KhatSit
ရှည်လျားတဲ့ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရဲ့အစမှာ မုတ်သုန်လေကလည်း တိုက်ခတ်လာတာ ညောင်းလို့ထင်ပါရဲ့ အဝေးကိုပြေးတော့မည်ထင်ပါသည် ။ ဆောင်း၏ ရှေ့တော်ပြေး လေညှင်းများက တစ်ခါတရံမှာ ကလူကျီစယ်လို့နေသည်။ ကောင်းကင်ယံမှာလည်း တိမ်ခိုးတွေသာမက မြူခိုးတွေပါ ကင်းစင်နေပြီး အဿဝဏီ ကြယ်မင်းကလည်း ထွန်းလင်းတောက်ပလိုနေပါသည် ။ မစို့မပို့ နှင့် နှင်းစက်လို့အမည်တွင်ရုံမှ ခေါ်ဆိုနိုင်သော နှင်းပေါက်လေးများကလည်း သစ်ရွက်ဖြားလေးတွေကနေ တွဲလဲခိုလို့ကျဆင်းနေသည် ။ ကြာပန်းလေးတွေရဲ့ ရနံ့ကလည်း လေလာတဲ့အခါတိုင်း ကောက်ပင်ရဲ့ ရနံ့လေးတွေနဲ့ ရောယှက်လို့နေပါသည် ။ ဆောင်းဦးရဲ့ နိဒါန်းစတင်ရာ သီတင်းကျွတ်လသို့ ရောက်ခဲ့ပြီလေ....
မြန်မာတို့တွင် ရာသီအလိုက်ရိုးရာပွဲတော်များရှိသည် ။ ဗုဒ္ဓဘာသာနှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် အနည်းနှင့်အများဆိုသလို တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်နေဆဲဖြစ်ပါသည်။ သီတင်းကျွတ်လသည် မြန်မာတို့၏ လများထဲတွင် အမွန်မြတ်ဆုံးသောနှင့် အမွန်မြတ်ဆုံးသော ပွဲတော်များရှိသည် လတစ်လပင်ဖြစ်သည် ။
သတ္တမမြောက်လ
သီတင်းကျွတ်လဟူသည် မြန်မာလများတွင် သတ္တမမြောက်လဖြစ်သည် ။ ရှေးအခါက သီတင်းကျွတ်လဟု
မခေါ်ဆိုဘဲ သန်တူလဟုခေါ်ဆို ရေးသားကြသည်ကို တွေ့ရှိရသည် ။ သန်တူလရဲ့ အဓိပ္ပါယ်ကို “ ဝသန္တဥတု ၊ တူရာသီဖြစ်သောလ” ဟူ၍ ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် ဖွင့်ဆိုပေးထားသည်။ နောက်တစ်မျိုး သန်တူလရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုသော် သန် ဟူသောစကားသည် ကောက်ပင် ၊ စပါးပင် တို့ကို ခေါ်ဆိုတာဖြစ်ပြီး ၊ တူဆိုတာကတော့ ထူသည် ၊ တစ်စုံတစ်ရာကိုစိုက်သည် ၊ ထောင်မတ်စေသည် ဟူ၍ဖွဲ့ဆိုထားကြောင်းကို တွေ့ရသည် ။ ဒါကြောင့် ကောက်ပင်များ ထောင်မတ်လာသောလ ၊ ပေါက်ဖွားလာသော လဟူ၍ဖြစ်ပေသည်။ သီတင်းကျွတ် ဟူသော စကားလုံးကို ရှေးခေတ်ကျောက်စာများတွင် မတွေ့ရသလောက်နီးပါးရှိပြီး အစောဆုံး တွေ့ရှိရတဲ့ ကျောက်စာကတော့ သက္ကရာဇ် ၅၇၄ ခုနှစ်တွင် ရေးထိုးထားသော တုရွင်းတောင် စောရဟန်း သိမ်ကျောက်စာ အတွင်း “ သီတင်းချွတ်စသော ချသောသံမြှူ ၁၀” ဟူသော အသုံးကို အစောဆုံးတွေ့ရလေသည် ။ သတင်းချွတ်ဟူသောစကားသည် သီတင်းသီလ စောင့်ထိမ်းသူတို့က ချွတ်လွတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည် ။ ထိုမှတစ်ဖန် ဝါကျွတ် ဟူသော စကားနှင့်ပေါင်းစပ်ပြီး သီတင်းကျွတ်ဟူ၍ ဖြစ်ပေါ်လာဟန်ရှိပေသည် ။ “ ဝါလကင်းလွတ်သီတင်းကျွတ် ၊ မိုးလေကင်းလွတ် သီတင်းကျွတ်” ဟူ၍ပြောစမတ်ပြုကြပါသည်။
သီတင်းကျွတ်လသည် လဆန်း ၁၅ ရက် ၊ လဆုတ် ၁၄ ရက်ဖြစ်သည် ။ ရက်မစုံလ ဖြစ်ပြီး နေ့တာနှင့် ညတာ တူညီသည် ။ စန်းယှဉ်နက္ခက်မှာ အဿဝဏီ ဖြစ်သည် ။ အဿဝဏီကြယ်သည် ကြယ်ခြောက်လုံးပါရှိသည့် မြင်းခေါင်းပုံဖြစ်သည် ။ ရာသီပန်းမှာ ကြာပန်းဖြစ်သည် ။ ကြာဖြူ ၊ ကြာနီ ၊ ကြာညို ၊ ကြာပုဏ္ဍရိက် ၊ ကြာပဒုမ္မာဟူ၍ ကြားမျိုးငါးပါးရှိသည် ။ သီတင်းကျွတ်လတွင် ရွာသောမိုးကို ပလ္လင်ဆေးမိုးဟု ဆိုထုံးပြုထားသည် ။ မိုးအကုန် ဆောင်းအကူးရဲ့ လဖြစ်သည်နှင့်အညီ သာယာလှပစွာ တည်ရှိနေတဲ့ လတစ်လပင်ဖြစ်ပေသည်။
အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာတရားတော်သည် သန္တုသိတအမည်ရှိသည့်မယ်တော်မိနတ်သားအား ဟောကြားသည့် ကျေးဇူးဆပ်တရားဖြစ်ခြင်း ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသောတရားဖြစ်ခြင်း ၊ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသော် တရားဖြစ်ခြင်း ၊ ပကတိဘုရားရှင်နှင့် နိမ္မိတဘုရားရှင်တို့ တစ်လှည့်စီဟောကြာတော်မူသော တရားဖြစ်ခြင်း ဟူသည့် ထူးမြတ်ခြင်း လေးပါးနှင့် ပြည့်စုံသည့် တရားတော်ဖြစ်သည် ။ ထို့သို့ထူးမြတ်ခြင်း လေးပါးနှင့်ပြည့်စုံသော် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးမြောက်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်ဟောကြားပြီးမြောက်ခဲ့သည်ကို ရည်စူးပြီး အဘိဓမ္မာအခါတော်နေ့ သတ်မှတ်ကာ ကျင်းပပူဇော်ကြခြင်းဖြစ်ပါသည် ။
မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော်ဟောကြားပြီးမြောက်တော်မူသော ဝါကျွတ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်လူ့ရပ်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းတော်မူသည် ။ နတ်ပြည်မှ လူ့ပြည်သို့ကြွမြန်းရာတွင် ပတ္တမြားစောင်းတန်းကို အလယ်မှာထားကာ လက်ယာဘက်တွင် ရွှေစောင်းတန်း နှင့် လက်ဝဲဘက်တွင် ငွေစောင်းတန်းထားရှိသည့် စောင်းတန်းသုံးသွယ်ကို သိကြားမင်းက
ဖန်းတီးပေးထားရာ မြတ်စွာဘုရားရှင်က ပတ္တမြားစောင်းတန်းမှ ကြွမြန်းတော်မူသည်။ ရွှေစောင်းတန်းမှ နတ်များခြံရံပြီး ငွေစောင်းတန်းတွင် ဗြဟ္မာအပေါင်းတို့က လိုက်ပါလာကြသည် ။
ဤသည်ကို ဖိုးသူတော်ဦးမင်းက “ ခုနစ်လီငယ် ၊ ဂမ္ဘီရတ္ထ ၊ မြတ်ဓမ္မကို ၊ ကောဝိလအောက် ၊ ကမ္ဗုကျောက်ထက် ၊ မိန့်မြောက်ပြီးလတ် ၊ ပြည်သင်္ကဿသို့ ၊ မြင့်မြတ်ကယ်ဘုန်းစည် ၊ စက်ဖွားတော်လည်ချိန်မို့” ဟူသော လေးချိုးဖွဲ့စပ်ထားလေသည် ။
မြတ်စွာဘုရားရှင်၏ လက်ယာဘက်တွင် ပဉ္စသင်္ခနတ်သားက ဗေလုဝနတ်စောင်းတီးကာ ၊ သုယာမနတ်မင်းက စာမရီသားမြီးယပ်ကို လွှဲခပ်၍ ၊ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ကို လွှဲခတ်လျက် သိကြားမင်းက ဝိဇယုတ္တရ ခရုသင်းကို မှုတ်ပြီး ပူဇော်လာကြသည် ။ လက်ဝဲဘေးတွင် မာတလိနတ်သားက ပန်းနံ့သာအမွှေးအကြိုင် တို့ဖြင်ပူဇော်ကာ သဟံပတိဗြဟ္မာမင်းကြီးက ဗြဟ္မာထီးဖြူတော်ကြီးကို ဆောင်းမိုးပူဇော်လာပါသည် ။
ဆီမီးမြင်းမိုရ်ပွဲတော်
ဘုရားရှင်၏ ရောင်ခြည်တော်များနှင့်အတူ စောင်းတန်းအသီးသီးမှ ပတ္တမြားရောင် ၊ ရွှေရောင် ၊ ငွေရောင်များက တလက်လက် တပြောင်ပြာင် ၊ တဝင်းဝင်းတထိန်ထိန်နှင့် တောက်ပလျက်ရှိနေသည် ။ နတ် ၊ ဗြဟ္မာ ၊ သိကြားမင်းတို့ဝန်းရံကာ ကြွမြန်းတော်မူလာသော မြတ်စွာဘုရားရှင်ကို လူ့ပြည်မှ ရဟန်း ၊ ရှင် ၊ လူအပေါင်းတို့က ဆီးကြိုပူဇော်ကြသည် ။ ထိုသို့ ဖူးမြော်ပူဇော်ကြသည်ကို အကြောင်းပြုကာ မြတ်စွာဘုရားရှင်အားရည်မှန်းပြီး သီတင်းကျွတ်လပြည့်နေ့တွင့် ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြသည် ။ ဤသည်ကို သီတင်းကျွတ်ပွဲတော်ဟု လည်းကောင်း၊ သီတင်းကျွတ်မီးထွန်းပွဲဟုလည်ကောင်း ခေါ်ကြ သည်။ ရှေးအခါကမူ မီးမြင့်မိုရ်ပွဲဟုခေါ်ခဲ့ကြ သည်။
ကျေးလက်လက်တောရွာများတွင် တာဝတိံသာပွဲ ဟုခေါ်ကြသည်ကိုလည်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ခေတ်အဆက်ဆက်ကျင်းပပြုလုပ်လာခဲ့ကြပါသည်။ ပုဂံခေတ်တွင်ရေးထိုးသော ကျောက်စာ များတွင် ကထိန်အလှူ၊ ပံသုကူအလှူ ၊ မီးဖုန်းအလှူနှင့်ညောင်ရေသွန်းအလှူ စသည်တို့ကိုတွေ့ရသော်လည်း သီတင်းကျွတ် မီးပူဇော်မှုကိုမတွေ့ရပေ။ သို့သော်လည်း ပုဂံခေတ်မြင်းကပါဂူပြောက်ကြီးဘုရား နံရံဆေးရေး ပန်းချီကားတွင် သီတင်းကျွတ်လပြည့်နေ့၌ မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ လူပြည့်သို့ ဆင်းသက်ပုံရေးဆွဲထားသည်ကိုတွေ့ရပြီးရွှေစောင်းတန်း ၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ပါရှိပြီး ပုဂံခေတ်မှအချို့နံရံပန်းချီများတွင်လည်း ဆီမီးခွက်များကိုတွေ့ရသဖြင့် ပုဂံခေတ်တွင် သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေပြီဟူယူဆနိုင်ပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ဖက်တွင် သီတင်းကျွတ်ပွဲတော် ဆင်နွှဲကြပုံကို စာဆိုတော်ဦးယာက “ ကြော်သဲအုတ်အော် ၊ ပူဇော်ဆီမီး ၊ ညီးညီးဝင်းဝင်း ၊ ထွန်းလင်းရှောင်ရှိန် ၊ အာလိန်ငါးဆင့် ၊ ရွှန်းရွှန်းတင့်သား ၊ နတ်မင်းစံရာ ၊ ဝတိံသာသို့ ၊ လေးဖြာရောင်စို မြင်းမိုရ်ပွဲကြီး” ဟူသည့် လူးတာစာအလင်္ကာဖြင့် ဖွဲ့ဆိုထားသည်။
မင်းတုန်းမင်းလက်ထက် သီတင်းကျွတ်လတွင် ရွှေနန်းတော်မှ လောကမဏိစူဠာစေတီတော် အရောက် မီးစောင်းတန်းကြီးကိုလည်းကောင်း၊ ရွှေနန်းတော်ကြီးမှရွှေမြို့တော်လေးထောင့် ရွှေကွန်အုပ်ဘုရား၊ ရွှေစကား ဘုရား၊ ရွှေလင်းပင်ဘုရား၊ ဆင်ကြိုးရွှေဂူဘုရားများသို့အရောက်မီးစောင်းတန်းကြီးလေးသွယ် တို့ကိုလည်းကောင်းအသီးသီးပူဇော်လေ့ရှိကြသည်။
သီပေါမင်းလက်ထက်မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ် သီတင်းကျွတ်လတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကိုအလွန်ကြီးကျယ် စည်ကားစွာကျင်းပခဲ့ ကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတတိယတွဲတွင် ဖော်ပြထားသည်ကိုတွေ့ရ သည်။ မျက်မှောက် ခေတ်တွင်သီတင်းကျွတ်မီးထွန်းပွဲကျင်းပပုံသည် ရှေးခေတ်များနှင့်မတူ ကွဲပြား ခြားနားလာသည်ကိုတွေ့ရသည်။
ပဝါရဏာပွဲ
ပဝါရဏာပွဲတော်သည် လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သောပွဲတော်မဟုတ်ဘဲသာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့်သက်ဆိုင်သောပွဲတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ သီတင်းကျွတ် ပဝါရဏာပွဲ တော်ကာ ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့်ပါပေတည်း ။ “ပဝါရဏ” မှာ ပါဠိစကား ဖြစ်သည် ။ ဖိတ်ကြားခြင်းဟု အဓိပ္ပါယ်ရသည် ။ “ မြင်ရ၍ ၊ ကြားရ၍ ၊ သံသယ ဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆိုဆုံးမတော်မူပါ ဟု ရဟန်းတော်အချင်းချင်း ဖိတ်ကြားထားခြင်းကို “ ပဝါရဏာ” ဟုခေါ်ပါသည် ။ အကျဉ်းချုပ်အားဖြင့် ရဟန်းတော်များအချင်းချင်းအပြန်အလှန် ဖိတ်ကြား တိုက်တွန်းတောင်းပန်ကြသည့်ပွဲဖြစ်သည် ။
ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေတွင် သင့်လျော်သောအချိန်တွင် သိမ်တော်မင်္ဂလာသို့စုရုံးကာ ပဝါရဏာ ပြုကြသည် ။ ရှေးဦးစွာ ဝါတော်သိက္ခာအကြီးဆုံးသော ရဟန်းတော်က “ တပည့်တော်သည် သံဃာတော်ကို ဖိတ်ကြားပါ၏ တပည့်တော်၏အပြစ်ကို မြင်၍သော်လည်းကောင်း ၊ ကြား၍သော်လည်းကောင်း ၊ သံသယရှိ၍သော်လည်းကောင်း တပည့်တော်အားသနားသောအားဖြင့် ပြောဆိုသတိပေးတော်မူကြပါ ။ အပြစ်ကို ကုစားပါမည်ဟု ရဟန်းတော်တို့အား သုံးကြိမ်တိုင်တိုင် ဖိတ်ကြားတိုက်တွန်းရပါသည် ။ ထိုနောက် ဝါတော်စဉ်အလိုက် ရဟန်းသံဃာတော်ကုန်သည်အထိ သုံးကြိမ်စီ ဖိတ်ကြားလျှောက်ထားရသည် ။ ဖိတ်ကြားပြီးနောက် ကျန်ရဟန်းသံဃာတော်များက သာဓုသုံးကြိမ်ခေါ်ရသည် ။ အပြစ်ရှိပါက ပြုပြင်ပေးရန်အတွက် ဖိတ်ခေါ်သောပွဲလည်းဖြစ်ပေသည်။
ပဝါရဏာပွဲ သည်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရှိခဲ့သောပွဲဖြစ်၍ နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင် ကြာခဲ့ပြီဖြစ်သည့် ပွဲဖြစ်ပေသည်။
ကန်တော့ပွဲ
ဒီလိုအချိန်ကာလဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေရသူတွေ ၊ ရပ်ဝေးနယ်ခြားမှာ သွားရောက်အလုပ်လုပ်နေသူတွေဟာ မိသားစုရှိရာ ဇာတိရွာကို ရောက်အောင်ပြန်လာလေ့ရှိကြပါတယ် ။ မိသားစုတွေ ပြန်ဆုံကြတဲ့အခါ အသက်အရွယ်ကြီးရင့်သူတွေ ၊ မိဘ နှင့် ဆရာသမားတွေကို ပူဇော်ကန်တော့ကြပြီး ကန်တော့ခံရတဲ့သူတွေကလည်း လာကန်တော့တဲ့ မိမိတို့ရဲ့ သားသမီးမြေးမြစ်တွေ ၊ တပည့်တွေကို မုန့်ဖိုးပြန်ပေးလေ့ရှိတဲ့ ချစ်စရာဓလေ့တစ်ခုလည်းရှိပါတယ် ။ အခုခေတ်မှာတော့ မွေးရပ်မြေမပြန်နိုင်တဲ့ နိုင်ငံခြားရောက်နေသူတွေကလည်း Video Call ခေါ်ဆိုကာ မိမိတို့ရဲ့ ဂါဝရတရားကို ပြသကြလေသည် ။
မိဘ ၊ ဆရာ ၊ လူကြီးသူမများထံ လှည့်လည်၍ ရိုသေမှု ပြုကြသည် ။ ဗုဒ္ဓဘဘာသာဝင်တို့၏ မိဘ ၊ ဆရာသမား ၊ လူကြီးသူမတို့အား ကန်တော့လိုက်ခြင်းသည် ကျေးဇူးတရားကို ပေးဆပ်ခြင်းဟူသော ရိုသေလေးစားမှုတစ်ခုတည်းသာမက ဘဝအဆက်ဆက်က ပြုမိခဲ့သော မကောင်းမှုတို့နှင့်ပတ်သတ်၍ တောင်းပန်အပ်ပါသည် ဟူသည့် သဘောပါ ပါဝင်သည် ။ ကန်တော့ခြင်းကို ခံရတဲ့ လူကြီးသူမတို့ကလည်း ၎င်းတို့ပြုခဲ့မိသော မကောင်းမှု ၊ သူတစ်ပါးအပေါ်ထိခိုက်နစ်နာသွားစေမှုတို့အတွက်လည်း တောင်းပန်မှုကို တန်ပြန်ပြုကြရသည် ။ တောင်းပန်တယ်ဆိုတိုင်းလည်း အမှားလုပ်မိမှ တောင်းပန်ရမှာမဟုတ်ပါဘူး ။ တောင်းပန်တဲ့ ရည်ရွယ်ချက်ကိုက တစ်ဦးနဲ့တစ်ဦးကြားမှာရှိတဲ့ မာန်မာန ၊ အမုန်းအာဃာတ မထားဖို့ ၊ မဖြစ်စေဖို့နဲ့ ခွင့်လွတ်တတ်တဲ့ နားလည်မှု ၊ ချစ်ခင်လေးစားမှုကို ဖြစ်ပေါ်စေရန်အတွက်ပဲဖြစ်ပါသည် ။
အပြန်အလှန်တောင်းပန်မှုတွေပြုလုပ်ပြီးနောက် ချင်ခင်ရင်းနှီးမှု ၊ သနားကြင်နာမှုတို့နှင့်ပြည့်စုံသော အချိန်အခါလေးကို သီတင်းကျွတ်အခါသမတွင် ဖော်ဆောင်လိုက်ခြင်းပင်ဖြစ်ပါသည် ။
ဤသို့ဖြင့် သီတင်းကျွတ်ကာလတွင် ဘာသာရေးပွဲတော်များနှင့် လူမှုရေးပွဲတော်များကို ပြုလုပ်ကျင်းပကြသည် ။ ကျင်းပပြုလုပ်သော ပွဲတော်များသည်လည်း မင်္ဂလာတရားတော်နှင့်အညီ ဂါရဝ တရားနှင့် နိဝါတ တရားကို မြတ်နိုးလေးစား တန်ဖိုးထားသည့် မြန်မာတို့ရဲ့ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုပင်ဖြစ်ပေသည်။ “ ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား ၊ ငယ်သူကို သနားကြင်နာပြီး ထောက်ထားငဲ့ညှာသည့် မြန်မာ့အမျိုးသားရေးစရိုက်ပင်ဖြစ်ပေသည် ။ ထို့ကြောင့် သီတင်းကျွတ်ကာလမှာ ကျင်းပသည့် ပွဲတော်များကို မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းကြရမည်မှာ မြန်မာတို့၏ ဓလေ့စရိုက်ပင် ဖြစ်ပါကြောင်း နှင့် ပွဲတော်များကျင်းပရခြင်း၏ အနှစ်သာရများကို သိရှိစေရန် ဖော်ညွှန်းရေးသားလိုက်ရပါသည် ။
#KhatSit
ကိုးကား
မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၃ )
မြန်မာ့ဆယ့်နှစ်လအကြောင်း
သီတင်းကျွတ်သည်လည်း မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည် ။
Keep Reading