M Min Nyo
(ဆောင်းပါး)
"သီတင်းကျွတ်ပြီ...တူရာသီ...အဿဝဏီရှိန်ဝါထွန်း
ကြာမျိုးလည်းစို...မီးမြင်းမိုရ်...ဗဟိုအချာထွန်း "
ဒီကဗျာအပိုင်းအစလေးက သီတင်းကျွတ်လကို ရေးစပ်ခဲ့တဲ့ ကင်းဝန်မင်းကြီးရဲ့စာ ဖြစ်ပါတယ်။ သီတင်းကျွတ်လရဲ့ အထင်ကရတွေကို ထိမိပေါ်လွင်အောင် ရေးပြထားတာပါ။ သီတင်းကျွတ်လနဲ့ပက်သက်ပြီး အထင်ကရစာဆိုများစွာရဲ့ စာပေတွေထဲကမှ ဒီစာသားလေးဟာ အဓိပ္ပာယ်ပေါ်လွန်လှပါတယ်။
မြန်မာ့ယဥ်ကျေးမှုအရ သီတင်းကျွတ်လကို တူရာသီလို့ ခေါ်ကြတယ်။ အဿဝဏီနက္ခတ် ထွန်းလင်းတောက်ပချိန်လို့ ဆိုပါတယ်။ ရာသီပန်းအဖြစ် ကြာပန်းများပွင့်လန်းကြပါတယ်။ ပွဲတော်တွေအနေနဲ့ ဝါကျွတ်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ ဆီမီးမြင်းမိုရ်ပွဲ၊ တာဝတိံသာပွဲဆိုပြီးတော့ အမျိုးမျိုး ခေါ်ဆိုကျင်းပလေ့ရှိပါတယ်။ ဒါတွေကတော့ ကင်းဝန်မင်းကြီးရဲ့ကဗျာကိုမှီပြီး သိလာရတဲ့အချက်တွေ ဖြစ်ပါတယ်။ သီတင်းကျွတ်လနဲ့ပက်သက်ပြီးတော့ အခြားထူးခြားထင်ရှားတဲ့ ရာသီပန်းတွေ၊ ပွဲတော်တွေ၊ ဓလေ့ထုံးတမ်းတွေ၊ အစဥ်အလာတွေ၊ ပြုမူဆောင်ရွက်ပုံတွေနဲ့ လေ့လာသိရှိစရာ များစွာရှိနေပါသေးတယ်။
ဒီဆောင်းပါးမှာတော့ လက်လှမ်းမှီသမျှ သမိုင်းကြောင်းတွေ၊ လက်ရှိအခြေအနေတွေ နဲ့အတူ
ကျွန်တော်တို့မမှီခဲ့တဲ့ ဘုရင်ခေတ်ကအခြေနေတချို့ကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရှေးခေတ်စာပေအထောက်အထားတွေနဲ့ ပိဋကတ်စာသင်တိုက်တချို့ဆီက ကျင့်သုံးဖော်ပြချက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
သီတင်းကျွတ်လဟာ မြန်မာလတွေထဲမှာ သတ္တမမြောက် လဖြစ်ပါတယ်။ မိုးအကုန် ဆောင်းအကူးကာလဖြစ်ပြီး ပွင့်လင်းရာသီအဖြစ် သတ်မှတ်ကြပါတယ်။ အနောက်တောင်မုတ်သုံလေ စွန့်ခွာသွားပြီး၊ မိုးအနည်းငယ်သာကျန်တော့တဲ့ မိုးနှောင်းကာလလည်း ဖြစ်ပါတယ်။ ရှေးအဆိုအရ ခြေခင်းလက်ခင်း သာယာစပြုချိန်လို့ ဆိုကြပါတယ်။
ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိ
ဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ပါတယ်။ မဟာသက္ကရာဇ် -၁၀၉ ခုနှစ်၊ ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သန္တုတိသ မယ်တော်မိနတ်သားအား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားဖို့ တာဝတိံသာနတ်ပြည်ဆီ ကြွချီတော်မူပါတယ်။ ပြီးနောက် စကြဝဠာတိုက်များစွာက နတ်ဗြဟ္မာအပေါင်းကိုလည်း ဝါတွင်းသုံးလတာ ကာလပတ်လုံး တရားတော်အကျယ်ကို ဟောကြားခဲ့ပြီး၊ အဆုံးသတ် ပြီးမြောက်သောနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့တရားတော်က "ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာ ကတာဓမ္မာ" အစချီတဲ့ အဘိဓမ္မာတရားတော်မြတ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတရားတော်ကိုပဲ အရှင်သာရိပုတ္တရာက တပည့်သာဝကတွေကို အကျဥ်းချုပ်အနေနဲ့ ပြန်လည်ဟောကြားပြီးမြောက်ခဲ့တာလည်း သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ ဂုဏ်ထူးဝိသေသ များစွာနဲ့ ပြီးပြည့်စုံတဲ့နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ရဟန်းတော်များ ဝါမှ ထသောနေ့၊ ပဝါရဏာ ပြုကြသောနေ့(ပဝါရဏာဆိုတာ အမေးအဖြေ ပြုလုပ်ခြင်းပါ)၊ မြတ်စွာဘုရားရှင်ကိုယ်တော် အဘိဓမ္မာတရားတော် ဟောကြားပြီးမြောက်သောနေ့၊ တာဝတိံသာမှသင်္ကဿနဂိုရ်ပြည်ဆီ ဆင်းသက်တော်မူသောနေ့၊ လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ ပူဇော်အထူးကိုခံယူသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို အတားအဆီးမရှိ ထိုးဖောက်မြင်ခွင့်ရကြသောနေ့ ဆိုပြီးတော့ ကောင်းချီးမင်္ဂလာများစွာပြည့်စုံခဲ့တဲ့နေ့ ဖြစ်ပါတယ်။
ထူးခြားဆန်းကြယ်မှုကတော့ စကြဝဠာကို ထိုး ဖောက်မြင်ခွင့် ရခြင်းပါ။ သာမာန်ပုထုဇဥ်အနေနဲ့ ဒီလိုမြင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဖြစ်အပျက်ကတော့၊ မြတ်စွာဘုရားရှင် အဘိဓမ္မာတရားတော် ဟောကြားပြီးချိန်မှာ လူ့ပြည်ကိုဆင်းသက်နိုင်ဖို့အတွက် သိကြားမင်းက စောင်းတန်းသုံးသွယ် ဖန်ဆင်းပေးခဲ့ပါတယ်။ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတွေရဲ့အောက်ခြေဟာ သင်္ကဿနဂိုရ်ပြည်ရဲ့တံခါးဝအထိ ရောက်ပါတယ်။ မြတ်စွာဘုရားရှင်က မြင်းမိုရ်တောင်ထိပ်မှာ ရပ်တော်မူပြီး ရေ၊မီး စုံတဲ့ တန်ခိုးပြာဋိဟာများ ပြတော်မူခဲ့ပါတယ်။ ဒါ့အပြင် အညိုရောင်၊ ရွှေရောင်၊ အနီရောင်၊ အဖြူရောင်၊ မောင်းသောအရောင်၊ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သောအရောင် စတဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးတော်မူခဲ့ပါတယ်။
ဒီလို ရောင်ခြည်တော်တွေရဲ့အစွမ်းကြောင့် လူတွေက နတ်ဗြဟ္မာတွေကို မြင်နိုင်သလို၊ အရာရာကို အတားအဆီးမရှိ မြင်နိုင်ခဲ့ကြပါတယ်။ အပေါ်ကိုကြည့်ရင် အကနိဌဗြဟ္မပြည်အထိ၊ အောက်ကိုကြည့်ရင် အဝီစိငရဲအထိ ပါမကျန် စကြဝဠာတိုက်ထောင်ပေါင်းများစွာကို မြင်နိုင်စွမ်းခဲ့ကြပါတယ်။ အံ့ဖွယ်ကောင်းတဲ့ အချိန်ကာလတစ်ခုကို ကြုံခွင့်ရခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ နတ်ပြည်မှာရှိတဲ့ စူဠာမဏိစေတီတော်ကို ပူဇော်တဲ့အနေနဲ့ မီးပုံပျံများ လွှတ်တင်ကြပါတယ်။မြန်မာစာပေနှင့် ယဥ်ကျေးမှု အထောက်အထားများအရ ဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံသာမှ လူ့ပြည်ကိုပြန်လည်ဆင်းသက်လာခြင်းကို ပူဇော်ကြတဲ့အနေနဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ သမိုင်းအစဥ်ဆက် ဘုရင်မင်းများလက်ထက်ကလည်း ပြည်သူပြည်သားများက ဆီမီးကပ်ခြင်း၊ မီးရှူးမီးပန်းများလွှတ်ခြင်း၊ ပန်း ရေချမ်းများ ကပ်လှူခြင်းတို့ကို ပြုလုပ်ခဲ့ကြတာမို့၊ အစဥ်အလာမပျက် ရိုးရာမပျက် ထိန်းသိမ်းလာခဲ့ကြတယ်လို့ ပြောရပါမယ်။
ဒီနေ့ခေတ်မှာလည်း မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရား စေတီပုထိုး ကျောင်းကန်များတွင် ဆီမီးပူဇော်ခြင်း၊ လူနေအိမ်များ စျေးဆိုင်များနှင့် လူ့အကျိုးပြုပစ္စည်းတွေပေါ်မှာပါ မီးထွှန်းညှိပူဇော်ခြင်းများ ပြုလုပ်လာကြပါတယ်။ ဒါနကုသိုလ်အဖြစ် အစားအသောက်များ ပြုလုပ်ကျွေးမွေးကြပါတယ်။ သီလကုလိုလ်အဖြစ် သီတင်းသီလ ဆောက်တည်ခြင်းတို့အပြင်၊ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ တရားဒေသနာတော်များ နာကြားခြင်း နဲ့ အခြားပြုဖွယ်ကိစ္စ ကုသိုလ်ကောင်းမှု အဝဝကို ပြုလုပ်လေ့ရှိကြပါတယ်။
လူငယ်လူရွယ်တွေက မိဘဘိုးဘွား၊ ရပ်မိရပ်ဖ၊ သက်ကြီးရွယ်အိုများကို အစားအသောက်၊ အသုံးအဆောင်၊ အဝတ်အထည်၊ ငွေကြေး စတာတွေနဲ့ ပူဇော်ကန်တော့ကြပါတယ်။ တပည့်များက ဆရာသမားများကို ကန်တော့ကြတယ်။ ကန်တော့ခံပုဂ္ဂိုလ်များကလည်း ဆုံးမသြဝါဒနဲ့အတူ လက်ဆောင်ပဏ္ဍာတွေ ပြန်လည်ပေးကမ်းကြပါသေးတယ်။
ဘိုးဘွားရိပ်သာတွေမှာ အဘိုးအဘွားများကို အနီးကပ် ပြုစုစောင့်ရှောက်ခြင်း၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးများ ဂရုစိုက်ပေးခြင်း ၊ မိဘသဖွယ် ဝန်ချကန်တော့ အားပေးခြင်းများလည်း ပြုလုပ်လေ့ ရှိကြပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ သီတင်းကျွတ်လ တစ်ခုတင်မဟုတ်ပဲ အခြားနေ့ထူးနေ့မြတ်တွေမှာပါ ဒီလိုအလေ့အထကောင်းကို ပြုလုပ်နေကြတာဟာ အင်မတန်ကြည်နူးဝမ်းသာစရာ ဖြစ်ပါတယ်။
သာသနာ့ဝန်ထမ်းတွေအနေနဲ့ကတော့ ရဟန်းငယ်များက ရဟန်းကြီး၊ ဆရာတော်ကြီးများထံမှာ မိမိတို့ပြစ်မှားခဲ့မိတဲ့ အပြစ်ကြီးအပြစ်ငယ် အသွယ်သွယ်ကို ဝန်ချတောင်းပန်ရင်း ကန်တော့ကြပါတယ်။ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူကြရပါတယ်။ ပြီးရင် ဥပုသ် ပဝါရဏာပြုကြပါတယ်။ ပဝါရဏာပြုခြင်းဟာ သံဃာထုအတွင်းမှာ စည်းလုံးညီညွတ်ခြင်း၊ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းတို့ကို ဖြစ်စေတဲ့အတွက် ဝါကျွတ်ရင် ပဝါရဏာပြုကြဖို့ ဘုရားရှင်ကိုယ်တော်မြတ်က မိန့်ဆိုပညတ်တော်မူခဲ့တာ ဖြစ်ပါတယ်။
ရောင်းဝယ်ဖောက်ကားကြသူများကလည်း အခုလို နေ့ထူးနေ့မြတ်မှာ စျေးနှုန်းလျှော့ပေးတာ၊ ကုန်ပစ္စည်း အပိုပေးတာ၊ အခြား လက်ဆောင်ပေးတာတွေ ပြုလုပ်လာကြတဲ့အတွက်၊ ဝယ်သူရော ရောင်းသူပါ အဆင်ပြေစေတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပျော်စရာ Campaign လေးတွေ ပြုလုပ်ပေးကြတာကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အခုလက်ရှိလည်း SarPhat ကနေပြုလုပ်ပေးတဲ့
"SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ" ဆိုပြီး ပါဝင်ယှဥ်ပြိုင်ခွင့် ရနေကြတာဖြစ်ပါတယ်။ ဒါဟာလည်း သီတင်းကျွတ်နဲ့အတူဖြစ်ပေါ်လာတဲ့ ကြိုဆိုစရာ Campaign တစ်ခုပါပဲ။
ကလေးသူငယ်များအတွက်လည်း သက်ကြီးဝါကြီးများကို ကန်တော့ရတဲ့အကျိုးကျေးဇူးအပြင်၊ မုန့်ဖိုးပါ ပြန်လည်ရရှိတဲ့အတွက် ပျော်ရွှင်စရာ ကာလဖြစ်ပါတယ်။ ဘုရား ပရဝုဏ်များမှာ မိသားစုနဲ့မီးထွှန်းသွားရခြင်း၊ မီးထွှန်းပွဲတော်နဲ့ဆိုင်တဲ့ ကစားစရာများ ရရှိနိုင်ခြင်း၊ ပွဲလမ်းသဘင်များမှာ ပျော်ရွှင်စွာသွားလာခွင့်ရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ပျော်ရွှင်ခွင့်ရတဲ့ လမြတ်လည်းဖြစ်ပါတယ်။
သီတင်းကျွတ်ကာလဟာ အသက်ကြီးငယ် မရွေး၊ ဆင်းရဲ ချမ်းသာ မခွဲ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာဖြတ်သန်းခွင့်ရတဲ့ သာယာလှပလွန်းသော လတစ်လလည်းဖြစ်ပါတယ်။ ရာသီဥတုရဲ့ကောင်းခြင်းကြောင့် လုပ်ငန်းဆောင်တာများကိုလည်း လွယ်ကူချောမောစွာ ပြုလုပ်နိုင်ကြမှာဖြစ်ပါတယ်။
ဒါကြောင့် ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသမယဟာ မြန်မာလူမျိုးတို့အတွက် ယဥ်ကျေးမှုအရ၊ ထုံးတမ်းအစဥ်အလာအရ၊ ဘာသာ သာသနာအရ ထူးကဲမြင့်မြတ်လှတဲ့ အချိန်ပဲဖြစ်ပါတယ်။ ရာသီဥတု သာယာကြည်လင်တဲ့အတွက် ဗုဒ္ဓပူဇနိယပွဲတွေ၊ မီးထွန်းပွဲ၊ တရားပွဲ၊ ပူဇော်ကန်တော့ပွဲတွေနဲ့ လှူဒါန်းပွဲတွေကို အဆင်ပြေစွာလုပ်နိုင်တဲ့ လကောင်းလမြတ်လည်း ဖြစ်ပါတယ်။
သီတင်းကျွတ်လဟာ မြန်မာတို့အတွက် မင်္ဂလာအပေါင်း ခညောင်းတဲ့လတစ်လဖြစ်ပါကြောင်း ပြောပြပေးလိုက်ရပါတယ်။
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
Keep Reading