ဆက်ရွာသွန်းသော မိုးကို ဆိုကြပေသည်။


ဆယ့်နှစ်လရာသီပွဲတော်များထဲမှ ဆီမီးတဖြိုင်ဖြိုင်နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်သည် ချမ်းမြေ့ကြည်နူးစရာပင်ဖြစ်၏ ။ စိတ်သဘောထားပြည့်ဝကြ‌ပြီး သူတစ်ပါးဒုက္ခ‌‌ရောက်လျှင် မျက်ကွယ်မပြုရက်ဘဲ ကူညီဖေးမတတ်ကြသော မြန်မာတို့သည် ဘဝကို ရောင့်ရဲမှုဖြင့် အေးချမ်းစွာ နေထိုင်စားသောက်ကြ‌လေသည် ။ အေးချမ်းရာကို မြတ်နိုးကြသူများပင်ဖြစ်၏ ။ မြတ်ဗုဒ္ဓ၏ ဆုံးမမှု လမ်းစဉ်တို့ကို လိုက်နာကျင့်သုံးကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို တတ်စွမ်းနိုင်သမျှ ပြုလုပ်လှူဒါန်းကြလေသည် ။ "မရှိလို့ မလှူ ၊ မလှူလို့ မရှိ "ဆိုသည့်အတိုင်း သဒ္ဒါတရားထက်သန်ကြသော မြန်မာတို့သည် နည်းသည် များသည် ပဓာန မထားကာ ငွေအားဖြင့်သော်လည်းကောင်း လုပ်အားဖြင့်‌သော်လည်းကောင်း ကိုယ်စွမ်းရှိသမျှ ဒါနပြုကြသည့် ‌‌ဂုဏ်ယူစရာ လူမျိုးပင်ဖြစ်သည် ။ ဤသည်ကို မြန်မာတို့၏ ဆယ့်နှစ်လရာသီကာလနှင့် ဆယ့်နှစ်လရာသီပွဲတော်များကိုကြည့်လျှင် သိမြင်နိုင်သည် ။ ထိုမျှမက မြန်မာ့ထုံးတမ်းစဉ်လာတွင် လပြည့်နေ့တိုင်းပွဲတော်ကျင်းပလျက်သည် ။ ပွဲတော်ရက်များတွင် အနီးနားတည်ရှိရာ ဘုရား ၊ ဓမ္မာရုံ စသည့်ကုသိုလ်ပြုအေးချမ်းဖွယ်နေရာများတွင် အလှူအတန်းနှင့်ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။


သီတင်းကျွတ်ချိန်ခါတွင် အိမ်တိုင်းအိမ်တိုင်း၌ ညအမှောင်ကို အလင်းဆောင်ပေးသည့် ဆီမီးလေးများ ထိန်ထိန်လင်းကာ ထွန်းညှိပူဇော်ထားကြသည်။ သည့်အပြင် လမ်းများ ၊ ဘုရားစေတီများ ၊ ဓမ္မာရုံ စသည့် နေရာအနှံ့တွင် ရွှေဝါရောင် ဆီမီးလေးများဖြင့် ဝင်းဝင်းလက်လက်မြင်ရသည်မှာ ကြည်နူးဖွယ်ရာပင်။ အားလပ်ရက်ဖြစ်သော ကလေးငယ်များအတွက် အနားယူချိန်ဖြစ်ပြီး ပျော်ရွှင်စွာ ‌ဆင်နွှဲကြရသည်။ နေ့ထူးနေ့မြတ်များတွင် လူကြီးမိဘများထံ ဂါရဝပြုကန်တော့ကြသည့် အစဉ်အလာအရ သီတင်းကျွတ်လပြည့်နေ့တွင်လည်း လက်ဆယ်ဖြာမိုး၍ အလေးအမြတ်ထားကာ ရှိခိုးကန်တော့ကြပါသည် ။ မီးပုံးပျံများလွှတ်တင်ခြင်း ၊ ဗြောက်အိုးနှင့်မီးရှုးမီးပန်းများ ဝေဝေဆာဆာဖြင့် ‌ဆော့ကစားကြခြင်း (အန္တရာယ်များသည်ဖြစ်သော်လည်း ကလေးများအတွက်တော့ အောက်မေ့ဖွယ်ရာ ပျော်ရွှင်မှုတစ်ခုပင်) ၊ မိမိတို့အိမ်တွင် ဆီမီးများ ထွန်းညှိခြင်း စသည်တို့ ပြုလုပ်ကြသည် ။ လူကြီးသူမများအတွက်လည်း ဥပုတ်သီလဆောက်တည်ခြင်း ၊ ဂါရဝပြုကန်တော့ကြသည့်အတွက် ဝမ်းသာပီတီဖြစ်ရခြင်း ၊ အိမ်၌ ကိုးကွယ်ရာ ဘုရားတွင်လည်း ဆီမီးပူဇော်ခြင်း တို့ ဆောင်ရွက်ကြသည် ။ ယခုအခါ၌ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများအရ ဖယောင်းတိုင် ၊ ဆီမီးများသာမက လျှပ်စစ်မီးအလှများ တပ်ဆင်ကာ နေအိမ်များကို လှပခမ်းနားစွာ ဆင်နွှဲလာကြသည် ။



ထိုသို့ဆီမီးများ ဝင်းဖြာလျက် ထွန်းညှိပူဇော်ကြခြင်းကို မီးမြင်းမိုရ်ပွဲဟူ၍လည်း ခေါ်ဆိုကြသည်။ ကျယ်ပြန့်ပြည့်ဖြိုးကာ တင့်တယ်လှသော ကောင်းကင်ကြီးတွင် လပြည့်ဝန်းက လုံးဝန်းဝိုင်းစက်လျက် ထပ်မံပြည့်စုံစေကာ ညတစ်ည၏အနှစ်သာရကို အပြည့်အဝချမ်းမြေ့ဖွယ်ခံစားရလေသည်။ မီးမြင်းမိုရ်ပွဲသည် ပုဂံခေတ်တည်းက ကျင်းပခဲ့သည်ကို ပုဂံမြို့ မြင်းကပါဂူပြောက်ကြီး ဘုရားရှိ မြတ်စွာဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းလာပုံပန်းချီကို ကြည့်၍ ယူဆနိုင်လေသည်။



မီးပုံးပျံများလွတ်တင်ကြခြင်းသည် နတ်ပြည်၌တည်ရှိသည့် "စူဠာမဏိစေတီတော်" ကို မီးပူ‌ဇော်သည့်အနေဖြင့် လွှတ်တင်ကြခြင်းပင် ဖြစ်သည်။ စူဠာမဏိစေတီတော် ဖြစ်ပေါ်လာပုံမှာ သိဒ္ဓတ္ထမင်းသားတောထွက်တော်မူသောအခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့်ခံယူထားလိုက်သည်။ သိကြားမင်းသည် ထိုဆံတော်များကို ဌာပနာ၍ စူဠာမဏိစေတီတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။



သီတင်းကျွတ်လပြည့်နေ့အား တစ်နည်းအားဖြင့် ဘုရားဆုပန်သည့်နေ့ဟူ၍လည်း သတ်မှတ်ကြလေသည်။ အကြောင်းမှာ မြတ်စွာဘုရားဆင်းသက်လာတော်မူသည့် ပတ္တမြားစောင်းတန်းအပြင် လက်ယာဘက်၌ ရွှေစောင်းတန်းဖြင့် နတ်တို့ ခြံရံလိုက်ပါကာ လက်ဝဲဘက်၌ ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းအပေါင်းတို့ ခြံရံလိုက်ပါလာလေသည်။ သင်္ကဿနဂိုရ်ပြည်ရှိ စောင်းတန်း၌ ခြေတော်ကို ချမိလျှင်ပင် ဘုရားရှင်၏ တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က ရှေးဦးစွာပူဇော်ကန်တော့သည်။ ဤသည်ကို တွေ့မြင်ဖူး‌‌မြော်ကြရသော ၃၆ ယူဇနာအတွင်းရှိ လူသားအပေါင်းတို့သည် တင့်တယ်လှ၍ အသေရေတော်ရှိတော်မူသည်ကို သိမြင်ကြပြီး ဘုရားဆုပန်ကြသည်မှာ တစ်ယောက်မျှပင် မကျန်ရှိချေ။ သို့ဖြစ်ပါ၍ ဘုရားဆုပန်နေ့သည့်ဟု သတ်မှတ်ခေါ်ဆိုကြခြင်း ဖြစ်သည်။



ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်ချိန်ခါတွင် သုံးလောကထွဋ်ထား မြတ်စွာဘုရားသည် သိဒ္ဓတ္ထမင်းသားဘဝ၌ သီရိမဟာမာယာဘွဲ့ အမည်ရှိခဲ့သည့် မယ်တော်ကိုကျေးဇူးဆပ်တရားဟောကြားလေသည်။လူ့ပြည်၌ မယ်တော်၏အမည်မှာ"သီရိမဟာမာယာဒေဝီ" ဖြစ်၍ နတ်ပြည်တွင် "သန္တုသိက" အမည်ရ နတ်သားဖြစ်လေသည်။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးအား အနာဂါမ်တည်သည်အထိ တရားဖြင့် ကျေးဇူးဆပ်‌တော်မူခဲ့သည်။ အနာဂါမ်ဟူသောအဓိပ္ပာယ်သည် အရိယာလေးဆင့်တွင် တတိယအဆင့်၌ တည်သောပုဂ္ဂိုလ်။ ကာမဘုံသို့ ပြန်မလာသူဟု အဘိဓာန်တွင်ဖွင့်ဆိုထားလေသည်။ တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ဖြစ်၍ အနာဂါမိမဂ်ကို ရသောသူဖြစ်သည်။ ကျေးဇူးဆပ်ရန် ကျန်သေးသော မယ်တော်အတွက် နတ်ပြည်သို့ ကြွ‌တော်မူခြင်းဖြစ်၏။



ထိုအချိန်အခါသမယ၌ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူခဲ့လေသည်။ အကြောင်းမှာ မယ်တော်အဖြစ် တော်စပ်ခဲ့ဖူးသော သန္တုသိက နတ်သားကို အဘိဓမ္မာခုနှစ်ကျမ်း ဟောကြာတော်မူခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍(ပဝါရဏာပြုခြင်းဟူသည် အဘိဓာန်တွင် အပြစ်ရှိလျှင်ဆုံးမပါဟု ရဟန်းတစ်ပါးစီက သံဃာအား ဖိတ်ကြားမှုဟူ၍ဖြစ်သည်။ထိုကဲ့သို့ပင် သာသနာ့တာဝန်ထမ်းဆောင်နေကြသော ရဟန်းတော်တို့သည် မိမိတို့၏ အပြစ်များကို ဖွင့်ဟပြောဆိုကာ ဝန်ချတောင်းပန်ကြပြီး သာသနာတော်တိုးတက်ကောင်းမွန်စေရေးအတွက် သုံးသပ်ဝေဖန်ကြသောပွဲလည်းဖြစ်၏။) လူပြည့်သို့ ဆင်းသက်လာခဲ့သည်။ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဏုကမ္ဗ‌လာမြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုသိကအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကိုဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ ဤသည်ကို အကြောင်းပြု၍ အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကာ ပူဇော်ကျင်းပကြသည်။ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း ၉၀ ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာအပေါင်းအား ဟောကြားပြီးဆုံးသည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ပင်ဖြစ်သည်။ အဘိဓမ္မာတရားတော်သည် လူ့သက်တမ်းအားဖြင့် ဝါတွင်းသုံးလကြာမြင့်သော်လည်း နတ်သက်တမ်းအားဖြင့် အချိန်အနည်းငယ်မျှသာ ဖြစ်၏။အရှင်သာရိပုတ္တရာသည် တပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာတော်ကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ပင် ဖြစ်သည်။ အဘိဓမ္မာတရားတော်ကို ဗုဒ္ဓဘာသာဝင်တို့ ကြားနာခွင့်ရခြင်းသည် ရှင်သာရိပုတ္တရာ၏ ‌ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။



ဤသို့‌‌သော အကြောင်းအရာများကို အကြောင်းပြု၍ အဘိဓမ္မာတရားတော်သည် မည်မျှနက်နဲထူးကဲစေကြောင်း သိမြင်နိုင်သည်။ အဘိဓမ္မာတရားတော်၏ နက်နဲဆန်းကျယ်ပုံမှာ အခြားတရားတော်များနှင့်မတူ နတ်ပြည်တစ်လှည့်၊ လူ့ပြည်တစ်လှည့် ဟောကြားတော်မူရပြီး ကြားရသူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့သည်လည်း သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်း၍ အေးချမ်းရာမြတ်နိဗ္ဗာန်သို့ ပြောင်းရွေ့နိုင်စွမ်းသော စွမ်းအားများ ရရှိကြလေသည်။ ထို့အပြင် အဟိတ်တိရစ္ဆာန်များသည်လည်း အဘိဓမ္မာဒေသနာဟောကြားသံကို မှတ်ယူဆင်ခြင်ကြည်ညိုရုံမျှဖြင့် တိရစ္ဆာန်ဘဝမှ လွတ်ကျွတ်ကာ မြတ်သောဘဝသို့ ရောက်ကြရသည်မှာအလွန်ပင် ထူးကဲလှပေသည်။ အဟိတ်တိရစ္ဆာန်ဟူသည် ဟိတ်မဲ့စိတ်နှင့်ပဋိသန္ဓေနေ‌သော ကျွဲ၊နွား စသောတိရစ္ဆာန်ဟူ၍ အဓိပ္ပာယ်ရ‌‌လေသည်။ဟိတ်ဟူသည် ဟေတုမှ ဆင်းသက်လာသောစကားဖြစ်၍ ကုသိုလ်၊အကုသိုလ်တို့၏ အ‌ကြောင်းတရား အရင်းအမြစ်ဟု ဆိုခြင်းဖြစ်၏။ အဟိတ်ပုဂ္ဂိုလ်တို့သည် လောဘ၊ ဒေါသ၊ မောဟများလေသည်။ အဟိတ်ဖြစ်သည်ဆိုကတည်းက ကုသိုလ်ဖြင့်ခွင့်အင်မတန်နည်းပါးလေသည်။ ထို့ကြောင့်လောက၌ ကုသိုလ်ဖြစ်ခွင့်ရရေးထက် အကုသိုလ်လမ်းကိုသာ လျှောက်နေသူမျိုး‌တွေကို လူ့တိရစ္ဆာန်ဟု အဟိတ်တိရစ္ဆာန်များနှင့် နှိုင်း၍ ပြောဆိုကြလေသည်။

ဘုရားအလောင်းကား ပါရမီဖြည့်နေသူဖြစ်ခြင်းကြောင့် တိရစ္ဆာန်ဘဝများရောက်သော်လည်း စိတ်ဓာတ်အားဖြင့် မြင့်မြတ်သည့် ဘဝချည်းသာ ဖြစ်ခဲ့၏။ အဟိတ်တိရစ္ဆာန်ပင်ဖြစ်သော်လည်း သာသနာတော်မြတ်ကြီးနှင့်ကြုံ၍ ကောင်းကျိုးချမ်းသာရရှိသွားသည့် သာဓကများစွာရှိခဲ့လေသည်။ လူပင်ဖြစ်သော်လည်း ဓမ္မအသိကိုမှ သိအောင်မလုပ်လျှင် အဟိတ်ပင်ဖြစ်နိုင်သေး၏။ အဟိတ်ပင်ဖြစ်သော်လည်း သာသနာနှင့်တွေ့ကျိုးနပ်အောင် အားထုတ်ကြသည့် သူတို့လေးတွေ၏ အဖြစ်သည် မိမိတို့အား သံဝေဂတစ်ခုဖြစ်လျှင်ပင် ကျေနပ်နေမည်ဟု စာဆိုရှင်များက ရေးဖွဲ့ခဲ့ဖူးလေသည်။



သီတင်းကျွတ်ဟူသည် သီတင်းချွတ်ဟူသော စကားမှပေါ်ပေါက်လာခဲ့သည်။ သီတင်းချွတ်ဟူသည် သီတင်းသီလဆောက်တည်သူတို့ ချွတ်လွတ်ကုန်ဆုံးအောင်ပြုလုပ်သည်ဟူ၍ အနက်အဓိပ္ပာယ်ရသည်။ ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သောကြောင့် ဝါ‌ဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့သည်လည်း လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်းသုံးနိုင်ကြလေသည်။ သည့်အပြင် လောကီလူသားတို့လည်း ထုံးစံအရ အိမ်ရာထောင်ခြင်း ပြုနိုင်ကြပေသည်။




ဘုရားရှင်ကြွဆင်းလာသည်ကို သင်္ကဿနဂိုရ်၊သာဝတ္တိ၊ဝေသာလီ၊ရာဇဂြိုလ်၊ ဗာရာဏသီစသည့် မြို့များမှ ပြည်သူတွေသည် ဆီမီး၊ပန်း၊နံ့သာ၊မီးရှူး၊မီးပန်းများနှင့် ပူဇော်ပြီး ကြိုဆိုခဲ့ကြ၏။ ထိုသို့ပူဇော်ခဲ့ကြသည့် အစဉ်အလာကိုယူပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ရက်များ၌ ဆီးမီးထွန်း၍ ပူဇော်ကြရာမှ သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်လာသည်ဟု မှတ်သားရပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ရက် (အဖိတ်နေ့)၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပကြသည်။

သီတင်းကျွတ်လတွင် အထိမ်းအမှတ်ပန်းမှာ ကြာဖြူပန်း ဖြစ်၏။

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်
ရွှေမန်းတောင်တော်ဦးမှာလ
ကွန့်မြူး မြင်းမိုရ်မီး
ညီးတဲ့ခါချိန်။

ရှိဦးငယ်နှိမ်
သုံးကြိမ်ပ ရိုပျောင်း
သက္ကစ္စဂါရဝါနှင့်
စဥ်အလာ ပူဇော်ပွဲပေမို့ကွယ်
နွှဲကြပုံမောင်း။ ဟု ဖိုးသူတော်ဦးမင်းမှ ရေးဖွဲ့ထားခဲ့လေသည်။

ကြာမျိုးငါးမည်ဆိုသည်ဝယ် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်-ကြာပုဏ္ဍရိတ်၊ ကြာခေါင်းလောင်း-ကြာပုဏ္ဍရိတ်တို့ပင် ဖြစ်သည်။


တူရာသီဖြစ်သည့် သီတင်းကျွတ်လကို "သီတင်းကျွတ်ပြီ တူရာသီ အာသဝဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း" ဟု ကင်းဝန်မင်းကြီးမှ ဖွဲ့ဆိုခဲ့လေသည်။ မြန်မာလများတွင် သတ္တမမြောက်လဖြစ်၍ မိုးဥတုတွင်ပါဝင်သောကြောင့် ရှေးအခါက သီတင်းကျွတ်လဟူ၍ မခေါ်ဆိုကြဘဲ သန်တူလဟုလည်း ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။ သန်တူလဧ။်အဓိပ္ပာယ်မှာ ဝဿနမိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ဆိုသည်။

ထိုကဲ့သို့မြန်မာနိုင်ငံတွင် ကုသိုလ်ပြုလှူဒါန်းဖွယ်ရာပွဲတော်များနှင့် သီတင်းကျွတ်ပွဲတော်ကဲ့သို့ ဘာသာရေးပွဲတော်များစွာ ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာတို့၏ ချစ်စဖွယ်ရိုးရာဓလေ့များနှင့် ပျော်ရွှင်စရာပွဲတော်များကို မပျောက်ကွယ်စေရန်နှင့် ထိန်းသိမ်းကြရန် ကျွန်ုပ်တို့တတွေ၌ တာဝန်ရှိလေသည်။ ရွှေဝါရောင် တလက်လက်ဖြင့် ခေတ်မီတိုးတက်သော အမိမြန်မာနိုင်ငံတော်ကြီးအဖြစ် အစဉ်ကောင်းမွန်စွာ ဖွံ့ဖြိုးစေရန် အေးချမ်းသောသီတင်းကျွတ်အခါသမယ၌ ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။


စာဖတ်သူအပေါင်းတို့လည်း အစဉ်ထာဝရ ချမ်းမြေ့ပျော်ရွှင်ကြပါစေရှင်။

ကိုးကား - ဗုဒ္ဓဝင်၊လောကဓမ္မရသစုံစုံ
YouTube ,Google

#Tapathi













Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ