Ami(Stellari)
သီတင်းကျွတ်လပြည့်နေ့။
နံနက်၃နာရီကျော်၊ အေးစိမ့်စိမ့်ရာသီဥတုနှင့် ဝေလီဝေလင်းအချိန်ဖြစ်သော်ငြား လမ်းသွယ်ထဲရှိ အချို့သော အိမ်များသည် မီးများလင်းလျက်ရှိသည်။ အနောက်မီးဖိုခန်းများတွင် ဟင်းနံ့များ သင်းပျံ့လျက် အိုးသံ၊ ခွက်သံ ခပ်တိုးတိုးကိုလည်း ကြားနေရသည်။ မတိုးမကျယ် ပရိတ်တရားခွေသံများကလည်း နံနက်စောစောကို ကျက်သရေ အဖြာဖြာ တိုးစေ၏။
“မေမေရေ သမီး ဒီဟင်းအိုး ချလိုက်တော့မယ်နော်”
ငွေ့ရီနှင်းသည် နွှေးထားသည့် ဝက်သားဟင်းအိုးအား မွှေရင်း အိမ်ရှေ့ခန်းထဲရှိ မိခင်ဖြစ်သူအား အသိပေးလိုက်၏။ မေမေ့ဘက်မှ တုံ့ပြန်မှုရသည့်အခါ ဟင်းအိုးအား ချလိုက်သည်။ ဘုရားဆွမ်းတော်အတွက် တစ်ပန်းကန် ခပ်ယူကာ ကျန်ဟင်းများကို ဆွမ်းသပိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် နောက်ထပ်ဟင်းများကို နွှေးကာ ဆွမ်းတော်နှင့် ဆွမ်းသပိတ်အတွက် ခွဲထည့်သည်။ ဆွမ်းသပိတ်အတွက် ဆွမ်းနှင့် ဆွမ်းဟင်းများ ထည့်ပြီးချိန်တွင် မေမေတို့ စီစဥ်ထားသော သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ဝတ္ထုငွေ စသည်တို့ကို တင်၏။ အမည်နှင့် နံပါတ်ကတ်ပြားကိုလည်း တင်၏။
ဆွမ်းသပိတ်အတွက် ပြင်ဆင်ပြီးချိန်တွင်တော့ ၅နာရီထိုးလုပြီဖြစ်သည်။ ထို့ကြောင့် ဓမ္မာရုံသို့ ဆွမ်းသပိတ်သွားပို့ရန် ပြင်လိုက်၏။ ဘုရားဆွမ်းတော်ကိုတော့ ဖေဖေနှင့် မေမေက ကပ်ထားလိမ့်မည်။
သည်နေ့ ငွေ့ရီတို့က အနည်းငယ်နောက်ကျနေသဖြင့် အိမ်နီးနားချင်းများကပင် သွားပို့နေလေပြီ။ ထို့ကြောင့် မိမိထက် နောက်ကျနေသော ငယ်သူငယ်ချင်းဖြစ်သူ သဒ္ဓါနွေဦးနှင့်ပင် ဓမ္မာရုံသို့ လာခဲ့ရသည်။ မတွေ့ဖြစ်တာ ကြာပြီဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် စကားများ ဖောင်ဖွဲ့မှုက တော်တော်နှင့် မဆုံးနိုင်ပါပေ။
ဓမ္မာရုံသို့ရောက်သောအခါ သပိတ်များကို နံပါတ်စဥ်အလိုက် ထားရသည်။ ထို့နောက် သပိတ်သွားပို့မည့်ကို အချိန်ကို သူငယ်ချင်းနှစ်ဦး စောင့်ကြ၏။ ဓမ္မာရုံ၌ နံနက်အစောကြီးကတည်းက လာရောက်ကူညီနေသော ရှိုင်းသုတကိုလည်း ထပ်တွေ့လိုက်ရသည်။ သုတက ငွေ့ရီနှင့် သဒ္ဓါ့ကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သွားသည်။
သပိတ်များ အကုန်စုံသောအခါ ကားထဲတွင် သပိတ်များထည့်ကာ ဘုရားသို့ သွားပို့ရန် ပြင်ကြသည်။ ငွေ့ရီတို့ကတော့ မလိုက်ဖြစ်သဖြင့် ဘုရားသို့ ဦးတည်သွားနေသော ကားတန်းကြီးကို ငေးကြည့်နေကြသည်။ ဓမ္မာရုံထဲမှ တစ်စီးချင်းစီ ထွက်လာကြသည့် ကားတန်းကြီးကို လာကြည့်ကြသည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများကြောင့် ဓမ္မာရုံတစ်ဝိုက်၌ လူများအုံနေလေသည်။
“ငါတို့ငယ်ငယ်က သပိတ်ပို့ရင် အပျိုတွေက ပို့ကြတာမလား”
သဒ္ဓါက ကားတန်းကြီးကို ငေးရင်း ငွေ့ရီကို မေးသည်။
“ဟုတ်တယ်လေ။ မှတ်မိတယ်မလား၊ ငါတို့လေးယောက် မနက်အစောကြီးထပြီး လာကြည့်ကြတာလေ။ အဲဒီတုန်းကဆို ငါကြီးလာရင် အဲ့အစ်မကြီးတွေလို လှလှလေးဝတ်ပြီး သပိတ်ပို့မယ်ဆိုပြီးပါ တွေးခဲ့တာ”
ငွေ့ရီ၏ ရယ်ရွှင်စရာ အပြောကြောင့် သဒ္ဓါက ခပ်ဟဟ ရယ်လိုက်သည်။ ထို့နောက် ‘အခုချိန် ခွန်ဆက်တစ်ယောက် ဘယ်ရောက်နေမလဲ၊ မသိဘူးနော်’ဟု ဝမ်းနည်းဟန်ဖြင့် တိုးညှင်းစွာ ရေရွတ်သည်။ ငွေ့ရီသည်လည်း ပြန်ရောက်မလာတော့သော သူငယ်ချင်း ခွန်ဆက်ကို သတိရသွားမိပါသည်။
ထိုမှပြန်လာပြီးနောက် ငွေ့ရီသည် မေမေနှင့်အတူ ဓမ္မာရုံ၌ ဥပုသ်သီလတစ်ထိုင် သွားယူဖြစ်သည်။ သဒ္ဓါကလည်း သူ့အမေနှင့် လိုက်လာပါသည်။
သီလယူပြီးနောက်တွင် ငွေ့ရီတို့သည် လမ်းထဲရှိ အိမ်နီးချင်းများနှင့်အတူ ကောင်းမှုပြုသည့်အနေနှင့် အာပူလျှာပူစတုဒိသာ ကျွေးမည်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီရသည်။ သုတသည်လည်း သပိတ်ပို့ရာမှ ပြန်လာပြီးနောက် ဝင်ရောက်ကူညီသည်။ ဟင်းရည် ချက်သူက ချက်၊ မုန့်ဖက်ပြင်သူက ပြင်၊ အခြားအဆာပလာများ ပြင်သူက ပြင်နှင့် ချွေးတလုံးလုံး၊ မီးခိုးတလူလူကြား ပျော်ရွှင်ရယ်မြူးနေကြသည်။ အသက်ကြီးသည့် အဘွားအို၊ အဘိုးအိုများကပင် ငါးဖယ်ဆုပ်လုပ်ပေးကြ၊ စီမံပေးကြနှင့် ပါဝင်လုပ်ကိုင်ပေးကြ၏။ မည်သူဖွင့်ပေးထားမှန်းမသိသော သီတင်းကျွတ်သီချင်းလေးကလည်း လုပ်အားပေးနေသည့် လူတစ်စုကို အားပေးလျက်ရှိသည်။ ကလေးငယ်များကလည်း ချက်ပြုတ်သူများဘေး၌ ဟင်းရည်နံ့မွှေးမွှေးကို အနံ့လာခံနေကြသည်။
ငွေ့ရီသည် ထိုကလေးများကို မြင်သောအခါ သူတို့ငယ်ငယ်က အချိန်များကို ပြန်တွေးမိပြန်၏။ သူတို့ငယ်ငယ်ကဆိုလျှင်လည်း သည်လိုချက်ပြုတ်နေသူများ အနားတွင် ရစ်သီရစ်သီလုပ်နေခဲ့ကြဖူးသည်။ ကျက်သောအခါ ဦးစွာနေရာယူ၍ စားရန် ပြင်ခဲ့ကြသည်။ ဘာမှနားမလည်ခဲ့သည့် အချိန်များသည် ဖြူစင်လွန်းပြီး အပြုံးအပျော်များကလည်း စစ်မှန်နေခဲ့သည်။
အာပူလျှာပူ ချက်ပြုတ်ပြီးစီးသောအခါ လမ်းထဲတွင် ယောက်ျားလေးများက ဓမ္မာရုံမှ ငှားလာသော စားပွဲခုံများ၊ ထိုင်ခုံများ ခင်းကြသည်။ အားလုံး အဆင်သင့်ဖြစ်သည့်အခါ စားသုံးသူများက တဖွဲဖွဲ ရောက်လာကြ၏။ လမ်းရှေ့၌ ဖြတ်သွားသူများကို ဝင်စားဖို့ရန် ဖိတ်ခေါ်ကြသည့် အသံများ၊ ဟင်းရည်၊ မုန့်ဖက် ထပ်တောင်းကြသည့် သူများ၏ အသံများ၊ စကားပြောသံများ၊ ရယ်မောသံများနှင့် သီချင်းသံများကြောင့် လမ်းသွယ်လေးသည် သက်ဝင်လှုပ်ရှားနေသည်။
ငွေ့ရီတို့ သူငယ်ချင်းသုံးယောက်သည်လည်း ဟင်းရည်ထည့်ပေးလိုက်၊ မုန့်ဖက်ထည့်ပေးလိုက်၊ ပန်းကန်များ သိမ်းပေးလိုက်၊ ချပေးလိုက်နှင့် အလုပ်ရှုပ်နေကြသည်။ လူရှင်းချိန်တွင်တော့ ချက်ပြုတ်ကူညီသူများ စားဖို့ရန် အလှည့် ရောက်လာပါသည်။ ငွေ့ရီ၊ သဒ္ဓါနှင့် သုတတို့ သုံးဦးသား စားပွဲတစ်ခု၌ စုထိုင်ပြီး အာပူလျှာပူ သောက်ကြသည်။ မတွေ့ဖြစ်သည်မှာ ၂နှစ်ကျော်မျှပင် ရှိပြီဖြစ်သဖြင့် စကားများက ပြော၍မဆုံးပေ။ အလုပ်ကိစ္စများအကြောင်း ပြောရင်း သဒ္ဓါက မကျေနပ်စွာဖြင့် သုတနှင့် ငွေ့ရီကို ပြောတော့သည်။
“နင်တို့နှစ်ယောက် နေနိုင်လွန်းလိုက်တာ။ လာကိုမလာဘူး”
သဒ္ဓါ၏ ညူစူသံထွက်လာသောအခါ ငွေ့ရီနှင့် သုတသည် ချိုသာသော မျက်နှာချိုသွေးပြသည့် အပြုံးမျိုးကို ပြိုင်တူပြုံးပြလိုက်ကြသည်။ ထိုကိစ္စသည် ပြောသည့် သဒ္ဓါ့အမှားတော့လည်း မဟုတ်ပါချေ။ သုတနှင့် ငွေ့ရီတို့သည် အမှန်တကယ်ကို ယခင်နှစ်များက ကိုယ့်နေရပ်ဆီသို့ ပြန်မလာခဲ့ပါ။
“တမင်ပြန်မလာတာ မဟုတ်ပါဘူး သဒ္ဓါရာ။ ငါလည်း ဟိုမှာတကယ်မအားလို့ပါ။ ဟိုးအရင်နှစ်ကဆို ခရီးထွက်နေရလို့ ပြန်မလာတာ၊ မနှစ်ကကျ ခွင့်မရဘူးဟ”
“ငါရောပဲ။ ကျောင်းက ခွင့်လုံးဝမရလို့။ သူတို့က မြန်မာအယူလို မပိတ်ဘူးလေ။ နင်လည်း သိရဲ့သားနဲ့”
သုတနှင့် ငွေ့ရီတို့၏ အကြောင်းပြချက်များကို သဒ္ဓါက နှာခေါင်းရှုံ့ပြသည်။ သူတို့သူငယ်ချင်း သုံးဦးသည် ဤရပ်ကွက်တွင် မွေးကတည်းက နေလာသူများ ဖြစ်သည်။ ယခုမှာတော့ သဒ္ဓါသည် ဤမြို့ထဲရှိ ဆေးရုံတွင် အလုပ်လုပ်နေသည့် နှလုံးအထူးကု ဆရာဝန်ကြီးဖြစ်သဖြင့် သည်ရပ်ကွက်တွင်သာ နေထိုင်ဆဲဖြစ်၏။ သုတကတော့ ဘွဲ့ရပြီးကတည်းက ရန်ကုန်သို့ပြောင်းသွားပြီး ရုပ်ရှင်ကုမ္ပဏီတစ်ခုတွင် ဗီဒီယိုတည်းဖြတ်သူအဖြစ် လုပ်ကိုင်နေသည်။ ငွေ့ရီသည်လည်း ရန်ကုန်မြို့ရှိ အင်တာနေရှင်နယ်လ်ကျောင်းတစ်ခုတွင် ဘာသာပြဆရာမတစ်ဦးတစ်ဖြစ် လုပ်ကိုင်လျက်ရှိသည်။ ထိုကျောင်းသည် မြန်မာအယူကဲ့သို့ ကျောင်းမပိတ်သဖြင့် သူ့အနေနှင့် နွေရာသီတွင်ပင် အိမ်ပြန်မလာဖြစ်ပါ။ သည်နှစ်တော့ နှစ်တိုင်း အိမ်ပြန်လာတတ်သော ကိုကိုက ပြန်မလာနိုင်သဖြင့် ငွေ့ရီ ပြန်လာရခြင်းပင်။
“ပူလိုက်တာနော်။ ငါတို့ငယ်ငယ်ကဆို ဒီအချိန် အေးနေပြီ”
ငွေ့ရီသည် ပူသည်ဟုပြောရင်း ပန်းကန်ထဲသို့ ငရုတ်သီးမှုန့်နှစ်ဇွန်း ထည့်လိုက်သည်ကို သုထက်က ဘာလဲဟဆိုသည့် သဘောနှင့် ကြည့်၏။ ထို့နောက် အာပူလျှာပူ တစ်ဇွန်းကို ခပ်သောက်ပြီး ပန်းကန်ကို သေသေချာချာ ကြည့်ရင်း ပြောသည်။
“ငစိုင်းကိုတောင် သတိရသွားပြီကွာ”
သုတအပြောကြောင့် ငွေ့ရီနှင့် သဒ္ဓါသည် အာပူလျှာပူပန်းကန်ကို စိုက်ကြည့်ပြီး ငိုင်သွားကြသည်။ အာပူလျှာပူဆိုလျှင် သိပ်ကြိုက်သော သူတို့၏သူငယ်ချင်းဖြစ်သူ စိုင်းခွန်ဆက်သည် ယခင်နှစ်များကဲ့သို့ သည်နှစ်တွင်လည်း သူတို့ထံသို့ ပြန်ရောက်မလာခဲ့ပါချေ။
“ဘယ်နှနှစ်တောင် ရှိသွားပြီလဲ၊ သူထွက်သွားတာ”
“၁၁နှစ်။ ဒီနှစ်၊ ဒီဇင်ဘာဆို ၁၁နှစ်ပြည့်ပြီပဲ”
သဒ္ဓါ့အမေးကို ငွေ့ရီ ခပ်တိုးတိုး ဖြေလိုက်သည်။ သူငယ်ချင်းသုံးယောက်သည် အတွေးကိုယ်စီနှင့် တိတ်ဆိတ်သွား၏။ ကျန်နှစ်ယောက် ဘာတွေများတွေးနေမလဲ၊ ငွေ့ရီ တွေးကြည့်မိသည်။ သေချာပေါက် ခွန်ဆက်အကြောင်းပင် ဖြစ်ပါလိမ့်မည်။ ငယ်စဥ်အချိန်တွင် အတူရှိခဲ့တုန်းက အကြောင်းများကိုလည်း တွေးကောင်းတွေးနေပေလိမ့်မည်။
စိုင်းခွန်ဆက်၊ သဒ္ဓါနွေဦး၊ ငွေ့ရီနှင်းနှင့် ရှိုင်းသုတဆိုသည့် သူငယ်ချင်းလေးယောက်သည် ငယ်စဥ်တောင်ကျေး ကလေးအရွယ်ကတည်းကနေ ဆယ်ကျော်သက်အရွယ်အထိ အိမ်နီးချင်း သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ အမြဲ အတူသွား၊ အတူစား၊ အတူကစားကာ ရယ်မောပျော်ရွှင်စွာဖြင့် ငယ်ရွယ်မှုများကို ကုန်ဆုံးခဲ့ကြသည်။ စာလုပ်လည်းအတူတူ၊ ကျောင်းပြေးလည်း အတူတူ။ အကျင့်စရိုက်များ မတူညီလှသော်ငြား အချိန်အကြာကြီး သူငယ်ချင်းဖြစ်ခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ သဒ္ဓါမှလွဲ၍ ကျန်နှစ်ယောက်သည် တစ်နယ်တစ်ကျေး၌ လုပ်ကိုင်နေထိုင်လျက်ရှိကြသည်။ ခွန်ဆက်ကတော့ လွန်ခဲ့သည့် ၁၁နှစ်ခန့်ကပင် သည်မြို့မှ စောစီးစွာ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ပြီး အဆက်အသွယ်လည်း ပြတ်သွားခဲ့၏။ ဘယ်ဒေသမှာ အခြေချပြီး အဘယ်သို့ နေထိုင်တည်ရှိနေသည်ကိုလည်း မသိရတော့ပေ။
အတူရှိခဲ့သည့် ကာလများသည် အတိတ်ဆိုသည့် ပန်းချီကားချပ်လေးအဖြစ် ပြောင်းလဲသွားရှာခဲ့သည်။ ထိုပန်းချီကားလေးသည် ကျန်ရှိခဲ့သည့် သူငယ်ချင်းသုံးဦး၏ ရင်ထဲတွင် သစ်လွင်စွာဖြင့် တည်ရှိပါသေးသည်။ ခွန်ဆက်၏ ရင်ထဲတွင်လည်း ထိုပန်းချီကားလေး ကျန်ရှိနေဦးဖို့ မျှော်လင့်မိပါသည်၊ ရှိနေဦးမည်ဟုလည်း ယုံကြည်မိပါသည်။
စားသောက်ပြီးလေတော့ ထပ်ရောက်လာသည့် ဧည့်သည်များအတွက် ပြင်ဆင်ရင်း မကြာခင်မှာပဲ အာပူလျှာပူလည်း ကုန်လေပြီဖြစ်ရာ ဆေးကြောသန့်စင်ခြင်း ကဏ္ဍကို ပြုလုပ်ရသည်။ သုတတို့ ယောက်ျားလေးများက စားပွဲခုံများ သုတ်ပြီး ခေါက်ထပ်ကြသည်။ ထိုင်ခုံများကိုလည်း ထပ်ကြသည်။ ငွေ့ရီနှင့် သဒ္ဓါကတော့ အခြားမိန်းကလေးများနှင့်အတူ ပန်းကန်ခွက်ယောက်များ၊ အိုးကြီးအိုးငယ်များကို ဆေးကြောကြသည်။ အားလုံးဆေးပြီးနောက် ခြောက်အောင်သုတ်၍ ပန်းကန်ဆို ပန်းကန်၊ အိုးဆို အိုး၊ ဇွန်းဆို ဇွန်း စသည်ဖြင့် သူ့အကန့်၊ သူ့အပုံနှင့်သူ စုလိုက်ကြသည်။ ပြီးနောက် ဓမ္မာရုံမှ ငှားခဲ့လာသည့် စာရင်းများအတိုင်း စစ်ဆေးပြီးသောအခါ လူအင်အားကလည်း များသည်ဖြစ်သဖြင့် ခြေလျင်ပင် နိုင်သမျှ သယ်ပြီး ဓမ္မာရုံသို့ သွားပို့ကြသည်။
နေ့လယ် ၃နာရီခွဲကျော်ကျော်တွင်တော့ ငွေ့ရီတို့ အလုပ်အားလုံးပြီး၍ အားလပ်လေပြီဖြစ်သည်။ ထို့ကြောင့် ငယ်ငယ်က ဆုံနေကျဖြစ်သည့် လမ်းထိပ်ရှိ မန်းကျည်းပင်ရိပ်မှာ သူငယ်ချင်းသုံးယောက် ဆုံဖြစ်ကြသည်။ လမ်းကြားထဲတွင်တော့ သူတို့သုံးဦး၏ မိခင်များသည် အခြားရွယ်တူများနှင့်အတူ တို့ဟူးသုတ်စားရင်း စကားပြောနေကြသည်။
သဒ္ဓါက လူကြီးများ၏ စကားဝိုင်းကို ခပ်ပြုံးပြုံးဖြင့် လှမ်းငေးရင်း
“ငါတို့လည်း တစ်နေ့ကျရင် အဲဒီလို လူကြီးတွေရဲ့ စကားဝိုင်းမှာ ထိုင်နေတဲ့ လူကြီးတွေ ဖြစ်လာမှာပဲနော်”
“အင်း၊ ဖြစ်လာမှာပေါ့။ ငယ်ငယ်က အရံသင့်ဝင်စားခဲ့တဲ့ စတုဒိသာပွဲတွေမှာတောင် ကူညီပေးတဲ့သူတွေ ဖြစ်နေပြီပဲဟာ”
မိန်းကလေးနှစ်ယောက်၏ လွမ်းဆွေးဖွယ်ရာ စကားဝိုင်းကို သုတက မန်းကျည်းပင်အား မှီရပ်လျက် နားထောင်နေသည်။ အိမ်တစ်အိမ်မှ ကြားနေရသော သီချင်းသံလေးသည် သူတို့အား သီတင်းကျွတ်အချိန်အခါ ရောက်ရှိနေကြောင်းကို အမြဲမပြတ် သတိပေးနေသည်။ လမ်းပေါ်၌ ဖြတ်သွားသော ကလေးမလေးများသည် နေ့ခင်းနေ့လယ်ဖြစ်သော်ငြား မီးလင်းသည့် ဘီးကုပ်လေးများကို ချစ်စရာကောင်းစွာ တွယ်ထားကြသည်။ လက်ထဲမှာလည်း မီးပုံး၊ မီးထွန်းကား အသစ်များကို ကိုင်ထားပြီး ယခုမှ ဝယ်လာဟန်ရှိ၏။
“ငွေ့ရီ၊ နင်မှတ်မိလား။ နင့်ရဲ့ ခွေးရုပ်လေး ငါ့ကြောင့် မီးစွဲပြီး လောင်သွားတာကို”
သုတက ကလေးငယ်လေးတစ်ယောက် ကိုင်ဆောင်လာသော ခွေးစုတ်ဖွားပုံ မီးထွန်းကားလေးအား ကြည့်ပြီး ရယ်သွမ်းသွေးလျက် ငွေ့ရီအား ပြောသည်။ ငွေ့ရီက မှတ်မိသားပဲဆိုသည့် မျက်နှာပေးနှင့်
“မှတ်မိတာပေါ့။ ငါတားနေတဲ့ကြားက နင် ငါ့ဟာကို လုသွားလို့ဖြစ်တာလေ။ အဲ့တုန်းက ငါ့မှာငိုလိုက်ရတာဆိုတာ”
ငွေ့ရီသည် ပြောရင်းနှင့် ရှိုက်ကြီးတငင် ငိုခဲ့သော သူ့ပုံများကို ပြန်မြင်ယောင်ကာ ရယ်လိုက်မိသည်။
ကိုကိုကိုယ်တိုင် ဝယ်ပေးခဲ့သော ထိုခွေးစုတ်ဖွားပုံ မီးထွန်းကားလေးအား သီတင်းကျွတ်လပြည့်ည၌ ငွေ့ရီ ထုတ်ဆွဲခဲ့သည်။ စိတ်ထဲတွင်တော့ ကလေးပီပီ ကြွားလိုဟန်လေးဖြင့် လမ်းတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်ဆွဲခဲ့၏။ သုတက ထိုခွေးစုတ်ဖွားရုပ်လေးကို ကြိုက်သဖြင့် ဆွဲကြည့်ရန် တောင်းသည်ကို ငွေ့ရီက ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သုတသည် အတင်းဆွဲလု၍ ပြေးဆွဲသောအခါ မီးထွန်းကားက မှောက်ပြီး ဖယောင်းတိုင်မီးသည် အရုပ်အား စွဲလောင်သွားသည်။ သူငယ်ချင်းလေးဦးသား ကြောက်လန့်တကြားဖြင့် ထားပြီး ထွက်ပြေးခဲ့ကြသည်။ ငွေ့ရီကား ကြောက်ကြောက်ဖြင့် ပြေးခဲ့ရသော်ငြား ခွေးရုပ်လေးကို နှမြောလွန်းသဖြင့် ငိုခဲ့သည်ကို အကြီးဖြစ်သည့် ခွန်ဆက်နှင့် သဒ္ဓါက ချော့ခဲ့ရ၏။ သုတကလည်း တောင်းပန်ပြီး သူ့မီးထွန်းကားလေးကို ပေးရှာပါသည်။ ထိုမှလည်း ငွေ့ရီ အငိုရပ်၏။ တအိအိနှင့်တော့ ရှိုက်၍ မဆုံးပါချေ။
“အခုချိန်သာ နင်အဲ့လိုလုပ်ရင် ငါတော်တော်နဲ့ လက်မခံဘူး၊ သိလား ငရှိုင်း”
“စျေးကိုင်မယ်ပေါ့လေ”
“အင်းပေါ့။ အနည်းဆုံးတော့ မာလာရှမ်းကော ဝယ်ကျွေးခိုင်းမှာ”
“ငါကလည်း အခုချိန်ဆို နင့်မီးထွန်းကားကို မလုတော့ပါဘူး”
“အေး၊ ကိုကိုလည်း ငါ့ကို မဝယ်ပေးတော့ပါဘူး”
နှစ်ဦးသား ပြောပြီးနောက် ပြိုင်တူရယ်လိုက်ကြမိသည်။ သဒ္ဓါကလည်း လိုက်ရယ်လျက်
“ဒါကြောင့် ကလေးတွေက ဖြူစင်တယ်လို့ ပြောကြတာဖြစ်မယ်နော်။ စိတ်နာတာတွေ၊ ခွင့်မလွှတ်နိုင်တာတွေ ဘာမှမရှိခဲ့ကြဘူး”
သဒ္ဓါက ရယ်ရင်းပြောနေသော်ငြား သူ၏မျက်လုံးများသည် လွမ်းဆွတ်မှုများ ထင်ပေါ်နေပါသည်။ သဒ္ဓါသည် ပြောပြီးနောက် မန်းကျည်းပင်ကြီးအား တစ်ချက်မော့ကြည့်လိုက်သည်။
သရဲအလွန်ကြောက်တတ်သော သဒ္ဓါ့ကို သည်အပင်မှာ သရဲရှိသည်ဟုဆိုကာ သုတက တစ်ခါခြောက်ခဲ့ဖူးသည်။ သဒ္ဓါသည် လွန်စွာမှ ကြောက်ရွံ့ကာ သည်အပင်အောက်ကို လုံးဝမဖြတ်။ အနီးအနားပင် မလာခဲ့။ ခွန်ဆက်သိသည့်အခါ သည်လောက်စရသလားဟု သုတကို ဆူရင်း သဒ္ဓါကို ပြန်ရှင်းပြခိုင်းခဲ့သည်။ ငွေ့ရီကတော့ သည်အပင်အောက်ရောက်တိုင်း သုတရှုပ်ခဲ့သော ထိုအရှုပ်ကို မည်သို့မျှ မစဥ်းစားဘဲ မနေနိုင်ခဲ့။ သဒ္ဓါသည်လည်းပဲ ထိုသို့တွေးရင်း အတိတ်ကို လွမ်းနေမည်ထင်သည်။
စကားဝိုင်းသည် အတိတ်နွံထဲ နစ်စပြုသည့်အခါ ခေါင်းစဥ်ပြောင်းလိုက်ကြသည်။ သုတက သူ၏ ဗီဒီယိုရိုက်ကူးမှုများနှင့် ပတ်သက်၍ ခရီးထွက်ရသည့် အကြောင်းများကို စိတ်ဝင်စားဖွယ် ပြောပြရှာသည်။ ထိုသို့ပြောနေကြရင်း သဒ္ဓါ့အစ်မ၏ သမီးငယ်လေးက ငွေ့ရီတို့ သုံးဦးအနားကို ရောက်လာသောအခါ သဒ္ဓါက သူ့တူမလေးကို ပွေ့ချီလိုက်၏။
“တီတီ၊ မီးတို့ ပွဲစျေးသွားမလို့ မေမေက လိုက်ခဲ့မလားတဲ့”
သဒ္ဓါတူမလေးက စကားမပီ့တပီနှင့် ပြောလေတော့ သဒ္ဓါက အူယားသွားဟန်ဖြင့် တူမလေး၏ ပါးဖောင်းဖောင်းလေးအား တစ်ချက်ဆွဲညှစ်ရင်း
“လိုက်ခဲ့မယ်လေ။ အခုလား”
သဒ္ဓါက လိုက်ဖို့သဘောတူပြီးနောက် ငွေ့ရီနှင့် သုတကိုလည်း ခေါ်သည်။ ထို့ကြောင့် သူတို့သုံးယောက်သား သဒ္ဓါ့အစ်မ မိသားစုနှင့်အတူ ဘုရားပွဲစျေးသို့ ရောက်ရှိခဲ့သည်။
မရောက်ဖြစ်သည်မှာ နှစ်ချီနေသော ဘုရားပွဲစျေးသည် ညနေအချိန်တွင်ပင် လူများစည်ကားလျက်ရှိသည်။ ရင်းနှီးခဲ့သော လမ်းများသည် မုန့်သည်များ၊ အရုပ်သည်များနှင့် ပွဲစျေးလည်သူအပေါင်းတို့ဖြင့် ပြည့်နှက်နေသည်။ ငွေ့ရီသည် ငယ်ငယ်ကဆိုလျှင် ဖေဖေ၊ မေမေတို့ လက်ဆွဲခေါ်ရာနောက်သာ လိုက်ခဲ့ရပြီး ဘယ်ရောက်လို့ရောက်မှန်းပင် မသိခဲ့။
ပွဲစျေးရောက်တော့ သဒ္ဓါ့တူမလေးများက ပျော့အိပျော့အိပေါ် တက်ဆော့ကြသည်။ ငွေ့ရီတို့ သုံးဦးလည်း လှုပ်စိလှုပ်စိဖြစ်နေသော အရုပ်ကြီးနှင့် မြူးထူးနေကြသော ကလေးများကို ကြည့်ပြီး ရယ်နေမိကြသည်။
“ငါတောင် ဆော့ချင်လာပြီ”
သီချင်းတို့က ဆူညံလှသဖြင့် သုတက ဘေးရှိနှစ်ယောက် ကြားနိုင်အောင် ခပ်ကျယ်ကျယ် ပြောသည်။
“ဟုတ်ပါ့။ ငယ်ငယ်က ငါတို့လာလည်ကြရင် နှစ်ခု၊ သုံးခုလောက်ကို ပတ်ဆော့ကြတာနော်။ လုံးဝမမောခဲ့တာကို အံ့ဩတယ်”
ငွေ့ရီ၏ အပြောကြောင့် သုတက ရယ်သည်။ တူမလေးများအား လက်လှမ်းပြနေသော သဒ္ဓါက ရယ်နေသော နှစ်ယောက်အား ပြူးကြောင်ကြောင်ဖြင့် ကြည့်လျက်
“ဘာတွေရယ်နေကြတာလဲ”
“နင့်ကို ရယ်တာလေ။ နင်ငယ်ငယ်ကဆို ပျော့အိပျော့အိကြီးကို သိပ်ကြောက်တာမလား”
သုတက သဒ္ဓါ့အား လှောင်သလို ပြောတော့ သဒ္ဓါက မျက်စောင်းတစ်ချက် ထိုးသည်။ မည်သည့်အရာကိုမဆို ကြောက်တတ်လွန်းသော သဒ္ဓါက ထိုပျော့အိပျော့အိ အရုပ်ကြီးကိုလည်း ကြောက်ခဲ့သည်။ ငွေ့ရီတို့လေးယောက် မိသားစုများနှင့် ဘုရားပွဲစျေးတစ်ခါ လည်တုန်းကဆိုလျှင် သဒ္ဓါ့မှာ ကျန်သုံးယောက်က မရမက ဆွဲခေါ်သဖြင့် ပျော့အိပျော့အိပေါ် ရောက်လာရရှာသည်။ လျှောပေါ်လည်းရောက်ရော သုတက သဒ္ဓါ့ကို အပေါ်ကနေ တွန်းချလေသည်။ ပျော့အိပျော့အိပေါ်မှ ဆင်းကြသောအခါ သဒ္ဓါနှင့် ငွေ့ရီ၏ လက်များက သုတခေါင်းပေါ် တဒေါင်ဒေါင် ပြေးလွှားသွားတော့၏။ ငွေ့ရီသည် ထိုကိစ္စများကို ပြန်လည် စဥ်းစားမိရင်း ရယ်မိပြန်ပါသည်။
သဒ္ဓါတူမလေးများသည် ကလေးများပီပီ မမောနိုင်၊ မပန်းနိုင်စွာဖြင့် ပျော့အိပျော့အိပေါ် ဆော့ပြီးနောက် ချားရဟတ်စီးကြပြန်သည်။ သဒ္ဓါကတော့ ကိုယ့်တူမများကိုယ်ပင် စီးနိုင်လှချည်လားဟူသည့် အကြည့်နှင့် တအံ့တဩ ကြည့်နေလေသည်။ သို့သော် သုတက
“အံမယ်၊ နင့်တုန်းက ဒီ့ထက်တောင် ပိုဆိုးသေးတယ်။ ပျော့အိပျော့အိပေါ် ငါတို့ခေါ်လို့ တက်ရလို့သာပဲ။ အပေါ်လည်းရောက်ရော မျောက်တောင်မူးလဲလောက်တယ်။ ပြီးတော့ ရဟတ်လည်း စီးတာဆိုတာ ဘယ်နှခေါက်မှန်းကို မသိဘူး။ ပင်လယ်ဓားပြစီးတုန်းကလည်း နင်ပဲ တက်ကြွနေတာလေ”
သုတသည် သဒ္ဓါ့အား သူ၏ ကောင်းလွန်းသော မှတ်ဉာဏ်အားကိုးနှင့် ငယ်ကျိုးငယ်နာများ ဖော်လေသည်။ အမှန်တွင်လည်း သဒ္ဓါသည် ပျော့အိပျော့အိကို ကြောက်သော်ငြား ပင်လယ်ဓားပြစီးရသည်ကိုတော့ ကြိုက်လှသည်။ ငွေ့ရီသည် သုတ၏ ပါးစပ်ပေါက် ကိုယ့်ဆီ ရောက်လာမည်စိုးသဖြင့် ခပ်တိုးတိုး ကျိတ်ရယ်နေလိုက်သည်။
ဘုရားပွဲစျေးမှ ပြန်ရောက်သောအခါ ညနေစောင်းပြီဖြစ်သည်။ ငွေ့ရီသည် မီးထွန်းရန်အတွက် အိမ်တွင် ဖေဖေတို့နှင့်အတူ ဆီမီးခွက်များ၊ ဖယောင်းတိုင်များကို အဆင်သင့်ပြင်နေချိန်၌ ဖုန်းတစ်ကောလ် ဝင်လာသည်။ ငွေ့ရီသည် မည်သူ့ဆီကဆိုသည်ကို ခန့်မှန်းမိသဖြင့် ရွှင်မြူးစွာဖြင့် ဖုန်းကိုင်လိုက်သည်။
“ဟယ်လို ကိုကို”
“ဟယ်လို၊ နှင်းငယ်လေး။ ဘာတွေလုပ်နေလဲ။ ညနေစာ စားပြီးပြီလား”
“ဟုတ်၊ ပြီးပြီ ကိုကို။ မီးထွန်းဖို့ အဆင်သင့်လုပ်နေတာ”
ကိုကို့ဆီက လာမှန်းသိသောအခါ ဖေဖေနှင့် မေမေက လှည့်ကြည့်လာကြသည်။
“ဟုတ်လား။ ကိုကိုကတော့ စားတုန်းရယ်။ ဖေဖေတို့ရော”
“နှင်းငယ်နဲ့အတူ မီးခွက်တွေ ထုတ်နေတာ”
“ဪ… အင်း၊ အင်း။ သူငယ်ချင်းတွေနဲ့ရော တွေ့ဖြစ်လား”
“တွေ့တာပေါ့။ မနက်ကတည်းက ဆုံတယ်။ စကားပြောတိုင်း ငယ်ငယ်ကဆိုတဲ့ အကြောင်းတွေက မပါမဖြစ်ပဲ။ သဒ္ဓါဆို ပိုဆိုးတယ်။ သိပ်လွမ်းနေပုံပေါ်တယ်”
“အင်းပေါ့။ ဘယ်သူက မလွမ်းဘဲရှိမတုန်း။ နှင်းငယ်လေးတို့ပဲ နေနိုင်သူကြီးလုပ်ပြီး မလာတာလေ။ သဒ္ဓါက အရင်နှစ်တွေကဆို ကိုကိုပြန်ရောက်တိုင်း ငွေ့ရီတို့ မလာဘူးလားဆိုပြီး မေးရှာတာ”
“အာ… နှင်းငယ်က သေချာမလာတာ မဟုတ်ပါဘူး၊ ကိုကိုရ။ နှင်းငယ် တကယ်မအားလို့ပါ”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကိုကိုသိပါတယ်၊ စ,ရုံပါ။ အခုတော့ ရောက်တုန်းလေး အလုပ်ကိစ္စတွေ မေ့ထားပြီး ဖေဖေ၊ မေမေ၊ သူငယ်ချင်းတွေနဲ့ ပျော်အောင်နေ၊ ကြားလား”
ငွေ့ရီနှင်းသည် အသက်၂၇နှစ်အရွယ် ဆရာမတစ်ဦးဖြစ်နေပြီဖြစ်သော်ငြား သူ၏ ၈နှစ်မျှ ပိုအသက်ကြီးသော အစ်ကိုဖြစ်သူနှင့်ဆိုလျှင် ကလေးတစ်ယောက်အတိုင်းသာ ဖြစ်သွားတတ်သည်။ ကိုကိုသည် ငွေ့ရီနှင့် စကားများ ပြောပြီးနောက် ဖေဖေ၊ မေမေတို့နှင့် ဆက်ပြောသည်။ ဖေဖေတို့အသံက သားဖြစ်သူကို လွမ်းဆွတ်နေဟန်ရှိသော်ငြား အမြဲသိတတ်လွန်းသော သားပေမို့ လာဖို့ရန် အတင်းမတောင်းဆိုပါပေ။ အဘယ်ကြောင့်ဆိုသော် ကိုကိုသည် တိုင်းတစ်ပါးတွင် အလုပ်လုပ်နေသူဖြစ်သော်ငြား နှစ်တိုင်း သီတင်းကျွတ်လည်း အရောက်လာသည်၊ သင်္ကြန်လည်း အရောက်လာတတ်သည်။ မလာသည်က ပြည်တွင်းတွင်သာရှိနေသော သမီးဖြစ်သူ ငွေ့ရီပါပင်။ ထိုကြောင့် ကိုကိုကလည်း သူ့ကို ခဏခဏ ဆူတတ်သေးသည်။ ယခုနှစ်တွင်တော့ ကိုကိုဘက်က တကယ်မအားဟန်တူ၏။ ထို့ကြောင့် ငွေ့ရီသည် မိဘများနှင့်အတူ သီတင်းကျွတ်ကို ဖြတ်သန်းရန် မရရအောင် ခွင့်ယူ၍ လာခဲ့သည်။
ကိုကိုနှင့် ဖုန်းပြောပြီးနောက် နေဝင်သွားချေပြီ။ အမှောင်ထုသည် ပတ်ဝန်းကျင်တစ်ခွင်အား စိုးမိုးလျက် အအေးဓာတ်တို့ကိုလည်း ဆောင်ကျဥ်းလာသည်။ မှောင်မှောင်မည်းမည်း ကောင်းကင်ထက်ဝယ် ကြယ်ရောင်များက မှိတ်တုတ်မှိတ်တုတ်နှင့် နေရာယူလာသည်။ ရွှန်းလဲ့ပြီး ဝိုင်းစက်နေသည့် လပြည့်ဝန်းကြီးကလည်း ထိန်ထိန်သာလို့နေသည်။ လမ်းမီးတိုင်များကလည်း မီးပွင့်လာပြီး လမ်းတစ်လျှောက်ကို အလင်းပေးလျက်ရှိသည်။
ငွေ့ရီသည် မိဘနှစ်ပါးနှင့်အတူ အိမ်ရှေ့မျက်နှာစာတွင် မီးခွက်များ တန်းစီချ၍ ဖယောင်းတိုင်များစိုက်ကာ မီးထွန်းညှိပူဇော်သည်။ မကြာမီတွင် ငွေ့ရီတို့ လမ်းထဲရှိ အိမ်များသည် လျှပ်စစ်မီးရောင်စုံများ၊ ဖယောင်းတိုင်မီးများဖြင့် လင်းထိန်နေသည်။ မီးရောင်တလဲ့လဲ့သည် မြင်မြင်ရာရာ လွှမ်းခြုံလျက်ရှိပြီး မည်သည့်အိမ်ကမှန်း တိတိကျကျ မသိရသော သီတင်းကျွတ် သီချင်းသံများကလည်း လေထုတွင်း၌ မြူးကြွစွာ လှုပ်ရှားသက်ဝင်နေ၏။ ဖယောင်းတိုင်မီးတို့၏ အနွေးဓာတ်သည် လေထုကိုလည်း နွေးထွေးစေသည်။
မီးရောင်များ တောက်ပနေသော လမ်းသွယ်လေးအတွင်း ကလေးငယ်များ၏ အသံတို့သည် သီချင်းအသံနှင့်အပြိုင် ထွက်ပေါ်လာတော့သည်။ ရောင်စုံမီးထွန်းကားလေးများ ကိုယ်စီဆွဲ၍ ပြေးလွှားဆော့ကစားနေကြသည့် ကလေးငယ်များကို ကြည့်ပြီး သဒ္ဓါ ၊ငွေ့ရီနှင့် သုတတို့သုံးဦး ပြုံးနေမိကြသည်။ သီချင်းသံများ၊ ကလေးသံများအပြင် မိဘများ၊ လူကြီးများ၏ အသံကလည်း ခပ်ဆူဆူ။ သို့ရာတွင် ထိုအသံများကို ကြားနေရသည်ကပင် ငွေ့ရီ စိတ်ထဲ အေးချမ်းနေမိသည်။
သုတသည် ကလေးများနှင့်အတူ အာလူးဗြောက်များ ဖောက်သည်။ လမ်းထိပ်မှ မြေတုန်ဗြောက်သံကြီးများကိုလည်း တအုံးအုံး၊ တဒိုင်းဒိုင်း ကြားနေရ၏။ သဒ္ဓါသည် တစ်ချက်တစ်ချက် တုန်တုန်သွားရှာသည်။ ထိုအရာကိုမြင်တော့ သုတက သဒ္ဓါအနီးသို့ ဗြောက်များ ပစ်ဖောက်သည်။ ထိုအခါ သဒ္ဓါ့၏ အော်သံစူးစူးက ဗြောက်သံများ၊ သီချင်းသံများကြား၌ ပျံ့လွင့်သွား၏။ ငွေ့ရီနှင့် သုတ၏ ရယ်သံလွင်လွင်များကလည်း ကလေးများနှင့်ပြိုင်တူ ထွက်ပေါ်လာသည်။
သုတသည် လွန်စွာမှ အစအနောက်သန်လှသူဖြစ်သည်။ ထိုနည်းတူစွာ သဒ္ဓါသည်လည်း အကြောက်လွန်သူဖြစ်သည်။ ထို့ကြောင့် သုတသည် သဒ္ဓါ့ဆိုလျှင် မထိတထိရော၊ ထိအောင်ရော စတတ်သည့် အကျင့်မှာ ယခုထိ မပြောင်းလဲနိုင်သေးပေ။
သုတသည် လမ်းထိပ်၌ ကလေးများအား ငရဲမီးလုပ်ပေးလေ၏။ သူတို့သူငယ်ချင်းအုပ်စုထဲတွင် အငယ်ဆုံးဖြစ်သော သုတသည် ယခုတော့ ကလေးဗိုလ်လုပ်နေလေသည်။ ကလေးများနှင့် ဆော့၍ ဝ,ကာမှ သုံးယောက်သား လမ်းအေးဆေးလျှောက်ရသည့် ကဏ္ဍသို့ ရောက်သည်။
မြေပြင်ပေါ်ရှိ သက်ရှိသက်မဲ့များသည် လရောင်ဖျော့ဖျော့အောက်တွင် အအေးဒဏ် သဲ့သဲ့ကို အံတုနေကြသည်။ သစ်ရိပ်မည်းမည်းများကြား၌ ဝင်းပနေသည့် ငွေလဝန်းကြီးသည် လွန်စွာမှ လှပလွန်းပြီး ငေးကြည့်ရုံနှင့် ကြည်နူးမှုတို့ လှိုက်တက်ရ၏။
လှုပ်လီလှုပ်လဲ့ မီးရောင်လေးများ၊ ပြေးလွှားပျော်ပါးနေကြသည့် ကလေးငယ်များ၊ အိမ်များဆီက သီချင်းသံများ၊ ဘုရားပွဲဆီမှ မသဲမကွဲ ကြားနေရသော အသံများ၊ ဗြောက်အိုးသံများ၊ မီးရှူးသံများ။ အရာရာသည် ကြယ်ရောင်၊ လရောင်တို့အောက်၌ လွတ်လပ်စွာပင် တည်ရှိနေသည်။
ငွေ့ရီသည် မရေတွက်နိုင်သော ခြေလှမ်းများ လှမ်းခဲ့ဖူးသည့် လမ်းပေါ်၌ သူငယ်ချင်းများနှင့်အတူ မဆုံးနိုင်သည့် စကားများအား ရယ်မောလျက် ပြောဆိုရင်း အတိတ်ဆိုသည့် ရင်ဘတ်ထဲက ပန်းချီကားလေးဆီ ခုန်ဝင်မိသွားသည်။
အတိတ်၏ ပန်းချီကားလေးသည် သီတင်းကျွတ်လပြည့်ည၌ နေရာယူထားသည်။ လျှပ်စစ်အလှမီးလုံးများ တွင်တွင်ကျယ်ကျယ် မသုံးသေးသောအချိန်တွင် ဆီမီးများဖြင့် မီးများထွန်းညှိ ပူဇော်ထားကြသည်။ ရာသီဥတုက ချမ်းအေးလွန်းလှသဖြင့် အနွေးထည်ထူထူကို ဝတ်ဆင်လျက် သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲနေကြသည့် လူကြီးလူငယ်ကလေးများ။ လမ်းကြားလေးထဲ၌ အပြေးအလွှား ဆော့ကစားနေကြသည့် ကလေးအုပ်စုများ၏ ခပ်လှမ်းလှမ်းတွင် မီးဖိုပတ်လည်၌ ထိုင်ကာ စကားပြောနေကြသည့် လူကြီးများရှိသည်။
လမင်းကြီးသည် ထိန်ထိန်သာလျက် လောကကြီးကို အလင်းဖြာကျပေးထားသည်။ သီချင်းသံတညံညံ၊ ဗြောက်အိုးသံတဒိုင်းဒိုင်းတို့ကြား ရယ်မောပျော်ရွှင်နေသည့် အနွေးထည်ထူထူကြားက သူငယ်ချင်လေးယောက်က ဆီမီးများတန်းစီထွန်းထားသည့် လမ်းသွယ်လေးထဲတွင် ရှိနေသည်။ မရယ်နိုင်စွာဖြင့် ကြောက်နေသည့် ကလေးမလေးကို လှောင်နေသည့် ကလေးတစ်ယောက်ရယ်နှင့် မလှောင်ရန်၊ မစရန် တားမြစ်နေသည့် ကလေးနှစ်ယောက်ရယ်။
“ငရှိုင်းရာ၊ မင်းသိပ်မစ,စမ်းနဲ့။ သဒ္ဓါ ငိုတော့မယ်”
“နင် ဆက်စ,နေရင် ငါ ကိုကိုနဲ့ သွားတိုင်မှာနော်၊ သုတ”
ငွေ့ရီက သူ့ကိုကိုနှင့် ခြိမ်းခြောက်လေတော့ သုတက မျက်နှာပိုးသတ်၍ ရပ်တန့်သွားသည်။ အစ်ကိုအရင်းမဟုတ်သော်ငြား သူငယ်ချင်းသုံးယောက်လုံးသည် အမြဲအလိုလိုက်ပြီး နားလည်အောင် ချော့မော့ပြောဆို၊ ဆုံးမတတ်သော ငွေ့ရီ၏ အစ်ကိုကိုတော့ ချစ်ကြောက်ရိုသေကြရှာသည်။
သဒ္ဓါက ငိုမဲ့မဲ့နှင့် တိတ်သွားသော သုတကို ခေါင်းခေါက်လေ၏။ သုတက ဘာမှဆက်မပြောတော့ဘဲ ငြိမ်ကုပ်သွားရှာသည်။ ခဏကြာပြီးနောက် ကလေးသဘာဝအတိုင်း ပြန်လည်ပြေလည်ပြီး ဆော့ကြပြန်လေသည်။ ငွေ့ရီနှင့် သဒ္ဓါသည် မီးလင်းစကုပ်လေးများ ကိုယ်စီတွယ်ပြီး မီးထွန်းကားလေးများ ပြေးဆွဲကြသည်။ ခွန်ဆက်နှင့် သုတကတော့ မီးလင်းသည့် ပလတ်စတစ်ရုပ်လေးများကို မိုးပေါ်သို့ ပစ်တင်လိုက်၊ ပြန်ကောက်လိုက်နှင့်။ သီတင်းကျွတ် သီချင်းသံလေးနှင့်အတူ ဖြူစင်သော ရယ်မောသံလေးများသည် သာသာယာယာ ပျံ့လွင့်လျက် ရှိပါသည်။
“ကလေးတွေရေ… လာဟေ့… ပဲမြစ်ထောင်းသုပ် စားရအောင်”
လူကြီးဝိုင်းမှ အဒေါ်ကြီးတစ်ဦးက ကစားနေသည့် ကလေးများကို လှမ်း၍ ခေါ်သည်။ ထိုအခါ ကလေးများသည် မီးဖိုနားသို့ ဝိုင်းအုံကာ ရောက်လာကြသည်။ ငွေ့ရီတို့လေးယောက်ကတော့ ထပ်ဆုံးတွင် ရောက်ရှိလျက်သား။ ပြုတ်ထားသည့် ပဲမြစ်များကို ထုထောင်းကာ ဆီ၊ ဆား၊ မြေပဲထောင်းတို့နှင့် နယ်ထားသည့် ပဲမြစ်ထောင်းသုတ်သည် နွေးနွေးအိအိ၊ ခပ်စိမ့်စိမ့်လေးဖြစ်သဖြင့် စားရသည်မှာ အလွန်အရသာရှိလှ၏။ ကလေးများအတွက် ဇလုံအကြီးဖြင့် ခွဲပေးထားသော ပဲမြစ်ထောင်းသုပ်သည် ၁၀ယောက်ခန့်ရှိသော ကလေးများကြောင့် တစ်ခဏတွင်းပင် ကုန်သွားလေ၏။
“ဟာ… ငါ နှစ်ခုပဲ စားရသေးတယ်”
“ဒီကောင်ချည်း အများကြီးစားတာ”
ကလေးများကြား၌ ခေါင်းခေါက်ပွဲကြီးတစ်ခု ဖြစ်သွားသောအခါ လူကြီးများက တားရတော့သည်။ ငွေ့ရီတို့လေးယောက်ကတော့ ပြုံးဖြီးနေသည့် မျက်နှာများနှင့် လစ်ထွက်ခဲ့ကြ၏။ သူတို့စားခဲ့တဲ့ အနေအထား သူတို့ကိုယ်တိုင်သိသဖြင့် ရှောင်ထွက်ကြခြင်း ဖြစ်ပါသည်။
ခပ်ဝေးဝေးသို့ ရောက်သည့်အခါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ဟီလာတိုက်၍ မပြီး။ သုတဆိုလျှင် ပါးစပ်၌ ဆီကွက်ကြီးက အထင်းသား။
“ဘာတွေရယ်နေကြတာတုန်းဟ”
ထိုစဥ် ငွေ့ရီ၏ ကိုကိုက ရောက်လာသည်။ ထိုအခါ သဒ္ဓါသည် ချက်ချင်းပင်
“ကိုကို၊ ဒီမှာ သမီး စကုပ်က ပန်းက ကွာနေပြီ။ လုပ်ပေးဦး”
သဒ္ဓါ၏ နှုတ်ခမ်းတစူစူနှင့် ပြောသံကို ကိုကိုက သဘောတကျရယ်ပြီး ဘီးစကုပ်၏ ပြုတ်နေသော ပန်းပွင့်ကို စင်ကော်ဖြင့် ပြန်ကပ်ပေးသည်။
“ဒါနဲ့ ဒီနေ့ မိဘတွေကို ကန်တော့ပြီးကြပြီလား”
ကိုကိုက စင်ကော်ဖြင့် ကပ်ရင်း သူ့ဘေးနား ဝိုင်းအုံနေသည့် ငွေ့ရီတို့ လေးယောက်ကို မေးသည်။ ကလေးများ၏ ဦးခေါင်းများက တဆိတ်ဆိတ် ညိတ်သွားကြသောအခါ ကိုကိုက ကျေနပ်စွာ ပြုံးရင်း
“လိမ္မာလိုက်ကြတာ ကလေးတွေက။ ထပ်ပြီး မေးပါဦးမယ်။ သီတင်းကျွတ်ပွဲတော် ဘယ်လိုဖြစ်လာလဲဆိုတဲ့ အကြောင်းကိုရော သိကြလား”
ထိုအခါ ကိုကိုနှင့် ဖေဖေပြောပြဖူး၍ သိထားသော ငွေ့ရီ၏ ခေါင်းလေးက တဆတ်ဆတ် ဖြစ်သွားပြီး အသံဆာဆာလေးနှင့် သွက်လက်စွာ ပြောလိုက်၏။
“သိတယ်၊ သိတယ်။ ဘုရားက နတ်ပြည်ကနေ တရားဟောပြီး ပြန်ဆင်းလာတာမို့ လူတွေက ပူဇော်ကြတာ”
“ဘုရားက သူ့အမေကို မွေးကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ပြည်မှာ တရားဟောတာလေ။ ပြန်ဆင်းလာတော့ မီးထွန်းပြီး ပူဇော်ကြတာလို့ ကြားဖူးတယ်”
ခွန်ဆက်က ငွေ့ရီ၏ စကားကို ဖြည့်၍ ပြောသည်။ သုတနှင့် သဒ္ဓါက ခွန်ဆက်နှင့် ငွေ့ရီကို မျက်လုံးလေးများ ဝိုင်းစက်စက်ဖြင့် ကြောင်တောင်တောင်လေး တစ်လှည့်စီ ကြည့်နေရှာ၏။ ကိုကိုက စင်ကော်ကပ်ပြီးသွားသော စကုပ်လေးကို သဒ္ဓါ့ခေါင်းပေါ် တင်ပေးလိုက်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် စကားဆက်ရန် ပြင်၏။
“နှစ်ယောက်လုံးမှန်ပါတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံ ပြောပြမယ်။ မြတ်စွာဘုရားရဲ့ မယ်တော်က ဘုရားအလောင်းကို ဖွားမြင်ပြီး ၇ရက်အကြာမှာပဲ နတ်ရွာစံသွားတယ်၊ သေသွားတယ်ဆိုပေါ့လေ။ သေလွန်ပြီးတော့ တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ရော။ ဘုရားအလောင်းက ဘုရားဖြစ်သွားတဲ့အချိန်မှာ အဲဒီတာဝတိံသာနတ်ပြည်ကို သွားပြီး မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်တဲ့အနေနဲ့ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောခဲ့တယ်။ မြတ်စွာဘုရားရှင်က သီတင်းကျွတ်လပြည့်ညကျ နတ်ပြည်ကနေ ပြန်ဆင်းလာတဲ့အချိန် လူ၊ နတ်၊ ဗြဟ္မာတွေက ဆီမီးတွေ ထွန်းညှိပြီး ပူဇော်ကြတယ်။ အဲဒါကို အစွဲပြုပြီး အခုချိန်ထိ ကိုကိုတို့က သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲနေကြတာလေ”
ကိုကို့စကားကို ငွေ့ရီတို့တစ်သိုက်က ခေါင်းတညိတ်ညိတ်ဖြင့် စိတ်ဝင်တစား နားထောင်နေကြသည်။ ကိုကိုက စကားဆုံးလေတော့ ကလေးလေးယောက်ကို တစ်ယောက်ချင်းစီ လိုက်ကြည့်ရင်း
“သီတင်းကျွတ်က ကျောင်းပိတ်ရက်ဆိုတော့ ဆော့ကြ၊ ပျော်ကြတာတော့ မမှားပါဘူး။ ဒါပေမဲ့ အပျော်သီးသန့်ချည်းပဲ ဦးစားပေးနေမယ်ဆိုရင် ပွဲတော်ရဲ့ အနှစ်သာရက ပျောက်သွားလိမ့်မယ်။ ဒီတော့ သီတင်းကျွတ်အခါသမယမှာ ဆီမီးပူဇော်တာတွေ၊ မိဘဆရာဘိုးဘွားတွေကို ကန်တော့တာ စတဲ့ ကောင်းမှုကုသိုလ်တွေလည်း လုပ်ရမယ်နော်၊ သိလား”
ကလေးလေးယောက်၏ ဦးခေါင်းများသည် တစ်ပြိုင်တည်း ညိတ်ကျသွားသောအခါ ကိုကိုက သဘောကျဟန်ဖြင့် ပြုံး၏။
“ဆော့တဲ့အခါကျရင်လည်း အရမ်းကြီး မဆော့ကြနဲ့။ အစအနောက် မသန်ကြနဲ့။ ပြီးရင် မီးကို ဂရုစိုက်ကြ”
ကိုကို့သည် သူ၏ ဆုံးမဩဝါဒများကို နားထောင်နေသည့် ကလေးများအား နှစ်ခြိုက်စွာကြည့်ရင်း ဆက်ပြောသည်။
“ပြီးတော့ ပြောရဦးမယ်။ မြတ်စွာဘုရားရှင်က သူ့ရဲ့ မယ်တော်မိနတ်သားကို သူ့ကို မွေးပေးခဲ့တဲ့အတွက် ဘုရားရှင်ဖြစ်ရက်နဲ့တောင် သွားရောက်ပြီး ကျေးဇူးဆပ်တာနော်။ ဘယ်လောက်တောင် လေးစားကြည်ညိုဖို့ကောင်းလဲ။ ဒီတော့ ကိုကိုတို့က ဘုရားရှင်ရဲ့ လေးစားဖွယ်ရာ လုပ်ရပ်ကို အတုယူပြီး ကိုကိုတို့ မိဘတွေကို ကျေးဇူးဆပ်သင့်တယ်လို့ရော မထင်ဘူးလား”
ငွေ့ရီတို့တစ်သိုက်မှာ တွေးဆသွားဟန်ဖြင့် ခေါင်းများကို ထပ်ညိတ်ပြန်သည်။ သို့ရာတွင် သုတက နားမလည်ဟန်ဖြင့် မေးခွန်းထုတ်၏။
“ဒါဆို သားတို့က ဘယ်လိုကျေးဇူးဆပ်ရမှာလဲ ကိုကို။ တရားဟောပေးရမှာလား”
သုတ၏ အပြောကြောင့် ကိုကိုက ရယ်လေသည်။ သဒ္ဓါက သုတ၏ လက်မောင်းအား လှမ်းရိုက်လျက်
“နင်က သိပ်တော်တာဆိုတော့ တရားဟောချင်တယ်ပေါ့လေ”
“မဟုတ်ဘူးလေ။ မသိလို့ မေးတာကို”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒီတော့ မိဘတွေကို ဘယ်လိုကျေးဇူးဆပ်ရမယ်ဆိုတာကို ကိုကို ပြောပြပါ့မယ်”
ကိုကိုက ရယ်ကြောသတ်ပြီး စကားစတော့ ကလေးများကလည်း အာရုံစိုက်လာကြသည်။
“မင်းတို့အသက်အရွယ်နဲ့ဆိုရင် တခြားကြီးကြီးမားမားတွေ မလုပ်ပေးနိုင်သေးဘူး။ ဒါပေမဲ့ မိဘကို စိတ်ချမ်းသာအောင်ထား။ မိဘတွေအပေါ်မှာ မဆိုးနဲ့၊ တတ်နိုင်သမျှ ကူညီ၊ စာကြိုးစား။ အဲဒီလိုဆိုရင် မိဘကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲ။ ကြီးလာရင်တော့ မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးပေါ့။ ပြီးရင် သုတပြောသလို တရားဟောတာတော့ မဟုတ်ပေမဲ့ မိဘတွေ အသက်ကြီးလာတဲ့ချိန်မှာ တရားဘာဝနာအားထုတ်နိုင်ဖို့ ကူညီစီစဥ်ပေးတာလည်း လုပ်သင့်တယ်။ ဒါက မိဘကျေးဇူးဆပ်နည်းတွေထဲမှာ အမွန်မြတ်ဆုံးပဲ”
ဪဆိုသည့် အသံလေးများ ထွက်လာပြီး စဥ်းစားတွေးတောသွားကြသည့် ကလေးငယ်များ။ ဆုံးမစကားကို နာခံနေကြသည့် ကလေးများ၏ ဖြူစင်မှုသည် တောက်ပနေသော လရောင်နှင့်ပင် နင်လား၊ ငါလားဟု ဆိုရမည်ပေ။
“ဝိုး… ကြာတွေပဲ”
သဒ္ဓါ့၏ အားရပျော်ရွှင်သော အသံသည် အတိတ်ပန်းချီထဲ နစ်ဝင်လျက်ရှိသော ငွေ့ရီအား လှုပ်နိုးလိုက်သည်။ ငွေ့ရီသည် မျက်လုံးများ ပြူးလျက် ဘေးဘီဝန်းကျင်သို့ စူးစမ်းမိ၏။ သုံးဦးသား လမ်းလျှောက်လာကြသည်မှာ လမ်းကြားထဲကနေ ရပ်ကွက်အစွန်ရှိ ချောင်းကြီး၏ တံတားပေါ်သို့ပင် ရောက်နေလေပြီ။
သုတက တံတားပေါ် ပြေးသွားလျက် တံတားလက်ရန်းပေါ် တက်ထိုင်လိုက်သည်။ ချောင်းအနီးရှိ နေအိမ်များသည်လည်း လျှပ်စစ်မီးသီးများ၊ ဖယောင်းတိုင်မီးများနှင့် ထိန်ထိန်သာလျက်။ ငွေ့ရီနှင့် သဒ္ဓါလည်း သုတထိုင်နေသည့်နားသို့ သွားရပ်လိုက်သည်။
ချောင်းရေပြင်သည် ဒိုက်များ၊ ကြာရွက်များနှင့် ပြည့်လျက် ရေပြင်ကိုပင် မမြင်ရပေ။ ဗေဒါပန်းများနှင့် သီတင်းကျွတ်လ၏ ပြယုဂ်ဖြစ်သော ကြာပန်းများကိုလည်း ကြာရွက်စိမ်းစိမ်းများပေါ်၌ ကျိုးတိုးကျဲတဲ မြင်တွေ့နေရ၏။
“ဒါပေမဲ့ ငါတို့ငယ်ငယ်တုန်းက ချောင်းက ပိုသန့်တယ်နော်။ အမှိုက်တွေလည်း မရှိဘူး”
သဒ္ဓါက ချောင်းစပ်ရှိ ပုံနေသော အမှိုက်များကို စိတ်မသက်သာစွာ ကြည့်ရင်း ဆိုသည်။
“အင်းနော်။ ငါတို့ဆို ရေပါကူးကြတာ။ အခုတော့ ဘယ်လိုကူးမလဲမသိဘူး”
သုတကလည်း သဒ္ဓါ၏ စကားကို ဝင်ရောက်ထောက်ခံသည်။ လောလောလတ်လတ် အတိတ်အား သတိတရ လွမ်းဆွတ်ထားမိသော ငွေ့ရီသည် သူတို့နှစ်ဦး၏ စကားကြောင့် ပန်းချီကားလေးကို ပြန်လည် မြင်ယောင်လာမိပြန်သည်။
ဟိုအရင်အချိန်များတွင် သည်ချောင်းကြီးသည် အမှိုက်များ ကင်းစင်လျက် ချောင်းရေသည်လည်း ကြည်လင်လှသည်။ ဗေဒါပင်များ၊ ကြာရွက်များက ခပ်ကျဲကျဲဖြင့် ပေါက်ရောက်နေပြီး ရေကူးကြသည့်သူများ၊ ငါးဖမ်းကြသည့်သူများနှင့် စည်နေတတ်သည်။
ငွေ့ရီတို့ သူငယ်ချင်းလေးယောက်သည် ကျောင်းကပြန်လာတိုင်း ထိုချောင်းထဲသို့ ဆင်းကာ ရေဆော့ကြသည်။ ကျောင်းပိတ်ရက်များတွင် ရေကူးကြသည်။
သီတင်းကျွတ်ဆိုလျှင် သည်ချောင်းထဲ၌ ကြာပန်းများ အပြည့်ပွင့်တတ်သည်။ ထိုသို့ကြာပန်းများ ပွင့်ချိန်တွင် ထိုကြာများကို ဆင်းခူး၍ လေးယောက်ပေါင်းကာ ကျောင်းတွင် ရောင်းကြသည်။ ရသည့် မုန့်ဖိုးများကို စု၍ သူတို့၏ မိဘများအားလုံးကို ကန်တော့ခဲ့ကြသည်။ ထိုအစီအစဥ်သည် ကိုကိုအကြံပေးခြင်းပင် ဖြစ်ပါသည်။ ထိုအရွယ်တုန်းကတော့ ပျော်၍ လုပ်ခဲ့ခြင်းသာဖြစ်သော်ငြား ယခုချိန် စဥ်းစားကြည့်လျှင်တော့ ကြည်နူးစရာကောင်းလှသည်။
“ခွန်ဆက်တစ်ယောက် ဘယ်ရောက်နေမလဲ မသိဘူးနော်”
သဒ္ဓါက ခပ်ဆွေးဆွေး ဆိုသည်။ ငွေ့ရီသည် ချောင်းအား ကျောပေးပြီး တံတားလက်ရန်းကို မှီလိုက်ကာ သဒ္ဓါ့အား စောင်းငဲ့ကြည့်လျက်
“သူ ပြန်ချင်တယ်ဆိုတဲ့ သူ့မွေးရပ်မြေမှာ ရှိနေလောက်မှာပါ”
“ပြီးတော့ သူ သိပ်ချစ်တဲ့ သူ့မွေးရပ်မြေကို အကျိုးပြုစေမယ့် အလုပ်တွေလည်း လုပ်နေလောက်မှာ”
ငွေ့ရီ၏ ထင်မြင်ချက်ကို သုတက ထပ်လောင်းဖြည့်ပြောသည်။ သဒ္ဓါက ကျေနပ်စွာ တစ်ချက်ပြုံးရင်း
“အင်း။ အဲ့လိုဖြစ်ဖို့ မျှော်လင့်တယ်”
သဒ္ဓါက ပြောပြီး ငွေ့ရီကဲ့သို့ လက်ရန်းအား မှီရပ်ကာ မျက်စိရှေ့တွင် မြင်နေရသည့် တံတားတစ်ဖက်နှင့် ချောင်းတစ်ဖက်ကို ငေးသည်။ တံတားပေါ် မီးလင်းစကုပ်လေး တွယ်ထားသည့် ကလေးမလေးက ယုန်ပုံစံ မီးထွန်းကားလေးအား ဆွဲလျက် ပြေးသွားသည်။
“အခုချိန်တော့… သူ ငါတို့အကြောင်းကို တွေးနေလောက်မယ်ထင်တယ်”
“အင်း။ ငါတို့ကို လွမ်းနေလောက်မှာပါ”
သုတကတော့ ငွေ့ရီတို့ မိန်းကလေးနှစ်ဦး၏ စကားကို ဆိတ်ငြိမ်စွာ နားထောင်လျက် ချောင်းရေကို ငေးကြည့်နေ၏။ သူသည်လည်း လည်ပင်းဖက် ပေါင်းခဲ့သည့် သူငယ်ချင်းကြီးကို သေချာပေါက် သတိရနေလိမ့်မည်။
‘ငယ်ငယ်တုန်းကလို ပျော်စရာကလေးဘဝကို ပြန်လည်ကာ သတိရပါတယ်… အပူအပင်ကင်းမဲ့တဲ့ ပူဆာသလိုရခဲ့တဲ့ ဟိုအရင်က ကလေးဘဝကို ငါလွမ်းတယ်… တစ်ခါပြန်ရချင်မိတယ်…’
လမ်းဘက်မှာတုန်းက ဘုရားပွဲစျေးမှ အသံများ၊ အိမ်တိုင်းမှ ဖွင့်ထားသော သီချင်းသံများကြောင့် မည်သည့်သီချင်းသံကိုမျှ သဲသဲကွဲကွဲ မကြားခဲ့ရ။ ချောင်းဘက်မှာကတော့ အနည်းငယ် တိတ်ဆိတ်လှသည်။ သီချင်းသံနည်းနည်းနှင့် ပွဲစျေးဆီမှ တခြိမ့်ခြိမ့် အသံများကိုသာ ကြားရ၏။ ထိုသီချင်းများထဲမှ ငွေ့ရီ၏ အကြားအာရုံတွင်းသို့ ကွဲပြားစွာ စီးဝင်လာသည်က အဆိုတော်ပိုပို၏ အသံသာဖြစ်သည်။
သုတသည် ချောင်းစပ်ရှိ အပင်ကြီးများနောက်၌ ကွယ်နေသော လမင်းကြီးကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“ငစိုင်းသာ ငါတို့ဘေးနား ရှိနေရင်လည်း ငါတို့ လွမ်းနေမိမှာပဲ။ ဘာလို့ဆို ငါတို့က ငစိုင်းကိုတင် လွမ်းတာမဟုတ်ဘူး။ ပြန်မရနိုင်တော့တဲ့ အချိန်တွေကိုပါ လွမ်းနေတာ”
သုတ၏ အသံသည် နွမ်းလျနေ၏။ ငွေ့ရီနှင့် သဒ္ဓါသည် သီချင်းသံကို နားစိုက်လျက် အတွေးကိုယ်စီနှင့် ငြိမ်သက်သွားသည်။ ထိုအချိန်တွင်ပင် တရှူးရှူး၊ တဒိုင်းဒိုင်းသံကို ကြားလိုက်ရသဖြင့် သုံးဦးသား ကောင်းကင်ကြီးကို အလန့်တကြား မော့ကြည့်လိုက်မိသည်။ သူတို့ မြင်လိုက်ရသည်ကတော့ ရောင်စုံမီးရှူးမီးပန်းများ ဖြစ်သည်။
ကောင်းကင်ယံထက်တွင် လွတ်လပ်စွာ၊ လှပစွာ ပေါက်ကွဲသွားကြသည့် ရောင်စုံမီးပန်းများ၏ အလှသည် စိုးထိတ်စရာကောင်းလှသော်ငြား ရင်သပ်ရှုမောဖွယ်ရာလည်း ကောင်းလှ၏။ ငွေ့ရီ၊ သဒ္ဓါနှင့် သုတတို့သည် ထိုအလှကို ငေးမောရင်း နှုတ်ခမ်းထက်၌ အပြုံးတို့ ချိတ်ဆွဲသွားကြရသည်။
မီးရှူးမီးပန်းတို့သည် အချိန်ခဏလေးအတွင်း အလွတ်လပ်ဆုံး ပေါက်ကွဲ၍ တစ်သက်မမေ့နိုင်သော မြင်ကွင်းအလှတို့ကို ပေးစွမ်းခဲ့သည်။ ငွေ့ရီတို့၏ ကလေးဘဝအတိတ်လေးသည်လည်း နောက်တစ်ကြိမ် ပြန်မရနိုင်တော့သော်ငြား လွတ်လပ်စွာ၊ စစ်မှန်စွာ၊ ဖြူစင်စွာ ကုန်ဆုံးခဲ့ရပြီး အသက်ရှင်နေသမျှ ကာလပတ်လုံး အမှတ်ရနေဦးမည်ဖြစ်သည်။ ငွေ့ရီသည် ဤတံတားပေါ်၌ မီးရှူးမီးပန်းများကို ကျန်ရှိခဲ့သော သူငယ်ချင်းနှစ်ဦးနှင့်အတူ ကြည့်ရှုခဲ့သည့် အမှတ်တရလေးအား ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲပြီး ရင်ထဲ၌ ထည့်သိမ်းလိုက်သည်။ နောင်သီတင်းကျွတ်ရောက်တိုင်း ကြာပန်းများ တစ်ကြိမ်ထပ်ပွင့်လာသည့်အခါ ထိုပန်းချီကားလေးကို ထုတ်ကြည့်မိဦးမည်ထင်ပါသည်။ ။
ပြီးပါပြီ။
၁၇ရက်၊ ၁၀လပိုင်း၊ ၂၀၂၄ခုနှစ်။
ညနေ၊ ၆နာရီ၊ ၁၁မိနစ်။
ဖတ်ပေးတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့လေးမှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ -အဆင်ပြေကြပါစေ- -အေမီ(စတယ်လာရီ)- -17 October 2024, 7:18 pm-
Keep Reading