Author's Profile Photo

မြရည်နန္ဒာ

15/10/2024

မုန့်ပို့ သွားမယ် သားမောင်ထွေးရဲ့ (ဝတ္တုတို ကဏ္ဍ)

5 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
မုန့်ပို့ သွားမယ် သားမောင်ထွေးရဲ့
(ဝတ္တုတို ကဏ္ဍ)'s photo



သီတင်းကျွတ် လပြည့်ခါနီး တရက်နှစ်ရက်အလို။ 

မုန့်ပို့သွားမယ် သားမောင်ထွေးရဲ့
နွားလှည်းလေးကို ကောက်ပါ့ကွယ်။

မုန့်နှစ်ရည်ကို ထညက်ရောလို့
မမလေးကကြော်ပေးမယ်။

ဆွမ်းအုပ်နီကို မောင်ယူခဲ့ကွယ့်
ဆွမ်းတော်ပွဲတွက် ဦးချမယ်။

ဆွေမျိုးတွေဆီ မုန့်ပို့သွားဖို့
နပ်ခါးလှလှ လိမ်းပါ့ကွယ်။

လိမ်းကြမယ် လိမ်းကြမယ်။

သည်နှစ် သီတင်းကျွတ်ခါနီး ကြီးတော်စိန် တက်ကြွလှသည်။  ကလေးတွေဆငယ်ငယ်က ဆိုကြသည့် ရွာကဗျာ တပိုင်းတစ်စကိုပင် ဆိုမိသေးသည်။ သူ့လက်ထဲ ဂျပန်ရောက်နေသည့် မြေးနှစ်ယောက်က မေကြီးစိန်ဖို့ သီတင်းကျွတ် ကန်တော့တာ ဟု နာမည်တပ်ကာ သီးသန့်ကန်တော့ လိုက်သည့် ငွေယားနှစ်သိန်း ရှိသည်။ သည်တော့ တနှစ်လုံး အသံကျယ်ကျယ် မထွက်ဘဲ အေးအေးနေပေသည့်  ရှစ်ရက်ဥပုသ်ကျော်ပြီဆိုတည်းက အသံထွက်စပြုပြီ။ အိမ်တွင်ရှိသော ဖိုးကဲတို့ အောင်စိုးတို့လို ကလေးတွေ ကောင်းကောင်းကို ဖင်ချ ထိုင်ရသည် မရှိတော့။ သူခိုင်းချင်ရာတွေ တစ်ခုပြီး တစ်ခုခိုင်းတော့သည် ။ သည်ရက်ကို မျှော်ရင်း သိမ်းထားတဲ့ နှမ်းထုပ် မြေပဲထုပ်တွေ ထုတ်ရ၊ ပဲလွန်းစေ့ ၊ ကုလားပဲစေ့ထုပ်တွေ ရှာခိုင်းရ ၊ တောထဲ တောင်ထဲ ခုနေခါ ပေါတတ်တဲ့ ယာခရိုးသစ်သီးသစ်နှံ ကြည့်ခိုင်းရ နဲ့ လပြည့်ခါနီးလေ တအိမ်လုံး အလုပ်ရှုပ်ရလေပေါ့။  လဆန်းဆယ့်သုံးလေးရက် ထွက်တတ်တဲ့ မှိုကျင်းသမားများကို အဲသည်နေ့ နှုတ်သမျှမှို ယူမည်ဟု လူလွှတ်ပြောခိုင်းရပြန်သည်။



ကြီးတော်စိန်တို့ရွာမှာ မြို့နားနီးပြီး မြို့ရိပ်ခိုနေပေသည့် မြို့နဲ့ဆက်သည့် လမ်းပန်းက မကောင်း။ မိုးခါ မိုးသည်းသည်းရွာရင် ချော်ပေရော့ နစ်ပေရော့။ နွေကာလကျလဲ ဖုန်တထောင်းထောင်း။ သည်လို မိုးကင်းစ ဆောင်းဦးခါ တစ်ချိန်သာ သွားလို့ကောင်းသည်။  သွားလို့ရသည့်အချိန်ပင် လမ်းကလဲ ကျောက်ခဲစားသွား အစာကြေသည်ဟူသည့် လမ်းမျိုး ။ထို့ပြင် ‌ချောင်းခြောက်ကလေးကလဲ ဖြတ်ရသေးသည်။ အညာသဲချောင်းဖြစ်သော်ညား  မိုးခါဆို ချောင်းရေကျတတ်၏။  သည်လမ်းဖြတ်မှ ပေတစ်ရာလမ်းကိုရောက်ပြီး ပေတရာလမ်းအတိုင်းကားနှင့်လိုက်မှ မြို့လေးသို့ ရောက်သည်။ နွားလှည်းနှင့်သွားချင် သွားလို့ရသည်။  ခုတော့ ဆိုင်ကယ်ပေါ့။ သည်တော့ ငါးရက်တစ်ဈေးမှအပ၊ ငွေထုတ် သွားကြသည့် နေ့မှအပ မြို့ပေါ်သိပ်မသွားဖြစ်ကြ ။ ရွာနှင့် မဝေးလှဘဲ လမ်းသာသည့် မင်းရွာကြီးသို့သာ သွားတတ်ကြသည်။ 



 ကြီးတော်စိန့် အဖေ့ နှမ ၊ ကြီးတော်စိန်တို့ ဒွေး လေးက ဟိုခေတ်က မြေတိုင်း အင်စပက်တော်နှင့် ရလေတော့ မြို့လေးတွင် အခြေချကြသည်။ ကြီးတော်စိန်တို့ အဖေကတော့ မိဘလက်ငုတ် လယ်လုပ် ထန်းတက်ရင်း ရွာတွင်သာ နေသည်။ အင်စပက်တော် ကတော် ဒွေးလေးက သောင်သောင်သာသာမို့ အစ်ကိုမွေးသမျှ မြို့ပေါ်ခေါ်ပြီး ကျောင်းထားပေးသည်။ သို့သော် အမြင်မကျယ်ရှာသည့် ကြီးတော်စိန်တို့အမေက သမီးတွေကို တန်းကျောင်းပညာထက် ယက္ကန်းခတ်သည့်ပညာ ၊ မြေပဲဆွတ်သည့်ပညာ၊ နှမ်းထောင်ခါသည့်ပညာ၊ ထန်းရည်ချိုနွှေးသည့် ပညာ ကိုသာ ပိုတတ်စေချင်သည်။ ထို့ကြောင့် ကြီးတော်စိန်နှင့် မိကြွား မိသိုက် မိကြံတို့ သမီးတစ်တွေမှာ ဘုန်းကြီးသင်သည့် ဩကာသနှင့် ပညာရေးတစ်ခန်းရပ်ကြရသည်။ ဘယ်အခင်း ဘယ်နေ့နှမ်းကြဲသည် ၊ ဘယ်အခင်း ဘယ်နေ့ နောက်ချေးချသည်ဟု ပြက္ခဒိန်နောက်ကျောတွင် ခဲတံနှင့် ရေးမှတ်နိုင်သည့်၊ ထဘီ နှစ်နံကို ဆယ့်လေးငါးရက်နှင့် ပြီးအောင် ယက္ကန်းခတ်နိုင်သည့် ကြီးတော်စိန်သည် အမေ့အတွက်တော့ အားကိုးရသည့် သမီးကြီးပင်။ 



မောင်လေးယောက်ကတော့ ဒွေးလေးကျေးဇူးနှင့် ပညာတတ်ဘွဲ့ရကြီးများ ဖြစ်ပြီး အစိုးရမင်းရုံးများတွင် အလုပ်ကိုယ်စီရကြသည်။ မိန်းမကိုယ်စီ ရကြသည်။ ရွာကို ပြန်စောင်းမခတ်ကြတော့။ ရေကြည်ရာ မြက်နုရာရွှေ့ကြရင်း မြို့လေးတွင် နှစ်ယောက်သာ ကျန်သည်။ ။ ဒွေးလေးကလဲ ခုနှစ်ယောက်မွေးသည် ။ တစ်ယောက်က ရန်ကုန် တစ်ယောက်က မန္တလေးနှင့် မြို့လေးတွင် သုံးယောက်သာကျန်ခဲ့သည်။ 



သီတင်းကျွတ် လပြည့်ဆို ကြီးတော်စိန်တို့ရွာ ဘုရားပွဲ ။ ဘုရားပွဲ နောက်ရက်က ယုံကြည်သူတို့အဖို့ ရွာတော်ရှင် ဘိုးကြီးအား သီတင်းကျွတ် ကန်တော့သည့်ပွဲ။ သည်ပွဲတွေအတွက် ရိုးရာအညာမုန့် မုန့်ဆီကြော်ကို လဆန်း ဆယ်သုံးလေးရက်ဆို ကြော်ကြပြီ။ များသောအားဖြင့် ဆယ့်သုံးရက်နေ့ ပြင်ဆင်လုပ်ကိုင် ဆယ့်လေးရက်နေ့ ကြော်။ ဆယ့်ငါးရက်နေ့ ဆွမ်းလောင်း။ လပြည့်ကျော်တစ်ရက် ရွာတော်ရှင်ဘိုး ကန်တော့။ ဘိုး နန်းတွင်ဝါကျွတ်ကန်တော့ပြီးမှ ရပ်ထဲရွာထဲက မိကြီး ဘကြီးကို ကန်တော့ကြသည်။ ဤသည်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော ကြီးတော်စိန်တို့ရွာ ရိုးရာ။



ဆယ့်လေးရက်နေ့ မုန့်ကြော်အပြီး မြို့လေးနှင့် ရွာနီးချုပ်စပ်က ဆွေးမျိုးမိတ်ဆွေ ခင်ကြမင်ကြသူချင်း မုန့်ပေး မုန့်ပို့ကြသည်မှာ ထုံးစံ ။ ကြီးတော်စိန် တက်ကြွနေသည်မှာလဲ ထိုအတွက်ပင်ဖြစ်သည်။ 



မြို့လေးတွင်နေကြသည့် မောင် အရင်းနှစ်ယောက်နှင့် ဝမ်းကွဲ သုံးယောက်ကို ကြီးတော်စိန် ညီတူညီမျှပင်ချစ်သည် ။ ထို တစ်အုပ်မှ ပေါက်သော တူ၊တူမ၊ မြေး မြေးမများ နှစ်ဆယ် အစိတ် ရှိပေလိမ့်မည် ။ ထိုအုပ်စုအတွက်ကပင် ကောက်ညှင်းက တပြည်သားကြော်ရသည်။ ကောက်ညှင်းတပြည်အားက နည်းသည်မဟုတ်။ ကောက်ညှင်းဖိုးလဲ မနည်း၊ မုန့်ဆီကြော်ပီပီ ဆီဖိုးလဲ မနည်း။ မြေပဲတန်သည် အုန်းဆန်တန်သည် အဆာပလာဖိုး ၊အကြော်ကြော်သည့်  ကုလားပဲစေ့ ပဲလွန်းစေ့ဖိုးတို့က လိုက်သေးသည်။ အသက်ရလာချိန် ခဏခဏ မသွားနိုင်ပြီမို့ သွားတုန်းသွားခိုက် ရာသီစာ တောသီးတောနှံလေးများလဲ သယ်သွားချင်သေးသည်။ သည်ချိန်ပေါက်တတ်သည့် တောင်ပို့မှို နှင့် မှိုဥလဲ ဝယ်သွားချင်သေးသည်။ မြို့ပေါ်ရှိ တူ တူမများထဲမှ မတောင့်တင်းလှသည့် နှစ်ယောက်အတွက်လဲ အိမ်ကထွက်သည့် ဆုံဆီ စစ်စစ်လေးတွေ သယ်သွားချင်သေးသည်။



အရင်ကတော့ သည်လို ကြော်ဖို့ဝယ်ဖို့ကုန်ဖို့ ကြီးတော်စိန် ပူရသည်မရှိ ။ အိမ်တွင်ငွေကိုင်သည်မှာ ကြီးတော်စိန်၊ စီမံခန့်ခွဲသည်မှာ ကြီးတော်စိန်၊ အုပ်ထိန်းသည်မှာကြီးတော်စိန် ။ ဟဲ့ ညည်းက ပဲ တပြည်စီထုပ် ၊ ညည်းက ဆီဘူးတွေပြည့်အောင်သွတ်၊ ညည်းက ကောက်ညှင်း ဘယ်မျှထောင်း၊ ဘယ်သူက ဘယ်ရွာမှိုကျင်းတွေ့တုန်း မေးဟု ပြောလိုက်ရုံသာ ။ ဆယ့်လေးရက်နေ့ မုန့်ကြော်ပြီးလျှင် သနပ်ခါး အဖွေးသားနှင့် အိမ်အပင်က ယင်းမာပန်းတွေချိုးခိုင်းပြီး ဆံထုံးအက်အက်တွင် ဝေနေအောင်ပန်ကာ ကိုကျော်သာကို လှည်းကောက်ခိုင်းပြီး သွားသည်။ မောင်တွေ ညီမတွေ အိမ်စေ့အောင်သွား ပေးစရာတနင့်တပိုးပေးပြီး တနှစ်စာ စကားအားရအောင်ပြောရသည်။ တယ်လီဖုန်းရယ်လို့မှ မလွယ်သေးသည့်ခေတ်ပေကိုး။ 



အပြန်တွင်တော့ သူတို့က လက်ဆောင်ဟု ပြန်ပသည့် ခေါက်ဆွဲစည်းလိုလို ဘီစကစ်လိုလိုလေးတွေ တောင်းထဲထည့် ပြန်ခဲ့ရသည်သာ။ ဤသည်ကို ဖိုးကျော်သာက လှောင်သည် ။ ‌အိမ်ရောက်လျှင် ဒေါ်မျိုးချစ် အမျိုးတွေ ပေးလိုက်တဲ့ လက်ဆောင်တေွနဲ့ လှည်းမနိုင်ဘူးဟ လာကူကျ ချကြစမ်းဦးဟု လှောင်တတ်သည်။ ကြီးတော်စိန်ကတော့ ခပ်ထေ့ထေ့ပင်။ ကိုယ့်သားချင်း ပေးတာ လက်ဆောင်မျှော်လို့ ပေးသည်မဟုတ်။ ချစ်လို့ပေးခြင်းဖြစ်သည်။သူတို့  အခါမုန့်လေး ခိုးခိုးခါခါ စားစေချင်၍ ပေးခြင်းဖြစ်သည် ။သူတို့က ဘာပေး မပေး တွေးနေသည်မဟုတ်။ သီတင်းကျွတ်ခါနီး မုန့်ပို့လေးသွားရသည်ကိုပင် ပျော်ခြင်းဖြစ်သည်။ တူတုမများမြေးများ မုန့်ဆီကြော်အိုး ဝိုင်းနှိုက်ကြသည်ကို ကျေနပ်ခြင်းဖြစ်သည်။ သည် ပီတိကို ဖိုးကြီးအို ကုတ်စီးကပ်က သိမည်မဟုတ်။ 



ခုကတော့ ကြီးတော်စိန် အရွယ်ကျပြီ။ သားသမီး ကျွေးစာမွေးစာစားချိန်ရောက်ပြီ။ မောင်အရင်းတယောက် ညီမဝမ်းကွဲတယောက် သေပြီ။ လှည်းမောင်းပို့သည့် ဘိုးကျော်သာသေတာပင် နှစ်ဆွေးတော့မည်။ ကြီးတော်စိန် အရင်လို မသွက်လက်တော့။ အရင်လို မပေါများတော့။ အရင်လို ဖောဖောသီသီ မပေးနိုင်တော့။ ပိုဆိုးသည်က အရင်လိုပင်နှစ်စဉ် မုန့်ပို့ မသွားနိုင်တော့။ 



သည်ကြားထဲ တောလုပ်တောကိုင်ပါးရှား။ လေမိုးကမမှန်တော့ သမီးလဲ စီးပွားရေးမပြေလည်လှ။ ကလေးတစ်အုပ်နှင့် အိုကြီးအိုမ သူ့အတွက် က အဝင်မရှိ ။ အကုန်ချည်းသာ။ ခုနှစ်ပိုင်း အကြီးနှစ်ယောက် ဂျပန်ရောက်မှသာ ပြေလည်လာသည် မဟုတ်ပါလား။



အတူနေသည့် သမီးက အလိုက်သိပေသည့် သူက သားမက်မျက်နှာကြည့်ရသေးသည်။ သားမက်က လူကောင်းပေမင့် ခုလိုမုန့်ကြော်ခါနီးရက်မျိုး မျက်နှာ မသာလျင် ဘာကြောင့် မသာသည်ဖြစ်ဖြစ် သမီး မြို့ကအမျိုးတွေဖို့ ကောက်ညှင်းလေးတပြည် ပိုကြော်ပါအေဟု ကြီးတော်စိန်မပြောဝံ့။  သမီးရော၊သားမက်ကပါ အမေ မြို့ပေါ်အိမ်တွေဖို့ မုန့်ပို့ချင်ပို့ပါ ဆိုသည့်တိုင် သူခေါင်းမငြိမ့်ဖြစ်။ သူပို့ချင်သလို ပေါပေါများများ မဖြစ်မှာစိုးသလို သူ့ငွေနှင့် မဟုတ်ဘဲ များများကြော်ပေးဟုလဲ မခိုင်းချင်သည့်အတွက်ဖြစ်သည်။



ခါတိုင်း က တခြားသားသမီးများ သင့်သလိုကန်တော့ကြသည့် ငွေလေးများရှိတတ်သော်လည်း သူကို မညိုမညင်ပြုစုကြသည့် အတူနေမြေးများအား မုန့်ဖိုးပေးလိုက်၊ ဆရာတော်ဖို့ မုန့်လေးဝယ်လှူလိုက် ၊သူ့စားစရိတ်‌ေဆးဖိုးကအစ ကုန်ရှာသည့်အတူနေသမီး မနုအားပေးလိုက်နှင့် လက်ထဲ ပိုသည်မရှိ။ သသည်နှစ်တော့ မြေးနှစ်ယောက်ကျေးဇူးနှင့် ငွေပိုလေးရှိပြီမို့  သူ့သံယောဇဉ်တွေဆီ ပို့နိုင်တော့မည်။



သမီးလက်ထဲ ငွေနှစ်သိန်းထည့်ပေးပြီး ညည့်ဦးလေးတွေဖို့ မုန့်လေးလဲ ကြော်ပါ ။ မှိုလေးလဲ ဝယ်ပေးပါ။ မြေပဲနဲ့ နှမ်းဆီလေးလဲ ထည့်ပေးပါသမီးရယ် ဟုပြောတော့ သားမက်က ကွမ်းသီးအောင် ရယ်သည်။ ကြီးတော်စိန်က မျက်နှာငယ်လေးနှင့် မလောက်ဖူးလားဟင် ဟု မေးတော့ သမီးနှင့် မြေးမများကပါရယ်ပြီး  ပိုတောင်ပိုသေးတယ် အမေကြီးရဲ့ ဟု ဆိုကာ သူ့ ချွေးခံအိတ်ထဲ ပိုက်ဆံတချို့ပြန်ထည့်ပေးကြသည်။ 



လဆန်းဆယ့်လေးရက်နေ့ မနက် ။ 



တုံးခေါက်တည်းက ကြီးတော်စိန် နိုးနေပြီး အတူအိပ်သည့် မြေးမများကို နှိုးသည်။ တအိမ်လုံး အလိုက်တသိထကာ ရေစစ်ထားသည့် ကောက်ညှင်းအိတ်ယူပြီ ထန်းလျက်နှင့် မုန့်နှစ်ဖျော်သူ‌ေဖျာ် ၊မုန့်ဆီကြော် အိုးကင်းပက်လက် တည်သူတည်၊ ပဲမှုန့်ကြော်အတွက် ကောက်ညှင်းနယ်သူနယ် အလုပ်များကုန်ကြသည်။ ကြီးတော်စိန်ကတော့ ဆိုနေကျ ဘုရားရှိခိုးသံပင် ပိုကျယ်နေ၏။



နေထန်းတဖျားရောက်တော့ ‌မြို့ကအိမ်အတွက် ကြော်လို့ပြီးပြီ။ တရွာကျော်ကို မှိုသွားဝယ်ပေးသည့် ဖိုးကဲတို့လဲ ငါးပိဿာလောက်မှိုတောင်းကြီး ထမ်းပြန်လာကြပြီ။ 



ကြီးတော်စိန်၏ မှိုဘယ်ဈေးတုန်းဟူသည့် အမေးကိုပြန်ဖြေသည့် ဖိုးကဲ၏ နှစ်သောင်းခွဲဟူသောအသံသည် သူ့အဖေ တမင် လီဗာဆွဲလိုက်သည့် သုံးဘီး အင်ဂျင်သံအောက်တွင် ပျောက်ကွယ်သွားသည်။ ဘာတဲ့ဟူသည့် ကြီးတော်စိန့် အမေးကို သူ့သမီး မနုက ရှစ်ထောင်တဲ့အမေဟု ဇွတ်အော်ပြောပြီး ဖိုးကဲကို မျက်လုံးပြူးပြသည် ။ ဈေးမှန်ကို အမေကြီးသိအောင်မပြောနှင့် ဟူသည့်သဘော။ 



မြေးမ နှစ်ယောက်နှင့် သုံးဘီးသံ တဗျောဗျောနှင့် ပြုံးပျော်ပြီး ထွက်သွားသည့် ကြီးတော်စိန်တို့ နေစုပ်စုပ်မြုပ်မှ ပြန်ရောက်ကြသည်။ အချိန်မဟုတ်ရေချိုးသည်ရော ပင်ပန်းခြင်းပါ ပေါင်းကာ ကြီးတော်စိန်ဖျားသည်။ ဖျားသော်‌လည်း လပြည့်နေ့ ဆွမ်းလောင်းသွားပြီး သူ့ တူမများ ကန်တော့လိုက်သည့် ဘီစကစ်ဘူးများကို ဆွမ်းတော်တင်သေးသည်။ နေ့လည်ပြန်လာတော့ အပြင်းဖျားတော့သည်။ ဆေးမှုးပင့်ပြီးဆေးထိုးတော့ သက်သာသယောင်ပင်။ နောက်တစ်နေ့မနက် ရွာတော်ရှင်ဘိုး နတ်နန်းက နတ်ကြီးကောက်သည့် ဆိုင်းသံနှင့်အတူပင် ကြီးတော်စိန်ဝိဉာဉ် ချုပ်သွားခဲ့သည်။ သူပို့ချင်လှသည့် မုန့်ပို့ သွားခဲ့ရ၍လားမသိ။ မျက်နှာလေး ကြည်ကြည်လင်လင်နှင့် ပြုံးနေသည့် ကြီးတော်စိန့် အလောင်းကိုသား သားသမီးတစ်သိုက် သီတင်းကျွတ်ဂါရဝအဖြစ် နောက်ဆုံး ကန်တော့လိုက်ကြရလေတော့သည်။



#မြရည်နန္ဒာ

#မြကြာဖြူဝေ

#ခေမင်္ကရ

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ