Author's Profile Photo

မြ (စံကားဝါမြေ)

6/11/2024

❝ တစ်နှစ်တစ်မျိုး မရိုးရတာ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပါ။ ❞

4 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
❝ တစ်နှစ်တစ်မျိုး မရိုးရတာ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပါ။ ❞'s photo

မြရဲ့ ယခု ရာသီဖွဲ့ဆောင်းပါးလေးကတော့ မြငယ်စဉ်တောင်ကျေး ကလေးဘဝကနေ ယခုအချိန်ထိ တွေ့ကြုံခံစားခဲ့ဖူးတဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်လတွေရဲ့ အမှတ်တရအချို့ကို စုစည်းရေးသားသွားမှာပါရှင်။

သီတင်းကျွတ်ချိန်ခါဝယ်....


သီတင်းကျွတ်လပြည့်နေ့ မနက်ကြီး အစောကြီးမှာဆိုရင် မြဘွားဘွားရဲ့ မိဘ‌တွေ တည်ထားခဲ့တဲ့ ရွာအို/ရွာသစ် ဘုန်းကြီးကျောင်းက ဘုရားပွဲတော်ကို ဆွမ်းတော််ကပ်ပြီး ဆွမ်းသပိတ်လုံး သွားရောက် လှူဒါန်းတဲ့ ဓလေ့ရှိကြပါတယ်။ ယခုအချိန်ထိလည်း နှစ်စဉ်မပျက်မကွက် ကုသိုလ်ယူပြီး ဘိုးဘွားအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နေဆဲပါရှင်။ ဘုရားပွဲမှာ မြကို သူငယ်တန်းကနေ စတုတ္ထတန်းအထိ သွန်သင်ဆုံးမ သင်ကြားပြသပေခဲ့တဲ့ ဆရာမနဲ့လည်း အဘိုး၊ အဘွားတွေရဲ့ မွေးရပ်မြေတူနေတော့ နှစ်စဉ်ဆုံတွေ့ခွင့် ရပါသေးတယ်ရှင်။ ဒါ့အပြင် မနှစ်တုန်းက ရယ်စရာ အမှတ်တရလေးတစ်ခုကတော့ အဲဒီရွာဘုရားပွဲမှာ မြနဲ့ မြမမ နှစ်ယောက်သား ဘုရားပွဲတော်မှာ ဆွမ်းကပ်ပြီး ပဲများကြတယ်ပဲ ဆိုပါတော့။ ဆွမ်းတော်ကပ်ပြီးချိန်မှာ "ဓာတ်ပုံရိုက်ကြမယ်" ဆိုပြီးတော့ လျှောက်ပတ်သွားရင်း ဘုရားနှစ်ဆူကြားထဲက ပုစွတ်ထိုးခံခဲ့ရတာပေါ့ရှင်။ မြ မမက (၃)ချက်ပဲ ထိုးခံရပေမယ့် သူက ဆေးပါထိုးလိုက်ရသေးတယ်။ မြက (၇)ချက်ကို ထိုးခံရပေမယ့် ဘာမှမလုပ်လိုက်ရလို့ တော်သေးတာပေါ့ရှင်။ အဲ့တုန်းကတော့ ပူထူပြီး တဆစ်ဆစ်နဲ့ကိုက် အတော်လေးကို ထုံကျင်ကိုက်ခဲခဲ့တာပေါ့ရှင်။ အခုအချိန်မှာတော့ ‌အမှတ်တရလေးတစ်ခုအဖြစ် ကျန်ရှိခဲ့‌တော့တာပေါ့ရှင်။

သီတင်းကျွတ်လမှာ မိမိစုဆောင်းထာတဲ့ မုန့်ဖိုး၊ လစာလေးတွေနဲ့ လူကြီးမိဘ၊ ဆရာသမား၊ ဆွေမျိုးသားချင်းတွေကို သွားရောက် ကန်တော့တဲ့ ထုံးစံဟာလည်း မပျက်မကွက် တည်ရှိလျက်ရှိပါတယ်ရှင်။ မြကတော့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေကို မုန့်ဖိုးစုပြီး တတ်နိုင်သလောက် ကန်တော့ဖြစ်ပါတယ်။ ဆရာ/မကို ကန်တော့တဲ့အခါ မြတစ်ယောက်ထဲ သွားရောက်ကန်တော့ဖြစ်တဲ့နှစ်ရှိသလို သူငယ်ချင်းတွေစုပြီး ကန်တော့ဖြစ်တဲ့နှစ်လည်း ရှိခဲ့တာပေါ့ရှင်။ သူငယ်ချင်းတွေနဲ့ စုပြီး သွားကန်တော့တာက တစ်ယောက်ထဲ သွားကန်တော့တာနဲ့ ကုသိုလ်ရတာချင်း တူညီပေမယ့် ခံစားမှုအရသာကတော့ မတူနိုင်ပါဘူးရှင်။ သူငယ်ချင်းတွေနဲ့ဆိုရင် ဆရာ/မကန်တော့ပြီး ဆိုင်ကယ်တွေနဲ့ မုန့်ပတ်စားကြတာတွေ၊ ဘုရားတွေ ပတ်ဖူးကြတာတွေ၊ ကစားကွင်း/ရုပ်ရှင်ရုံတွေ လျှောက်သွားကြသေးတာတွေက ပိုက်ဆံပိုကုန်ပေမယ့် အလွန့်အလွန်ကို ပျော်စရာကောင်းတာပေါ့ရှင်။

မြ ငယ်ငယ်တုန်းက သူများတွေ မီးသရဲတွေလုပ်ကြ၊ မီးပန်းတွေ ဖောက်ကြ၊ ဗျောက်အိုးတွေ တအုန်းအုန်း ဖောက်နေကြသော်လည်း မြမှာတော့ ကြောက်လွန်းလို့ မဖောက်ရဲခဲ့ပါဘူးရှင်။ မြက အာလူးဗျောက်လေးတွေပဲ (၁၀၀)ဖိုး (၃)လုံးနဲ့ ဖောက်ခဲ့ဖူးပါတယ်ရှင်။ ယခင်နှစ်တွေတုန်းက သီတင်းကျွတ်ရာသီဆိုရင် ဗျောက်အိုးဖောက်သံတွေ တအုန်းအုန်း၊ ကောင်းကင်ယံထက်မှ ရောင်စုံမီးရှူးမီးပန်း ရောင်စုံတွေနဲ့ ကြောက်လန့်ပျော်ရွှင်ဖွယ် ကောင်းခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဗျောက်ဖောက်သံတွေလည်း ဆိတ်သုဉ်းပျောက်ကွယ် သွားခဲ့ရပါပြီး မီးရှူးမီးပန်းများကိုလည်း တရုတ်သိုင်းကားထဲမှာသာ တွေ့မြင်နိုင်ပါတော့တယ်ရှင်။

တန်ဆောင်မုန်းလချိန်ခါဝယ်....


2015ခုနှစ် တန်ဆောင်မုန်းလတုန်းက အမှတ်တရလေးတစ်ခုကတော့ မြ စတုတ္ထတန်းနှစ်မှာ မြတို့ကျောင်းရဲ့ ကထိန်ပွဲတော်လေးက တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသား/သူအားလုံး ကထိန်အလှည့် လိုက်ခွင့်ရှိတာပေါ့ရှင်။ မြ အဲ့တုန်းက အလွန့်အလွန်ကို ပျော်ခဲ့တာပါ။ ကျောင်းအုပ်ဆရာမကြီးကအစ ဆရာ/မအားလုံး အပါအဝင် ကျောင်းသား/သူအားလုံးကလည်း တက်တက်ကြွကြွနဲ့ ကိုယ့်အတန်းအလိုက် ပဒေသာပင်ကိုယ်စီသီးပြီး "ကထိန်ပွဲတော်" သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်ရှင်။ မြတို့ကျောင်းရဲ့ ကထိန်အလှည့်ကြီးမှာ ကျောင်းသား/သူအားလုံး အစိမ်းနဲ့အဖြူ ကျောင်းဝတ်စုံလေးတွေနဲ့ သူငယ်တန်းလေးတွေကနေ ဒသမတန်းအထိ အစဉ်လိုက် ပဒေသာပင် ကိုယ်စီသီးပြီး တန်းစီကာ လှည့်လည်နေတဲ့ မြင်ကွင်းလေးကို မြ တစ်သက်(လုံးဝ)ကို မမေ့ရက်နိုင်ပေ။ အဲဒီတုန်းက သူငယ်တန်းကလေးတွေက ကထိန်ကျတဲ့ ဘုန်းကြီးကျောင်းကို ရောက်တဲ့အချိန်မှာ ဒသမတန်းက ကိုကိုမမတွေက စထွက်ခါစအချိန်အခါတဲ့။ အဲဒီလိုကြားလိုက်တဲ့အခါမှာလည်း "Wow!! တို့ကျောင်းက လူဦးရေက အဲ့လောက်တောင် များတာလာပေါ့" ဆိုပြီး တော်တော်လေးကို အံ့ဩခဲ့ရသေးတာပေါ့ရှင်။ မြဆီမှာ အဲ့ဒီပွဲတုန်းက CDခွေလေး ရှိသေးပေမယ့် အခွေက ထစ်သွားတော့ ကြည့်လို့ အဆင်မပြေနိုင်တော့ပေမယ့် အမှတ်တရလေး ရှိသေးတယ်လို့ ပြောရမှာပေါ့ရှင်။

တန်ဆောင်မုန်းလ ကထိန်ပွဲတော်ရာသီမှာ ရပ်ကွက်ထဲရှိ ကျေးရွာပြည်သူ/သားများ စုပေါင်းပြီးတော့ "စုပေါင်းမဟာဘုံကထိန်" ဟူ၍လည်း ကျင်းပကြပါသေးတယ်ရှင်။ ဒါ့အပြင် တန်ဆောင်မုန်းလပြည့်‌နေ့မှာဆိုရင် မြ ငယ်ငယ်က အိမ်မကပ်ပါဘူး။ မနက်ဖြန် မုန့်ဖိုးတောင်းရမယ့်နေ့ဆိုရင် ဒီနေ့လောက်ကတည်းက အိတ်ကြီးကြီး ရှာပြီး မုန့်ဖိုးလည်တောင်းဖို့ သူငယ်ချင်းတွေနဲ့ ညှိထားတာပါ။

"ကဲ.... တန်ဆောင်မုန်းလပြည့် မုန့်ဖိုးတောင်းတဲ့နေ့လည်း ရောက်ရော့" မြတို့အိမ်နားက မြနဲ့ရွယ်တူ မတိမ်းမယိမ်း သူငယ်ချင်းတွေနဲ့ မနက်ကြီးကစပြီး ညနေ နေဝင်တဲ့အထိကို တစ်မြို့လုံး ပတ်တောင်းခဲ့ဖူးပါတယ်။ ချိုချဉ်ကမ်းတဲ့အိမ်ရှိသလို မုန့်ဖိုး (၅၀)စီ ပေးတဲ့အိမ်လည်း ရှိတာပေါ့ရှင်။ တစ်ယောက်ကို မုန့်ဖိုး(၁၀၀)စီ ပေးလိုက်တဲ့အိမ်ဆိုရင် တအားကို သဘောကျတာပြီး နောက်တစ်ခေါက်တောင် ပြန်သွားချင်မိပါတယ်။ ဘာလို့လဲဆိုရင် အဲဒီတုန်းက ငွေကျပ် (၁၀၀)က တော်တော်လေးကို အဖိုးတန်တာကိုး။ အဲ့တာလေးကတော့ မြငယ်ငယ်က မရှက်မကြောက်နဲ့ ခြေထောက် ညောင်းလို့ညောင်းမှန်း မသိဘဲ မုန့်ဖိုးရချင်ဇောနဲ့ သွား‌ရောက်ခဲ့တဲ့ အမှတ်တရလေးပေါ့ရှင်။ အသက်ကြီးလာတော့ မုန့်ဖိုးတောင်းကို သိပ်မသွားရဲတော့ဘူး။ "နည်းနည်း ရှက်လာတာပေါ့ရှင်" ဟဲ။

နောက်ထပ်တစ်ခုကတော့ မြတို့ဘက်မှာ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ဗလာမပါ ကံစမ်းမဲများ နှိုက်ရပြီး စတုဒိသာတွေနဲ့လည်း ကျွေမွေးဧည့်ခံကြပါသေးတယ်။ တမ္ပဝတီဈေးနားလေးက အိမ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ထမင်းကို ကြက်သားနဲ့ ပဲကုလားဟင်း ဟင်းအမယ်နှစ်မျိုးနဲ့ လာသမျှပရိတ်အားလုံးကို စတုဒိသာ ကျွေးမွေးပြီး ဗလာမပါ ကံစမ်းမဲကို တန်းစီနှိုက်ရပါတယ်။ အဲ့ဒီအိမ်ကို သွားလိုက်မိရင် မြတို့ နေ့လယ် (၁)နာရီက စပြီး တန်းစီတယ်ဆိုပါတော့ ညနေ (၆)နာရီလောက်မှ မြတို့အလှည့်ရောက်ပါတယ်။ အဲ့လောက်ထိကို လူဦးရေက တိုးကျိတ်ပြီး တန်းစီစောင့်ခဲ့ရတာပေါ့ရှင်။ သို့သော်လည်း COVID-19 ဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲဒီစတုဒိသာကျွေးမွေးပွဲ အမှတ်တရလေးတွေကလည်း လူစုလူဝေးမလုပ်ရတဲ့အတွက်ကြောင့် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့ရပြန်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ညမှာ တစ်ချို့က "ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ပိုက်ဆံ"၊ တစ်ချို့က "ထီး၊ အဝတ်အထည်၊ ဖိနပ်"၊ တစ်ချို့ကတော့ "ဤစာရွက်လေးကို တွေ့တဲ့သူသည် ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်၊ ဘယ်လမ်းထဲက ဘယ်သူ့အိမ်ကို ဘာပစ္စည်းလေး လာထုတ်ပါ" ဆိုတဲ့ စာရွက်ကလေးတွေနဲ့ ပံ့သကူပစ်ကြပါတယ်ရှင်။ မြ မနက်အစောကြီး လမ်းလျှောက်ထွက်ရင်းနဲ့ ပံ့သကူလည်း လိုက်ရှာခဲ့ဖူးပါတယ်။ စောစောစီးစီး မှောင်မှောင်မဲမဲမှာ ဓာတ်မီးတဝင်းဝင်းနဲ့ လိုက်ရှာတဲ့အခါ "ဆန်ထုပ်ရယ်၊ ဖိနပ်ရယ်၊ ပိုက်ဆံရယ်" ရှာတွေ့ခဲ့ဖူးပါတယ်။

သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလမှာ တူညီစွာ ကျင်းပကြတာလေးတွေကတော့...


မြတို့ဒေသမှာဆိုရင် သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း လဆန်း(၁၄)ရက်ညမှာ ဆီမီးများကိုင်ဆောင်ပြီး အလှည့် လှည့်လည်ကာ ဘုရားပွဲတော်များ ကျင်းပကြပါတယ်။ ညချမ်းအချိန်ခါတွင် အိမ်တိုင်းအိမ်တိုင်းမှာလည်း ရောင်စုံမီးတွေ၊ ‌ဖယောင်းတိုင်တွေ ထွန်းညှိပြီး တာဝတိံသာနတ်ပြည်မှာရှိတဲ့ မယ်တော်ထံကို ကြွမြန်း၍ ကျေးဇူးဆပ်တော်မူသော မြတ်စွာဘုရားအား ဆီမီးများဖြင့် ပူဇော်ကြပါတယ်။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာ မီးပုံးပျံတွေ လွှတ်တင်ကြပြီး လိုရာဆုများလည်း တောင်း‌‌ဆိုလေ့ရှိကြပါတယ်။

မြက‌တော့ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာ ငယ်ငယ်ကတည်းက ယခုအချိန်ထိ သဲပုံစေတီ ဆောက်လုပ်ပြီး နှစ်စဥ်ဆီမီးပူဇော်ဖြစ်ပါတယ်ရှင်။ ညမရောက်ခင် နေ့ခင်းဘက်‌တွေမှာ သဲပုံစေတီဆောက်ပြီး တစ်ရပ်ကွက်လုံးပတ်ပြီးတော့ ပန်းလိုက်ခူးပါတယ်။ ပန်းပွင့်လေးတွေ အစုံရလာရင် ညမရောက်သေး‌တော့ ဖယောင်း‌တိုင်မထွန်းသေးဘဲ ပန်းပွင့်တွေနဲ့ အလှဆင်ထားတာပေါ့ရှင်။ သဲပုံစေတီရဲ့ အတွင်းပိုင်းမှာ ဝင်ပေါက်၊ ထွက်ပေါက်နဲ့ လှိုဏ်ဂူကြီးတွေလည်း ဖောက်လုပ်ထားပါသေးတယ်။ မြ အသက်ဘယ်လောက်ပဲ ကြီးသွားပါစေ ကလေးစိတ်က မပျောက်သေးတဲ့အတွက် သဲပုံစေတီကတော့ နှစ်စဉ်ဆောက်လုပ်ပြီး ဆိမီးပူဇော်သွားဦးမှာပါရှင်။

ယခု "တစ်နှစ်တစ်မျိုး မရိုးရတာ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပါ။" ဆောင်းပါးလေးကတော့ မြတို့အရပ်ဒေသရဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာ ပြုလုပ်ကျင်းပလေ့ရှိတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာလေးတွေကို မြရဲ့စာဖတ်သူလေးတွေအတွက် ဆောင်းပါးတစ်ပုဒ်အဖြစ် ဖန်တီးရေးသား မျှဝေပေးတာပါရှင်။ မြရဲ့ စာဖတ်သူလေးတွေလည်း မြရဲ့ယခုဆောင်းပါးလေးကို ဖတ်ရှုပြီးချိန်မှာ တူညီတဲ့ အစဉ်အလာရှိသလို၊ ကွဲပြားခြားနားတဲ့ ဓလေ့ထုံးတမ်းလေးတွေကိုလည်း လေ့လာမှတ်သားလိုက်ရမယ်လို့ ယုံကြည်ပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
6.11.2024(Wednesday)

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ