Author's Profile Photo

မြရည်နန္ဒာ

13/10/2024

ဆန္ဒပြည့်ချိန်

3 mins read
Poetry
Novel
ဆန္ဒပြည့်ချိန်'s photo



ဆန္ဒပြည့်ချိန်

?????

"ကောင်လေး...ဟဲ့ ကောင်လေး...ဂျီးကို သာကြီးဖွင့်ပေးစမ်းပါ့ဟယ်" ဘညိုဦး အလောင်း ထည့်ထားတဲ့ အအေးခေါင်းမှန်ဖုံးကို လက်နဲ့ ပုတ်ပြရင်း သည်ဟာကြီးကို လာတပ်ပေးသွားတဲ့ အဖွဲ့ထဲက ကလေးကို ဂျီးချစ်မြတောင်းဆိုမိသာပါ။ 



ဟုတ်သယ် ။



 ဒီဟာကြီးက ရေခဲသေတ္တာလိုပဲတဲ့ ...ကိုရင်ညို့ အလောင်းက ရန်ကုန်က သားလာမှ ဂူသွင်းရမှာမို့ မနံမစော်အောင် သာကြီးနဲ့ထည့်ထားရမတဲ့။ 



ဟုတ်မှာပလေ။ ကိုရင်ညို့အဖေ အရီးဒွန်း သေတုန်းက ပုပ်လိုက်သကော အလောင်းတောင်မသယ်ချင်ကြလို့ရွာထဲက စံမြတို့ အမူးတသိုက်ကို အရက်ဖိုးများများပေးပြီး  သုသာန်ရောက်အောင် ဇွတ်ဆွဲချရတာကလား ။ 



ခုတော့ ရွာထဲမယ် ပရဟိတဆိုလား အသင်းဖွဲ့သတဲ့ ။ မှန်လုံကားလဲရှိတယ် ။ ဟော့ ရေခဲသေတ္တာလိုဟာကြီးလဲ ရွာကဘုန်းကြီးရဲ့သူငယ်ချင်းက လှူလိုက်သတဲ့။ 



ကောင်လေးက မှန်ဖုံးကြီးဖွင့်ပေးတော့ ဂျီးချစ်မြ ကိုရင့်ပါးလေးတွေ စမ်းကြည့်မိတယ်။ 



အလိုလေ ...အေးလို့ပါ့ကိုရင် ..အေးလို့ပါ့....



အားရပါးရပြုံးမိတဲ့ ဂျီးချစ်မြကို လူတကာက အရူးလို့ ထင်ကြမှာပလေ ။ ခုတောင် ခြေရင်းတဲက မိပဲကြားက "ဂျီးချစ်မြ ..ကိုယ့်နှယ်တော် ဘညို အလောင်းစမ်းကြည့်ပြီး ဘာပြုံးနေတုန်း"လို့ မေးနေသာ။ ပြုံးရမှာပါအေ ။




ဂျီးချစ်မြ အိမ်လယ်တိုင်ကို မှီထိုင်ရင်း ကိုရင့်အလောင်းထည့်ထားသဲ့ ပုံးကြီးကို ငေးရင်း ပြုံးနေမိသာပါပဲ။



 အေးသယ်နော် ကိုရင်...တော် အေးနေရောပ..



ဂျီးချစ်မြ ပြုံးနေတာကို မြင်ကြသူများပေသိ ဘာလို့ပြုံးနေမှန်း မသိကြ။ လင်ကိုယ်မယားရှိသဲ့ ဘဝမယ် ဖိုးကြီးအို သေလို့များ သည်းခြေပျက်သလားလို့ ထင်ကြမှာပ။ ကျုပ်သည်းခြေ မပျက်ဘူးတော့ ကိုရင်..ကျုပ် သဘောကျနေသာပါ။ 



လွန်ခဲ့တဲ့ အနှစ် ခြောက်ဆယ် ...မချစ်မြလေးကို ကိုညိုဦးပိုးတော့ ရပ်ကျော်ရွာကျော်ပေါ့ ။ မချစ်မြက ဖြူဖြူသေးသေး။ အုပ်လုံးသိမ်းစ။ ကိုညိုဦးက အသက် အစိတ်လောက်အရွယ်။ မချစ်မြတို့ တောမယ်တော့ ကိုညိုဦးက လူပျိုဟိုင်း စာရင်းဝင်ပြီ။ သည်လူပျိုဟိုင်းက ဖြူဖြူသေးသေး အပျိုမလေးကို မရမနေ ငမ်းငမ်းတက်လေတော့ ရပ်ရွာ မကျော်ဘဲ နေမလား ။ 



မိဘသဘောတူလို့ လင်ရယ်သားရယ် ဖြစ်ရပြီဆိုမှ မချစ်မြသိခဲ့ရတာက ကိုညိုဦးဟာ ကိုယ်သားကိုယ်ရေ အလွန်ပူတဲ့သူဆိုတာပါပဲ ။မချစ်မြ လက်ကို စ ကိုင်တုန်းကများ လက်ကိုင်လို့ လန့်သာထက် သူ့လက်ကပူလှချည့်လို့ တွေးနေခဲ့မိရသာလေ။ သည်လို ကိုယ်သားကိုယ်ရေပူတာ ကိုညိုဦးငယ်ငယ်က သူ့ဘထွေး ဦးကျော်သာက ခွေးသားကျွေးခဲ့လို့တဲ့။ 



ကဲလေ ဘယ်လိုကြောင့်ပူပူ ကိုယ့် လင်ရယ် ဖြစ်လာတော့ သူအေးရာအေးကြောင်း လုပ်ပေးရသပေါ့။ ကရမက်တွေ သွေး လူးပေး။ သနပ်ခါးတွေသွေးလူးပေး။ မချစ်မြ သနပ်ခါးတုံးက မချစ်မြလူးလို ကုန်သာမဟုတ်ဘူးရယ်။ သူ့ လိမ်းပေးရလို့ ကုန်သာ။ ဆားခါးနဲ့ရေချိုးခိုင်းသာတို့၊ နွားစငုတ်နဲ့ ဆန်ဆေးရေစိမ်ပြီး ချိုးခိုင်းသာတို့ကတော့ နေ့တိုင်း။ မရပါဘူး။ ပူနေရှာသာပဲ။ နွေရာသီများဆို ထွန့်ထွန့်လူးပေါ့ ။ ကရမက်လူးပေးပြီး ယပ်ခတ်ပေးလဲ ခမျာ မသက်သာရှာပါဘူး ။ 



ကိုယ်တွေ ဘဝကလဲ လက်လှုပ်မှ ပါးစပ်လှုပ်ကြရလေတော့ သူ့ချည်းရယ်လို့လဲ အေးအောင်လုပ်မပေးနိုင်ဘူးပေါ့လေ။ နေ့ နေပူစပ်ခါး အလုပ်ကြုံးလုပ် ၊ ညနေစောင်း အလုပ်သိမ်း ၊ ရိုးထဲ ရေချိုးပြီးရင် မချစ်မြတို့က အေးအေးလူလူ ။ ကိုရင့်မတော့ ရေထဲက မတက်နိုင် တက်လာလဲ ရေစိုဝတ်ကြီးကိုယ်လုံးပတ်နေတော့သာ။ 



ငယ်တုန်းရွယ်တုန်း သန်မာချိန်ဆိုတော့လည်း အပူမရှပ်သလို အအေးလဲ မပတ်ခဲ့ပါဘူး ။ မချစ်မြလဲ စွမ်းသမျှတော့ သူအေးအောင် လုပ်ပေးခဲ့ပဲ။ တောလုပ်တောကိုင်ရှားပါးချိန် မြို့ပေါ်တက်ဗာဟီရလေးတွေ လုပ်ပေးတဲ့အိမ်မယ် သံစည်ပြတ်တွေ့တော့ ပဲ နှစ်တင်းနဲ့ဝယ်လာခဲ့တာ။ ရေရှားမိုးရှားအရပ်ဆိုတော့ အဲ့သံစည်ပိုင်းထဲ ရေခပ်ထည့်ပေးထားပြီး ကိုရင် စိမ်စမ်းဆို ထားတာကလား ကိုယ်တတ်နိုင်သာပေါ့လေ။ 



သည်လိုနဲ့ ကိုရင်နဲ့ သားနှစ်ယောက်ရပြီး အရွယ်တွေလဲ ကြီးလာခဲ့ပေါ့ ။ မချစ်မြလဲ ဂျီးချစ်မြဖြစ်လာခဲ့ပြီလေ။ ကိုရင်လဲ ဘ ညို အရွယ်ရောက်ခဲ့ပြီ။



 အင်း..အသက်ကြီးမှ လုပ်လုပ်စားစားဘဝက နည်းနည်း နားရတော့သာကိုး။ 



သားနှစ်ယောက်မယ် အငယ်ကောင် ဗိုလ်တောက ကျောက်တူးမယ်ဆို ဖားကန့်တက်သွားတာ မြေပိလို့ သေရှာသတဲ့။ သတဲ့ လို့ပြောရတာကလဲ သတင်းသာကြားရတာလေ ဂျီးချစ်မြလဲ လိုက်မသွားနိုင်။ ဗိုလ်တောက ရွာနေစဉ်တည်းက ရွာရိုးလျှောက်နေတတ်တဲ့သူမို့ ကိုရင်က စကားမပြောတာ ကြာပြီကော။ ဖားကန့်လဲ အမေရယ် အဘရယ်လို့ ပြောသွားသာမှ မဟုတ်ဘဲလေ။ အဖော်ကောင်းလို့ ကျောက်ပန်းတောင်းတခေါက်ဆိုတာမျိုး သွားတာ။ သည်တော့ ကိုရင်က စလိတ်ကုန်ခံလို့ မလိုက်ပေါင်ဗျာ တဲ့ ။ 



ကိုရင်ညိုက လူပုံချော သဘောကောင်းပေမင့် စိတ်က အကြီး။ အစွဲ အလန်းကလဲ ကြီးချက်တော်။ အစွဲအလမ်းဆိုလို့လေ ပြောရဦးမယ်။ နွေခေါင်ခေါင် ပူရင် ဝါးကြမ်းပေါ် ရေစိုဝတ်ခင်းပြီး ငြိမ်နေတတ်သာ ကိုရင်က။ ထန်းလက်တဲ ဝါးကြမ်းခင်းကို သေချာဆောက်ထားတာ ။သူပူသာကိုး။



 အဲ့ဟာကိုတော် ရွာကနေ မန်းလေး ဘုရားဖူးလိုက်သွားတော့ မန်းလေးက ဘုန်းကြီးကျောင်းမယ် အေးသဲ့ အခန်းထဲ အိပ်ခဲ့ရသတဲ့။ ပြောလို့မဆုံးဘူး။ အငှါးချထားတဲ့ မြေလေး နည်းနည်းရှိသာကို ရောင်းပြီး အဲ့ အေးသဲ့အခန်းလုပ်မတဲ့။



ရန်ကုန်မယ်ရောက်နေတဲ့ သူ့သားကြီး ငရောင်က အဖေ့နှယ် တိုက်အရင်ဆောက်ရမှာဗျ လို့ ပြောသယ်။ အဲ့ဟာတော် တိုက်ဆောက်မလို့ စျေးတွက်လှချည့် ....



ကိုရင် အို ကိုရင့် တော် မဆောက်ရသဲ့ တိုက်များ စွဲသေရော့ သလား ဟင် ကိုရင့်။



 ခုသေရသာလဲ ဘာရောဂါရယ်လို့မှ မရှိတာ။ အသန်ကြီး အကောင်းကြီး ။ နွားနှစ်ကောင်ဖို့တောင် နွားစာစဉ်းသေးသာ ။ ညအိပ်ခါနီး ရေထပ်ချိုးပြီး သူ့ထုံးစံ ပုဆိုးစိုပတ် အိပ်သာလေ ..မနက်ခင်း မနိုး မနိုးနဲ့ ခြောက်နာရီလောက်ထိ မထလို့ သွားနှိူးတော့ တောင့် နေပါပကော။ 



ကိုရင်ရယ် မိချစ် ယပ်ခတ်စမ်းဟ..နင်ကရမက်လူးထားလဲယပ်လေးခတ်မှအေးယောင်ပြုတာလို့ တော် ထပြောပါဦးလားတော်။ ခုတော့ ကျုပ် ကရမက် တော်မလိုတော့ပါဘူး။ အေးလို့ပါတော်။ တော့် ပါးလေးတွေ ၊ နဖူးလေးတွေ။ 



ကိုရင်...အို ကိုရင့်...ငရောင်ရောက်ပြီတော်ရေ။ တော် ကြိုက်သဲ့ အအေးလေး နှစ်ရက် သုံးရက်ပဲ ခံလိုက်ရသလား။ ကိုရင်ရယ် အနှစ်ခုနှစ်ဆယ်နေရသဲ့အတွင်း တော် ပူလောင်နေတာ နေ့တိုင်းနေ့။ မိချစ်ရယ် ငါက ငရဲကောင် ထင်ရဲ့ လို့တော်ပြောတိုင်း ကျုပ် ဝမ်းနည်းရသာကိုရင်...

ကိုရင်...ကျုပ်ပေးတဲ့ အမျှရပါစေတော် ..

နော်ကိုရင် ..အမျှ အမျှ...



တော့်သား ငရောင်ကလေ အဖေတိုက်နဲ့နေမသွားရလို့ အုတ်ဂူလုပ်ပေးသတဲ့တော့်...တော်ကြိုက်တဲ့ ကျုပ်ယက်ခဲ့တဲ့ တဘက်လေးအတိုင်း စိမ်းပြာလေးပါတော်...ကိုရင် ....အို ကိုရင်ရဲ့... တော့်မလဲ သေခါမှ ဆန္ဒတွေ ပြည့်ရတယ်လို့တော်ရေ.....အေးအေးနေရတဲ့ ခေါင်းကြီးနဲ့ အုတ်ဂူကြီးနဲ့ ...အမလေး....သွားပေဦးတော့ ကိုရင်ရေ.....



#မြရည်နန္ဒာ

#မြကြာဖြူဝေ

#ခေမင်္ကရ

#ဘဝထဲကစာ

Keep Reading

"The Flower Fadet" poemအရှင်သခင်ညနေခင်းများလက်တွေ့(action)လွှတ်ချချင်မိတယ်ပျော်မောသူလမ်းမထက်က စိန်ငုဝါ“သက်ငယ်ချစ်ခြင်း”"ရေသောက်ပြီး ရယ်ပါ"မျိုးစေ့