Author's Profile Photo

SarPhat Author

6/07/2024

ခိုငှက်ငယ်တွေလိုချစ်ခြင်း ၃

1 min read
Book Review
Poetry
Art
ခိုငှက်ငယ်တွေလိုချစ်ခြင်း ၃'s photo


၁။ အရေးမပါမှုတွေ များလာတော့ နှစ်ယောက်တွဲလက်တွေလည်း အပြစ်မြင်နေမိတယ် ။ ကျွန်မတို့ ကမ္ဘာဟာ တစ်ယောက်တစ်ခြမ်းပါလို့ ပြောပြီး တစ်ယောက်တစ်လမ်း ဖြစ်သွားရတာကရော ဘယ်သူ့အပြစ်လဲ ။

၂။ ဒီလမ်းမှာ ဆုံပြီး ဒီလမ်းမှာ လွဲသွားကြတဲ့အဖြစ်မျိုး ကျွန်မခန္ဓာမှာ တပ်ဆင်ထားတယ်။ ​မေ့ပစ်နိုင်စွမ်းတွေ မရှိတော့တဲ့အခါ ကျွန်မကမ္ဘာမှာလည်း အသက်မဲ့ခန္ဓာနဲ့ရှင်သန်နေရတော့တယ်။

၃။ အပြန်အလှန် သတိရနေကြတဲ့ အခိုက်အတန့်လေးကနေ သူစိမ်းတွေဖြစ်သွားကြတယ်။ ပြန်မလာနိုင်တဲ့သူကို စောင့်နေခြင်းသည် နှလုံးသားတစ်ခုလုံးကို နာကျင်သွားစေတယ်။

၄။ ကျွန်မ မသိခဲ့လိုက်တဲ့အချိန်မှာ ရင်ဝကိုလာရိုက်ခတ်တဲ့ အလွမ်းတွေ ဝေးကွာချိန်တွေမှာ လမ်းခရီးတွေတူနေလည်း ဆုံမှတ်မတူညီတော့ ကျွန်မတို့ ထပ်လွဲရတာပါပဲ။

၅။ လှည့်မကြည့်ချင်တော့တဲ့အခါ မြေပြင်တစ်ခုလုံးကို စိတ်ပျက်လက်ပျက် နင်းပစ်လိုက်တာပဲ ။ ကျွန်မပြောဖူးပါတယ် အလွန်အကျွံ ချစ်မိတဲ့သူက တစ်နည်းမဟုတ်တစ်နည်းတော့ ရှုံးသွားရမယ်ဆိုတာ ။

၆။ တစ်ချို့အချစ်တွေထဲမှာ ဆုံနေလျက်နဲ့လွမ်းလေခြင်းတွေဖြစ်ချင်ဖြစ်မယ် ချစ်နေလျက်နဲ့ ခွဲခွာခြင်းတွေလည်းဖြစ်ချင်ဖြစ်နေမယ် ။ ကျွန်မတို့လည်း တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်သွားကြတာပါပဲ။

၇။ မောင်ရောကျွန်မပါ သတိတရ ရှိတဲ့အခါ စိတ်ရှိလက်ရှိ အရင်ချိန်တွေကို ပြန်တွေးနေမလား။ အလွမ်းတွေနဲ့ရော မောင်အဆင်မပြေဖြစ်နေမလား ။ စိတ်ကူးတွေက တကယ်ဖြစ်မလာတော့ ကျွန်မလည်း အရမ်းမတွေးဖြစ်တော့ဘူး။

၈။ လွမ်းတာမဆန်းပါဘူး မောင်။ မပိုင်ဆိုင်ရတာတွေကိုလည်း ငေးရသလို ဆိုင်သူရှိနေပြီးဖြစ်တဲ့ မောင်နဲ့တွေ့ရလို့ ကျွန်မရဲ့ဘယ်ဘက်ရင်ခွင်တစ်ခုဟာ ကွဲအက်စပြုသွားရတာပါပဲ။

၉။ မိုးရိပ်ကလေးတွေ တရိပ်ရိပ် တက်လာရင် ငှက်တေးသံတွေလည်း မကြားရတော့ဘူး။ တစ်ခါဆုံပြီး အကြာကြီးလွမ်းနေရတယ်။ ပုံမှန်ပါပဲ အလွမ်းတွေသာ အောင်မြေတစ်ခုဆို မျက်ရည်တွေက ကြားခံနယ်မြေပေါ့။ မေတ္တာငတ်နေတဲ့ ကလေးငယ် အထီးကျန်နေဆဲပါ။ အချစ်တွေမစစ်ရင် နေပါစေ မေတ္တာစူးပြီး မရူးပါရစေနဲ့။ ​မောင်က မီးညှိထားတဲ့ဆေးလိပ်တစ်ချောင်းဆို
လေထဲမှာပျောက်ကွယ်သွားတဲ့ အခိုးအငွေ့တွေက ကျွန်မကမ္ဘာလေးပေါ့။

၁၀။ ကမ္ဘာလည်ပတ်နှုန်းကဘယ်လောက်မြန်သလဲ ကျွန်မ မသိနိုင်ပေမယ့် မောင့်လက်ကလေးကို နောက်ကမ္ဘာမှာ အကြာကြီးဆုပ်ကိုင်နိုင်ဖို့ ကမ္ဘာလည်ပတ်နှုန်းကို ​နှေးနိုင်သမျှနှေးအောင်ဘုရားရှင်ထံ
ကျွန်မဆုတောင်းမယ်။


အရာရာ ဒီနေရာမှာ အဆုံးသတ်သွားကြပြီး။ ဒီနေရာမှာဆုံပြီး ဒီနေရာမှာပဲ ထပ်လွဲသွားကြမှာကို ကျွန်မသိပါတယ်။

စာဖတ်သူမိတ်ဆွေများအားလုံး ကျွန်တော် Joy (ဘုန်းမိုးသွန်း) မှ ကျေးဇူးအထူးတင်ပါတယ် ။

- Joy (ဘုန်းမိုးသွန်း)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုးမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်