ပြာလဲ့ရီဝေ
ဆီမီးခွက်လေးများကို ထွန်းညှိပေးနေသည်။ ဆီမီးခွက်များကို ထွန်းညှိပြီးနောက် ဖယောင်းတိုင်များကို လိုက်လံ မီးကူးထွန်းညှိပူဇော်သည်။ အခုဆိုရင် အိမ်ရှေ့မျက်နှာစာ၌လည်းကောင်း၊ အိမ်ဝန်းတစ်ဝန်းလုံး၌လည်းကောင်း ဆီမီးထိန်ထိန်ဝါဖြင့် လှပတင့်တယ်နေကြ၏။ လမ်းကလေးကို ခြုံကြည့်လိုက်မိသောအခါ အိမ်တိုင်းအိမ်တိုင်း နီးပါး ထွန်းညှိပူဇော်ထားကြသော မီးထိန်ထိန်ကလေးများ၊ အလှဆင် ချိတ်ဆွဲထားသော မီးပုံးထိန်ထိန်ကလေးများဖြင့် တင့်တယ် ရွှန်းလဲ့ လှပနေကြ၏။ အမှောင်ရိပ်သန်းသန်းတွင် မီးတောက်မီးညွှန့်ကလေးများ တယိမ်းယိမ်းဖြင့် အလင်းပေးနေကြသည့် ရှုမြင်ကွင်းသည် ကြည်နူးနှစ်သက်မှုကို ဖြစ်ပေါ်စေ၏။ ကျွန်မအတွက်ဆိုမူကား ကြည်နူးရိပ်များသာမက လွမ်းရိပ်ကလေးများပါ တိုးတိုးထိတ်စေသော အရိပ်အယောင်ကလေးများ ဖြစ်ကြလေသည်။
*****
“မင်းက ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတာပါ့လား”
“အေး ၊ ငါ အတော် သတ္တိမွေးပြီး လာခဲ့တာပဲ၊ မင်း အိမ်မှာ တည်းခွင့် ပြုမှာမလား”
ထက်ယံသည် ခွင့်ပြုမည်ကို သိပြီးသားဖြစ်သဖြင့် ပြုံးဖြဲဖြဲ မေးသည်။
“ငါ့ဆီ မနေလို့ ဘယ်သွားနေမှာလဲ”
လှမောင်က မျက်စောင်းထိုးရင်း ဖြေသောအခါ ထက်ယံက အသံထွက်အောင် ရယ်လိုက်သည်။
“ဒါနဲ့ မင်း အစီအစဉ်က ဘယ်လိုလဲ”
လှမောင်က မေးသောအခါ ထက်ယံသည် သေချာပိုင်နိုင်စွာ စီစဉ်ခဲ့ပြီးသဖြင့် အားရကျေနပ်သည့် မျက်နှာဖြင့် ပြုံးစိစိလုပ်၏။ ထို့နောက် မိမိ၏ အစီအစဉ်များကို ပြောပြ၏။ ထက်ယံ၏ အစီအစဉ်ကို နားထောင်ပြီးသောအခါ လှမောင်က
“အဲ့ဒါဆို ငါတို့ မိဇူးတို့ အကူအညီလိုဦးမယ်၊ သက်လျာကို သူ့အိမ်က တစ်ယောက်တည်း အပြင်လွှတ်တာ မဟုတ်ဘူး၊ အခုလို သီတင်းကျွတ် လပြည့်ရက် လူရှုပ်ယှက်ခတ်မယ့် နေ့မျိုးဆို ပိုလို့ မလွှတ်တက်သေး၊ မိဇူးတို့က အာမခံ ခေါ်ရင်တော့ မပြောတက်ဘူး”
ထက်ယံ၏ မျက်နှာသည် အနည်းငယ် မှိန်သွား၏။ သက်လျာကို ချစ်ရေးဆိုရန် အားအင်အပြည့် သတ္တိမွေးလျက် လာခဲ့ပါသော်လည်း ဤကဲ့သို့ အခက်အခဲကို ကြိုတင်မတွေးတောမိခဲ့။ အိမ်က မလွှတ်ပါက ဘာကို ဘာမျှ မကြိုးစားရသေးခင်ကတည်းက အဆုံးသတ်လေပြီ။ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းအတွက်သာ ရခဲ့သော အခွင့်အရေးကို ဆုံးရှုံးရပေမည်။ ထက်ယံ၏ မျက်နှာမှာ ပူပန်စိုးရိမ်စိတ်များ စိုးမိုးလာသဖြင့် လှမောင်က နှစ်သိမ့်ရသည်။
“သိပ် စိတ်မပူပါနဲ့၊ မိဇူးဆီ ငါသွားပြောပေးရင် အဆင်ပြေမှာပါ”
လှမောင်က မိဇူးအိမ်သို့ ထွက်သွားလေသည်။
*
လှမောင်က မိဇူးကို အကျိုးအကြောင်းပြောပြ၏။ မိဇူးကလည်း စဉ်းစား၏။ “သူတောင် ဟိုးအဝေးကြီးကနေ လာရတာပဲ၊ ငါတို့က သက်လျာကို ခေါ်ထုတ်ပေးဖို့လောက်တော့ ကူညီသင့်ပါတယ်” ဟု ပြောကာ လက်ခံလိုက်၏
*****
“မိဇူးနဲ့ နုနုပါ့လား”
ကျွန်မက နှုတ်ဆက်၏။ “ဘွားဘွားကို ကန်တော့ဖို့ လာတာ”ဟု ပြောသဖြင့် ကျွန်မက အံ့ဩရ၏။ မိမိကို အဖော်ခေါ်တိုင်း ဘွားဘွားက မထည့်သဖြင့် လာမခေါ်ဖြစ်ကြသည်က များသည်။ ဤအခါ မိမိကို လာခေါ်ခြင်း မဟုတ်ဘဲ ဘွားဘွားကို လာကန်တော့ခြင်း။
ကန်တော့ပစ္စည်းများကို စားပွဲပေါ်၌ တင်ကြသည်။ မိဇူးနှင့် နုနုတို့က ရိုသေစွာ ထိုင်ကန်တော့ကြသည်။
“အေးကွယ် ၊ သာဓု သာဓု သာဓု၊ လူကြီးသူမအပေါ် ဂါရဝတရား ရှိကြတာ ကောင်းတယ်ကွယ်”
ဘွားဘွားက ကုလားထိုင်ပေါ်တွင် ထိုင်၍ ကန်တော့ခံရင်း ပြော၏၊ ကျွန်မကသာ စိတ်ထဲတွင် အတွေးဆင်နေမိသည်။ မိဇူးတို့တစ်တွေ ဘာအကြံအစည်ရှိလို့ပါလိမ့်။
ကန်တော့ပြီးသည့်အခါ မိဇူးတို့က ထဖို့ ပြင်သည်။ ဘွားဘွားက နေဦး ဟု တားသဖြင့် ပြန်ထိုင်ရ၏။
“ငါ့ မြေးတို့ကို ဘွားဘွားက ဆုံးမ ဩဝါဒ ပေးဦးမယ်”
ကျွန်မသည် စိတ်ထဲက “ဟိုက်” ဟု ရွတ်မိလိုက်၏။ မိဇူးနှင့် နုနုတို့လည်း ထိုကဲ့သို့ ရေရွတ်မိကြလိမ့်မည် ထင်သည်။ ဘွားဘွား၏ ဩဝါဒ ရှည်ရှည်ကြာကြာတို့ကို သည်းခံကြပေရော့။
“သီတင်းကျွတ်လပြည့်နေမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက နတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည် ဆင်းသက်ကြွမြန်းတဲ့နေ့ ဖြစ်တယ်ကွဲ့၊ နတ်ပြည်မှာ မယ်တော် မိနတ်သားကို တရားရေအေးတိုက်ကျွေး၊ ကျေးဇူးဆပ်ပြီး အပြန်ပေါ့ကွယ်”
ခေါင်းတညိတ်ညိတ်လုပ်ရင်း မိဇူးနှင့် နုနုတို့ နားထောင်နေကြရသည်။ မျက်နှာများကတော့ မအီမလည် ပြုံးလျက်။
“အဲ့ဒီတရား အမည်ရော သိရဲ့လား”
မေးခွန်းထုတ်လိုက်သဖြင့် နှစ်ယောက်မှာ ကြောင်လည်လည်လေး ဖြစ်သွားသည်။ ပြီးမှ မိဇူးက
“အဘိဓမ္မာ တရားတော်ပါ ဘွားဘွား” ဟု ဖြေနိုင်လိုက်သည်။
“မြေးတို့ တော်တယ်၊ ဟုတ်တယ်၊ ဓမ္မစကြာတရားတော်ပေါ့ကွယ်၊ ဒီတရားတော်ကို ဟောကြားပြီး မယ်တော်ကို မြတ်စွာဘုရားရှင်က ကျေးဇူးဆပ်ခဲ့တယ်၊ ဒါတောင် နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ အဆိုရှိကြတယ်၊ မြေးတို့ စဉ်းစားကြည့်စမ်း၊ မြတ်စွာဘုရားရှင်ဟာ ပုံမှန်အချိန်မှာကို ကြည်ညိုရိုကျိုးဖွယ် ဂုဏ်အင်များစွာနဲ့ ပြည့်စုံလှတယ်၊ ဒီ သီတင်းကျွတ်လပြည့်မှာကျတော့ မိဘကျေးဇူးကို ဆပ်ပြီးတဲ့ မြတ်စွာဘုရားရှင်ဟာ ပိုလို့ တိုးလို့ ကြည်ညိုဖွယ် မကောင်းပေဘူးလား၊ ဒါ့ကြောင့် ဒီလို နေ့မြတ်အခါမှာ ဂုဏ်အင်ကို နှစ်ဆပွားပြီး ကြည်ညိုပူဇော်ကြသင့်တယ်ကွဲ့”
ခေါင်းညိတ်ကာ “ ဟုတ်ကဲ့ ဘွားဘွား” ဟု ဖြေကြသည်။ ထဖို့ ထပ်မံ ဟန်ပြင်ပါသော်လည်း ဘွားဘွားက စကားဆက်ပြန်သည်။ ခက်သည်မှာ ဘွားဘွားသည် မျက်စိမှိတ်လျက် အာရုံယူ ဩဝါဒချွေနေသဖြင့် မိဇူးတို့ ထဖို့ ဟန်ပြင်ခြင်းနှင့် မအီမသာသော မျက်နှာတို့ကို မမြင်။
“လူမှုရေးရာအတွက်လည်း ဒီသီတင်းကျွတ်အခါသမယက အကျိုးပြုတယ်ကွဲ့၊ လူ့လောကမှာ ရှိသင့်ရှိထိုက် ထားသင့်ထားထိုက်တဲ့ လောက တရားတွေကို ထိန်းပေးတဲ့သဘောပေါ့ကွယ်၊ အသက်ဂုဏ်ဝါကြီးသူတွေကို ရှိခိုးကန်တော့တယ်ဆိုတာ ကိုယ့်ရဲ့ မာန်မာနကို နှိမ့်ချခြင်းဖြစ်တယ်။ ကုသိုလ်ရတာထက် မာန်မာနကို ချိုးနှိမ်နိုင်ခြင်းကသာ အောင်နိုင်ခြင်းပဲ။ ပြီးတော့ မိဘကျေးဇူးကို ဖော်ကြူးတဲ့ လအဖြစ်လည်း ဆိုနိုင်တယ်။ မြတ်စွာဘုရားရှင်က နတ်ပြည်ကို ကြွမြန်းပြီး ကျေးဇူးဆပ်တာပဲ ကြည့်ပေါ့ကွယ်။ ဒါ့ကြောင့် နယ်ဝေးရောက်နေသူ၊ အဝေးမှာ ခွဲခွာနေရသူတို့ မိဘဆွေမျိုးရှိရာ ဌာနီဆီပြန်လာကြပြီး ကျေးဇူးကို ရည်စူး ကန်တော့ကြတယ်လေ၊ ငါမြေးတို့တောင် အဝေးမှာ အလုပ်လုပ်နေကြတာကနေ ဒီကာလလေးမှပဲ အိမ်ဆီ ပြန်လာနိုင်ကြတာ မဟုတ်လား။ စားဝတ်နေရေး အထွေထွေ အကြောင်းတရားပေါ့ကွယ်”
ဘွားဘွားက ခဏ စကားစ ရပ်နေစဉ် မိဇူးတို့က မျက်စပစ် အကူအညီတောင်းသဖြင့် ကျွန်မက ဝင်၍ လမ်းဖွင့်ပေးရသည်။
“ဘွားဘွား သူတို့ တခြားကန်တော့ရမယ့် နေရာတွေ ရှိဦးမယ် ထင်တယ်”
“ ဪ အေး အေး ဟုတ်ပါ့၊ သွားကြ သွားကြ”
အခုမှ မိဇူးတို့ နှစ်ယောက် သက်သက်သာသာ ပြုံးနိုင်တော့၏။ မိဇူးက ဘွားဘွား အနားကို ကပ်၍
“သက်လျာကို မိဇူးအိမ် ခေါ်သွားလို့ ရမလား ဘွားဘွား၊ အိမ်နားက မီးပူဇော် ပြိုင်ပွဲတွေကို ပြချင်လို့ပါ”
ဘွားဘွားက အနည်းငယ် စဉ်းစားဟန်ပြုသော်လည်း ပြုံးပြုံး ပြုံးပြုံးနှင့် ခွင့်ပေးလေသည်။ အံ့ဩနေသူမှာ ကျွန်မသာဖြစ်သည်။ မိဇူးတို့သည် လာခေါ်မည်ဟုလည်း မပြောထား။ မည်သည့် ကိစ္စ အတွက်ပါနည်း။ အင်္ကျီအဝတ်အစားလဲသည်။ “တအား မမှောင်စေနဲ့နော်” ဟု မေမေက မှာသည်။
“ဟုတ်ကဲ့” ဟု ဖြေပြီး မိဇူးတို့နှင့် အတူ ထွက်လာခဲ့၏။
*****
“တကယ် သူရောက်လာတယ်” ကျွန်မသည် အထိတ်တလန့် ဆိုမိ၏။
“ဟုတ်တယ်၊ သူမှ ရောက်လာသေးတာ၊ နင့်ကိုတော့ ခေါ်ပေးသင့်တယ်ထင်တယ် ဆိုပြီး ငါတို့က ကူညီပေးတာ”
ကျွန်မ ခေါင်းညိတ်၏။ ကိုယ့်မြို့နှင့် သူ့မြို့သည် အဝေးကြီး ဖြစ်သည်။ အဝေးကြီးမှလာခဲ့ရသူ သူ့ကို သနားမိ၏။
“ဟဲ့ ဒီဘက်လာ၊ ဟိုမှာ ဗျောက်ဖောက်နေတယ်၊ ယမ်းမှုန့်တွေ စင်လိမ့်မယ်” နုနုက ပြောရင်း ကျွန်မကို ဆွဲလိုက်သည်။
“မိသက်လျာ တွေ့တောင် မတွေ့ရသေးဘူးနော် အဟင်း” ဟု မိဇူးက စနောက်သောအခါ ကျွန်မ ရယ်မိသေး၏။ ပတ်ဝန်းကျင်ကို သတိပြုမိသောအခါ မှန်ရောင်စက္ကူမီးပုံးများ၊ ကြယ်ပုံ၊ အိမ်ပုံ၊ အသည်းပုံ မီးပုံး ရောင်စုံလှလှကလေးများကို ချိတ်ဆွဲအလှဆင်ထားကြသည်။ လဲ့လဲ့ လက်လက် လင်းနေကြပါသည်။ မထွန်းကြသေးသော အိမ်များရှိသော်လည်း ဤအခြင်းအရာက ပို၍ လှစေနေသေး၏။ မှောင်ရိပ် လင်းရိပ် တစ်လှည့်စီ ဖန်စီနေသည်။ ဖယောင်းမီးညွှန့်များ အမှောင်ရိပ်ထဲ ယိမ်းနွဲ့နေသည်မှာ ချစ်စရာပါ။ သီချင်းသံ တစ်စွန်းတစ်စလည်း တိုက်တိုက်ဆိုင်ဆိုင် ကြားမိလိုက်သေး၏။
“မီးရှူး မီးပန်းတွေကြားထဲ အသည်းတွေခွဲရက်လို့လား xxxxx ဒီသီတင်းကျွတ် ညလေးမှာ xxxx ရောင်စုံမီးပုံးတွေ xxxx”
*****
“သက်လျာ”
“ဟုတ် ကိုထက်ယံ”
“သက်လျာ စကားအတိုင်း ကျွန်တော် လာခဲ့တာပါ”
ကျွန်မ ခေါင်းညိတ်သည်။ မျက်လုံးများကိုတော့ တည့်တည့် မကြည့်လိုက်ပါ။
“ဟိုးဘက်မှာ ကျွန်တော် ပြင်ဆင်ထားတယ်၊ မိဇူးတို့ ဒီကနေ လှမ်းကြည့်ရင်ကို မြင်ရတဲ့ နေရာလေးကို သေချာရွေးထားပါတယ်။ နည်းနည်းလှမ်းတဲ့ နေရာမှာလည်း ဆီမီးထွန်းတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်နဲ့ တစ်ယောက်တည်း လိုက်ပေးနိုင်မလား” ရွံ့တွံ့တွံ့ ဆိုလျက် ခွင့်တောင်းသည်။
ကျွန်မက မိဇူးကို ကြည့်သောအခါ မိဇူးက ခေါင်းညိတ်ပြသည်။ ကိုထက်ယံဘက်ကို လှည့်၍ ကျွန်မက တစ်ဖန် ထပ်မံ၍ ခေါင်းညိတ်ပြ၏။
“လေး ငါး ခြောက်လှမ်းဆို ရောက်ပါပြီ” သူသည် ပျော်မြူးစွာ ပြောသည်။
“အိုး” အာမေဋိတ်သံ ပြုမိ၏။ ကျွန်မမှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩ ကြည်နူးမိ၏။ လှုပ်ရှားမိ၏။ သူ့ကို တအံ့တဩ ကြည့်မိ၏။ ကျွန်မ၏ အမည်ကို ဆီမီးခွက်များဖြင့် အင်မတန် လှပစွာ ပုံဖော်ပေးထားသည်။ ကျွန်မကိုယ်ကျွန်မ မသိလိုက်ဘဲ ဆီမီးခွက်တွေ အနားကို ပြေးသွားမိသည်။ ဆီမီးခွက်များကို အပြာရောင်လေးတွေချည်း သုံးပေးထားသည်။ ရုံးမှာ အလုပ်လုပ်ရင်း ကျွန်မ ပြောလေ့ရှိသည်ကို သူမှတ်ထားသည် ထင်၏။
“တအား လှတာပဲ” ကျွန်မက ဆိုလိုက်စဉ် “ရွှီး …… အုန်း” မီးရှူးမီးပန်းများ ကျွန်မခေါင်းပေါ် ကောင်းကင်ယံ၌ လှပစွာ ဖြန့်ကြဲ့သွားကြသည်။ ကောင်းကင်ပြင်၊ ကြယ်မင်းရောင်စုံ၊ မီးရှူးပန်းရောင်စုံတိုဖြင့် လှပစွာ ခြယ်သခံလိုက်ရသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ မီးရှူးမီးပန်း ထွက်လာရာကို လှမ်းကြည့်လိုက်သောအခါ ကိုလှမောင်က လက်ပြနှုတ်ဆက်သွား၏။ သူ့ဘက်ကို လှည့်ကြည့်ပြန်သောအခါ ပီတိအပြုံးဖြင့် သူဖြေသည်။
“လှမောင်ကို ကျွန်တော် အကူအညီတောင်းထားတာ”
ကျွန်မ၏ ရင်တွေ တကယ်ခုန်နေပါသည်။ စိတ်ကြည်နူးမှု၏ လှုံ့ဆော်မှုကြောင့် နှုတ်ခမ်းများသည်လည်း ပြုံး၍သာ နေတော့သည်။ ထိန်းမရ ။ တည်မရ ။ မိမိအမည်ကို မြင်ရရန် နောက်သို့ ဆုတ်၍ ပြန်လည် ကြည့်မိသေး၏။
“ကျွန်မ တအား ပျော်တာပဲ၊ ဒီနေ့ကို မေ့နိုင်မယ် မထင်ဘူး ကိုထက်ယံရယ်”
သူကတော့ ပြုံးသာ ပြုံးနေသည်။ ကျွန်မ ပျော်ရွှင်နှစ်သက်သည်ကို တွေ့ရသဖြင့် သူ ကျေနပ်နေဟန်ရှိသည်။
“ဟိုဘက်ဆီ လမ်းလျှောက်သွားရအောင်၊ လမ်းလေး တော်တော်လှတယ်၊ အဲ့ဒါတော့ ကျွန်တော် ဖန်တီးတာတော့ မဟုတ်ပါဘူး၊ ကလေးလေးတွေ ညနေခင်းက လာထွန်းသွားကြတာ”
ကလေးငယ်များ အင်မတန် ခံစားမှု ကောင်းသည်။ ဖယောင်းတိုင်လေးတွေကို လမ်းဘေး တစ်ဖက်ဆီတွင် စီတန်း ထွန်းပေးခဲ့ကြသည်။ ဖယောင်းမီးလေးတွေ ခြံရံထားသော လမ်းလေးတွင် လမ်းလျှောက်နေရသည်မှာ ကြည်နူးမှု အပြည့် ရှိလှ၏။ လမ်းမီးများ ထိန်ထိန်လင်းနေလျှင် အလှ သိပ် ပေါ်နိုင်မည် မဟုတ်။ အခုတော့ လမ်းမီးက မှိန်မှိန်မို့ ဖယောင်းမီး ခြံရံလမ်းလေး အလှမှာ ပိုမို တင့်တယ်သလို ရှိသည်။ "ကျွိ.....ဒိုင်း... ဖောင်း" ဟူသော မီးရှူးမီးပန်း၊ ဗျောက်ဖောက်သံတို့ကလည်း ရံဖန်ရံခါ ဟိန်း၍ ထွက်လာတက်သည်။
"သက်လျာ"
ကျွန်မက မျက်လုံးစောင်းငဲ့ ကြည့်ခြင်းဖြင့် ထူးသည်။
"ကျွန်တော် သက်လျာကို ချစ်ပါတယ်၊ သက်လျာဘက်က ကျွတ်တော့်ကို စဉ်းစားပေးနိုင်မလား"
ကျွန်မ လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ သူလည်း ရပ်၏။ ကျွန်မက ခေါင်းငုံ့လျက်က ဆိုသည်။
"ပထမဦးဆုံး ကိုထက်ယံကို တစ်နယ်တဝေးကနေ ဒီအထိ လာရအောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်"
"ဒါကတော့ဗျာ..."
"မဟုတ်ဘူး ကိုထက်ယံ၊ ကိုထက်ယံကို ခင်မင်တာက တစ်ကြောင်း ၊ ကိုယ်ကျင့်တရားကို ယုံကြည်ရသူဖြစ်တာက တစ်ကြောင်းနဲ့ ချစ်ရေးဆိုချင်ရင် သီတင်းကျွတ် လပြည့်တစ်ရက်ပဲ ခွင့်ပေးမယ်လို့ မဆင်မခြင် စနောက်လိုက်မိတယ်၊ နယ်ချင်းလည်း အတော် ဝေးတာမို့ ဒီအထိကိုတော့ ကိုထက်ယံ လာမှာမဟုတ်ဘူးဆိုတဲ့ အထင်လည်း ပါခဲ့ပါတယ်"
ခဏ ငြိမ်သက်နေကြပြီးနောက် ကျွန်မက မျက်နှာကို တည့်တည့်ကြည့်၍ တောင်းပန်စကား ထပ်ဆိုပါသည်။
"သက်လျာ သူတစ်ပါး ခံစားချက်ကို အလေးမထားဘဲ လွှတ်ခနဲ ပြောလိုက်မိခဲ့တယ်၊ သက်လျာ မှားပါတယ်၊ တောင်းပန်ပါတယ် ကိုထက်ယံ"
သူကတော့ ကျွန်မမျက်နှာကို မကြည့်ဘဲ ငြိမ်၍သာနေ၏။ ထို့နောက် တွေးတွေးဆဆ မေး၏။ ကျွန်မကို မျှော်လင့်သေးသည့် မျက်လုံးများဖြင့် ကြည့်မေးသည်။
"ကျွန်တော့်ကို စဉ်းစားကြည့်ပေးဖို့ကို အဆင်မပြေဘူးလားဗျ"
"ကျွန်မမှာ ချစ်သူ ရှိနှင့်ပြီးသားပါ"
ထက်ယံသည် ခေါင်းကို တစ်ဖက်သို့ လွှဲချလိုက်၏။ မစဉ်းစားချင်ပါက စဉ်းစားတော့ ပေးပါဦးဟု တိုးလျှိုးရနိုင်ကောင်းသော်လည်း ပိုင်သူ ဆိုင်သူ ရှိပါ၏ဟု ဆိုမှတော့ဖြင့် မတိုးသာလေတော့။ ဆုတ်ရုံသာ ရှိ၏။ ရင်နင့်၍သာ ကျန်ရုံရှိလေပြီ။
"ကျွန်တော့်ကို ငြင်းဖို့သက်သက် ညာတာ မဟုတ်ပါဘူးနော်"
သူ့ကို ကြည့်မိ၏။ သနားစိတ်များ ကိန်းအောင်းမိပါ၏။ ကျွန်မ ခေါင်းယမ်းပြ၏။
"ကိုထက်ယံနဲ့ မိတ်ဆက်ပေးပါ့မယ်"
အဖြေသည် ထက်ယံ၏ နှလုံးသားအား အောင့်အည်းစွာ နာကျင်စေ၏။
မိဇူးတို့ဆီ ပြန်လာကြသည်။ အပြန်လမ်းသည် အသွား၌ အသုံးပြုသည့် တူညီသောလမ်းသာဖြစ်သည်။ သို့သော် ခံစားမှုများ ကွဲပြားလေပြီ။ ဖယောင်းတိုင်မီးညွှန့်များ လေခေါ်ရာ လိုက်ပါဆဲ။ မီးရှူးမီးပန်းအလှများ ဖြာထွက်လှပနေဆဲ။ ကောင်းကင်ထက်၌ ဖြန့်ကြက်အလှဆင်ဆဲ။ ဗျောက်သံများ စည်းချက်မမှန်စွာ ထွက်ပေါ်ဆဲ။ ဤဝန်းကျင်အခြေအနေ အလှတို့သည် သက်လျာနှင့် ထက်ယံတို့၏ တိတ်ဆိတ်စည်းခြားသွားမှုအား တွန်းလှန်ဖြိုခွဲနိုင်စွမ်း မရှိလေကြ။
*
ထက်ယံသည် အနည်းငယ် စိတ်ကျဉ်းကျပ်လာ၏။ မိမိ ချစ်မိသောသူက သူ၏ ချစ်သူကို မိတ်ဆက်ပေးလိုသဖြင့် စောင့်စားရသည်မှာ မဟန်လှ။ မသက်သာလှ။ ကြာလေ ကြာလေ ထ၍သာ ပြေးခွာထွက်သွားလိုတော့၏။
"ကျွန်တော် ပြန်ပါတော့မယ် သက်လျာရယ်၊ ကျွန်တော် ယုံပါပြီ"
"မိတ်ဖြစ်ဆွေဖြစ်လေးတော့ တွေ့သွားပါ့ဦးလား ကိုထက်ယံ၊ လာနေပါပြီတဲ့၊ ကိုထက်ယံတို့ မိတ်ဆွေတွေဖြစ်ရင် သက်လျာ ဝမ်းသာမှာပဲ"
ထက်ယံက သက်ပြင်းချ၏။ စကားမှား ပြောခဲ့မိသဖြင့် အင်မတန် အားနာရိပ်များ ပြည့်လျှမ်းနေသော သက်လျာကို ကြည့်ပြီးနောက် ခေါင်းညိတ်လက်ခံလိုက်၏။ မပြိုင်ရပါဘဲ အရှုံးပေးရသူ ကိုယ့်မှာတော့ဖြင့် မချိတင်ကဲ ခံစားရဦးမည်။
"မောင် နည်းနည်း နောက်ကျသွားတယ် သက်လျာ" ထိုင်ခုံ၌ ဝင်ထိုင်ရင်း ပြောသည်။ ထက်ယံကိုလည်း ပြုံးပြ၏။
"ဒါ သက်လျာ ချစ်သူပါ"
ထက်ယံက သက်လျာကို မကြည့်ဘဲ ချစ်သူဆိုသူ အမျိုးသားကိုသာ ပြုံးပြ နှုတ်ဆက်သည်။
"အောင်မြတ်လို့ ခေါ်ပါတယ်"
လက်ကမ်းပေးသဖြင့် "ထက်ယံ"ပါ ဟု ပြောရင်း လက်ဆွဲနှုတ်ဆက်ကြသည်။
"မိဇူးတို့ဆီက ကြားခဲ့ပြီးပါပြီ၊ အားတုံ့အားနာ ဖြစ်မနေဘဲ လွတ်လွတ်လပ်လပ် ခင်မင်ကြပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွေပဲမို့လား ၊ သက်လျာ မောင် ရပ်ကွက် ဆီမီးထွန်းအဖွဲ့ကို သွားကူပေးလိုက်ဦးမယ်" အောင်မြတ်က ထပြန်ရန် အလုပ်တွင် ထက်ယံကလည်း ကမန်းကတန်း ထမိ၏။
"မဟုတ်တာ ၊ ကျွန်တော် ပြန်တော့မှာပါ"
ထက်ယံ၏ အပြောကို အောင်မြတ်က ရယ်သည်။
"ရပါတယ်၊ ရောက်တုန်းရောက်ခိုက် သက်လျာကို နေရာစုံစုံ လိုက်ပို့ခိုင်း၊ ကျွန်တော်တို့နယ်ရဲ့ သီတင်းကျွတ်အလှကို ခံစားသွားပါဦး"
အောင်မြတ်သည် "လွတ်လွတ်လပ်လပ် လျှောက်ကြည့်ကြပါ" ဟု ထပ်မံဆိုပြီးနောက် ထွက်ခွာသွား၏။
ထက်ယံသည်လည်း ငြိမ်သက်နေ၏။ သက်လျာသည်လည်း ခေါင်းငုံ့လျက် ငြိမ်နေ၏။ တစ်ဦးနှင့်တစ်ဦး လှည့် အကြည့်တွင် ဆုံမိကြသည်။ ပြိုင်တူ ရယ်လိုက်ကြ၏။
"ဘုရားဝန်းအတွင်းထဲ ကျွန်တော် မရောက်ဖူးဘူး၊ လိုက်ပို့မလား"
သက်လျာက ကြည်လင်သော အပြုံးဖြင့် ခေါင်းညိတ်၏။
ဘုရားဝတ်ပြုကြသည်။ ဝတ်အသင်းများ ဝတ်ရွတ်ကြသည်ကို ကြည့်သည်။ ဓမ္မအဖွဲ့ အသီးသီးက မိမိတို့ အဖွဲ့အမည်များကို ဆီမီးခွက်များဖြင့် ပုံဖော်ဆင်ယင်ထားသည်ကို လှည့်ပတ်ကြည့်ရှုသည်။ ညသည် တိုး၍ တိုး၍ နက်မှောင်လာသဖြင့် ဖယောင်းဆီမီးတို့ အလှသွေးသည်လည်း ပို၍ ပို၍ တောက်ပထွန်းလင်းလျက်ရှိသည်။ လူများ ကြိတ်ကြိတ်တိုး မဟုတ်သော်လည်း စည်သည်ဟု ဆိုနိုင်သည်။ ငြိမ်းနေကြသော ဆီမီးခွက်များကို မီးရှိသေးရာ ဆီမီးခွက်ဆီမှတစ်ဆင့် မီးပွားယူ၍ ပြန်၍ ထွန်းညှိပူဇော်ပေးဖြစ်ကြသည်။ မီးရှူးမီးပန်းများကလည်း မဆဲနိုင်။ ကောင်းကင်ယံတွင် အလှရောင်စုံ ဆင်ယင်ဆဲ။ ဗျောက်ဖောက်သံ စည်းချက်အစုံတို့ကိုလည်း ကြားရဆဲ။ အစွမ်းကုန် ဖော်ကြူးပြသနေသော အေးမြမြ ညအလှကို နှစ်ဦးစလုံး နှစ်ဝင်ခံစား ကြည်နူးကြရ၏။
*****
ဝရန်တာ၌ ပက်လက်ကုလားထိုင်ပေါ် မှီထိုင်လျက် လမင်းကြီးကို ငေးကြည့်နေမိသည်။
"ဘယ်လိုလဲ ကိုယ့်လူ ၊ လာရကျိုး မနပ်လေဘူးပေါ့" လှမောင်က ဘေးရှိ ကုလားထိုင် အလွတ်တွင် ဝင်ထိုင်ရင်း မေးသည်။
ထက်ယံက ရယ်သာ ရယ်နေသည်။
"မင်း သူ့နာမည်ကို ဆီမီးခွက် ထွန်းနေတုန်း နည်းနည်း မရှက်ဘူးလား"
ထက်ယံက လမင်းကြီးကိုသာ ဆက် ငေးကြည့်နေသည်။ ထို့နောက်ဖြေသည်။
"နည်းနည်းတော့ အန်းတာပေါ့၊ အချစ်အတွက် သတ္တိပေါ့လေ"
ကျောမှီမှ ထကာ ခါးမတ်ထိုင်လိုက်သည်။ ထို့နောက် ဆက်ပြော၏။
"ကိုယ့်မြို့ မဟုတ်တာလဲ ပါပါတယ်၊ ဒီမှာ ငါ့ကို သိတဲ့သူ မရှိဘူးလေ၊ အဲ့ဒါကြောင့် လုပ်ရဲတာလည်း ပါပါတယ်"
"အခု မင်းဘယ်လို ခံစားရလဲ"
"မင်းကလည်း ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လား လုပ်နေပြန်ပြီ"
ထက်ယံက ထေ့တေ့တေ့ ဖြေသောအခါ လှမောင်က အသံထွက်အောင် ရယ်လေသည်။
"ဆွေးပါ ဆွေးပါ ၊ လွမ်းပါ လွမ်းပါ ဟား ဟား ဟား "
လှမောင်က အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
သီတင်းကျွတ်လပြည့်၏ ပြည့်ပြည့်ဝိုင်းဝိုင်း လမင်းကြီးသည် စာဆိုတွေ စာဖွဲ့လောက်အောင် အင်မတန် လှနေပါသည်။ ကောင်းကင်ပြင်သည်လည်း ရှင်းလင်းစင်ကြယ်နေသည်။ လမင်းအရှိန်အရောင်ဖြင့် ရှင်းကြည်စင်သော ကောင်းကင်ပြင်ကို အထင်းသား မြင်ရလေသည်။ ဤသို့ ရှင်းလင်းစင်ကြယ် ကျော့ရှင်းသော သဘာဝ ပန်းချီသည် မည်မျှ လှနေပါစေသော်လည်း လွမ်းမောဖွယ်သာ ဆန်လှ၏။ ရှုခံစားသူ မိမိ၏ စိတ်အခံ ပယောဂကြောင့်လေလား မပြောတက်သော်လည်း သီတင်းကျွတ်လပြည့်ညအလှသည် လွမ်းမောအေးဆိတ်ဖွယ်သာ ဖြစ်လေသည်။ ဤနည်းနှင်နှင် မိမိရဲ့ စိတ်သည်လည်း ကြည်ကြည်စင်စင် ရှင်းပြီးပါသော်လည်း အလွမ်းဓာတ်တော့ ကိန်းနေဦးမည်။ ကြိုးစား၍ ဖျောက်ရပေဦးတော့မည်။
*****
ဆီမီးခွက်လေးများကို ထွန်းညှိပေးနေသည်။ ဆီမီးခွက်များကို ထွန်းညှိပြီးနောက် ဖယောင်းတိုင်များကို လိုက်လံ မီးကူးထွန်းညှိပူဇော်သည်။ အခုဆိုရင် အိမ်ရှေ့မျက်နှာစာ၌လည်းကောင်း၊ အိမ်ဝန်းတစ်ဝန်းလုံး၌လည်းကောင်း ဆီမီးထိန်ထိန်ဝါဖြင့် လှပတင့်တယ်နေကြ၏။ လမ်းကလေးကို ခြုံကြည့်လိုက်မိသောအခါ အိမ်တိုင်းအိမ်တိုင်း နီးပါး ထွန်းညှိပူဇော်ထားကြသော မီးထိန်ထိန်ကလေးများ၊ အလှဆင် ချိတ်ဆွဲထားသော မီးပုံးထိန်ထိန်ကလေးများဖြင့် တင့်တယ် ရွှန်းလဲ့ လှပနေကြ၏။ အမှောင်ရိပ်သန်းသန်းတွင် မီးတောက်မီးညွှန့်ကလေးများ တယိမ်းယိမ်းဖြင့် အလင်းပေးနေကြသည့် ရှုမြင်ကွင်းသည် ကြည်နူးနှစ်သက်မှုကို ဖြစ်ပေါ်စေ၏။ ကျွန်မအတွက်ဆိုမူကား ကြည်နူးရိပ်များသာမက လွမ်းရိပ်ကလေးများပါ တိုးတိုးထိတ်စေသော အရိပ်အယောင်ကလေးများ ဖြစ်ကြလေသည်။
"ဟေ့ ၊ ကောင်မလေး၊ သီတင်းကျွတ်ညလေးတစ်ည ပြန်လည် အမှတ်ရနေတာ ဟုတ်"
ကျွန်မ၏ မျက်နှာမှာ ရှက်သွေးဖြာ၍ နီရဲသွားမည် ထင်၏။
"မောင်ကလည်း" ဟုသာ ပြန်ဖြေမိ၏။
"ထက်ယံကို အလည်လာခဲ့ဖို့ မောင် ဖိတ်ခဲ့သေးတယ်"
"သူ ဘာဖြေလဲ"
"သူ့ အမျိုးသမီး အလုပ်အားရင် လာဖြစ်ပါ့မယ်တဲ့"
ကျွန်မ ပြုံး၍ ခေါင်းညိတ်သည်။
"သက်လျာ တောင်းပန်ပါတယ်၊ အဲ့ဒီညက အမှတ်တရတွေကို သီတင်းကျွတ်ရောက်တိုင်း ပြန်ပြီး သတိရမိနေတာပဲ"
မောင်က ကျွန်မ လက်မောင်းကို သူ့ပုခုံးဖြင့် ဘေးကနေ တွန်းတိုက်လျက်ပြောသည်။
"အဲ့ဒါ ဘာတောင်းပန်စရာရှိလဲ၊ အမှတ်တရပါဆိုမှ ပြန်အမှတ်ရဖို့ပေါ့၊ တိုက်ဆိုင်မှုတွေ ရှိရင် သတိရမယ်၊ ပျော်စရာတွေဆို ပြန်လည် ပျော်ရတယ်၊ ငိုစရာတွေဆိုတော့လည်း ပြန်လည် ဝမ်းနည်းရတာပေါ့၊ မောင်က သဘောထား မသေးသိမ်ပါဘူးနော်"
ကျွန်မ ယုံပါသည်။ မောင့်ကို ငေးကြည့်ရင်း ပြုံးနေမိသည်။
"မောင် အတော် ကံကောင်းတဲ့သူလို့ တွေးမိတယ်"
"ဘာပြုလို့"
"ထက်ယံကသာ သက်လျာကို အရင်တွေ့ အရင်ချစ်ရေးဆိုခဲ့ရင် မောင်ရှုံးမှာ သေချာတယ်"
ကျွန်မက ရှက်ရယ် ရယ်ရင်း "မောင်ကတော့နော်" ဟုဆိုရင်း လက်မောင်းကို လက်သီးဖြင့် ညင်သာစွာ ထုလိုက်သည်။
မောင်ကလည်း တဟားဟား ရယ်ရင်း ကျွန်မကို ပုခုံးကနေ သိုင်းဖက်လိုက်သည်။
"မေမေ ဖေဖေ"
ခေါ်သံကြားသဖြင့် လှည့်ကြည့်မိသည်။ သားလေးသည် မီးပန်းကလေးကို ကိုင်ရင်း သူ၏ ဘွားဘွားနှင့်အတူ ပျော်ရွှင်မြူးတူးစွာ ဆီမီးထွန်းညှိ ဆော့ကစားနေလေသည်။
Keep Reading