Author's Profile Photo

LY Cho

29/06/2024

ကျွန်တော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်

2 mins read
Book Review
Poetry
ကျွန်တော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်'s photo

ကျွန်တော် ဒီဆောင်းပါးလေးကို မရေးခင်မှာ ပြန်ပြီး စဉ်းစားသုံးသပ်ရတဲ့အချက်တွေ ရှိတယ်။ ဘာလဲဆိုရင် ခေါင်းစဉ်လေးက မေးစရာတွေ၊ တွေးစရာတွေ အများကြီး ဖြစ်နေလို့ပါပဲ။

ကျွန်တော့်ရဲ့အကြိုက်ဆုံး ကဗျာလေးကတော့ ဆရာဇော်ဂျီ ရေးသားဖွဲ့ဆိုထားတဲ့ ဗေဒါလမ်း ကဗျာစုမှ ကောက်နုတ်ထားတဲ့ "ပန်းပန်လျက်ပဲ" ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။

ဆရာဇော်ဂျီကတော့ ကျွန်တော်လေးစားအားကျရတဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ ကဗျာတွေဟာဆိုရင် ကျွန်တော်တို့အတွက် အသိအမြင်တွေ၊ တာဝန်တွေ၊ တွေးစရာ တွေ ၊ ဗဟုသုတတွေ စတဲ့ ကဗျာတစ်ပုဒ်ချင်းစီကနေ မတူညီတဲ့ ရသ အမျိုးမျိုးကို ပေးစွမ်းပါတယ်။ ဆရာကြီးရဲ့ "သင်သေသွားသော်" ကဗျာလေးဟာလည်း အလွန်ကို တန်ဖိုးရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အဲ့ဒီကဗျာလေးမှာဆိုရင် မိမိ မျက်လွှာမချမခင်မှာ မိမိရဲ့ တိုင်းပြည်၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာတို့ကို ကြီးပွားတိုးတက်အောင်ကြံဆောင်သင့်ပုံ၊ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်အောင် လုပ်ဆောင်သင့်တဲ့ တာဝန် စတာတွေကို ရေးဖွဲ့ထားတာဆိုရင် ကျွန်တော်တို့ကို ဝီရ ရသ ပေးစွမ်းပါတယ်။

ဆရာဇော်ဂျီဟာ ဖျာပုံမြို့တစ်ဝိုက်မှာရှိတဲ့မြစ်ရိုးချောင်းရိုးမှာ စုန်ဆန် ကူးလူးနေရှာတဲ့ ဗေဒါပင်ကလေးတွေကို ဇာတ်ကောင်အဖြစ်ဖော်ပြထားပြီး "ပန်းပန်လျက်ပဲ" ကဗျာကို ဖန်တီးခဲ့ပါတယ်။ ဗေဒါပန်းကလေးတွေ ကြုံတွေရတဲ့ ဒီရေလှိုင်းတန်ပိုးတွေ၊ အုန်းလက်ကြွေတွေ၊ ဘဲအုပ်တွေ စတာတွေ ဝန်းရံပြီး ကဗျာလေး ရုပ်လုံးကြွလာအောင် သရုပ်ဖော်ရေးသားခဲ့ပါတယ်။

မဗေဒါလေးဟာ ချောင်းရိုး မြောင်းရိုးတစ်လျောက်မှာ လှိုင်း အတင်အကျအတိုင်း ကူးလူးမျောပါလာရပြီး လှိုင်းလုံးတွေ မရှိတော့ဘူးဆိုရင်လည်း မဗေဒါလေး ခမျာ ငြိမ်နေရရှာပြန်တယ်။ အဲ့ဒီလို လှိုင်း အတက် အဆင်းတွေမှာ သူ့ခမျာ သက်သက်သာသာ လိုက်ပါရတာမဟုတ်ပါဘူး။ ဟိုဘက်ကို အားနဲ့မျောလိုက် ဒီဘက်ကို အားနဲ့မျောလိုက်နဲ့ ရေလယ်ခေါင်မှာ မဗေဒါလေး တစ်ယောက်တည်းပေါ့ဗျာ။

အဲ့ဒီလို ဟိုလူး ဒီလှိမ့်နဲ့ မျောပါရရုံတင်လားဆိုတော့ ဘယ်ဟုတ်မလဲ။ မဗေဒါလေးလို ရေထဲမှာ မျောလာတဲ့ အုန်းလက်ကြွေတွေနဲ့လည်း တိုက်ခဲ့၊ ဆောင့်ခဲ့ရသေးတာ။ ဒီကြားထဲ ဘဲအုပ်တွေကလည်း မဗေဒါလေးကို ဝိုင်းအနိုင်ကျင့်ကြသေးတာ။ အုန်းလက်ကြွေတွေက ဆောင့်လိုက်၊ ဘဲအုပ်တွေကြားမှာအယက်အကန်ခံလိုက်နဲ့ ဒီရေလှိုင်းတွေကြားမှာ မြုပ်တစ်ခါ ပေါ်တစ်လှည့်နဲ့ပေါ့။

ဒါပေမယ့် မဗေဒါလေး အားမလျှော့ပါဘူး။ သူ့ကို ဘယ်လောက် စမ်းသပ်စမ်းသပ်၊ ဘယ်လောက်ဖိနှိပ်ပါစေ၊ သူလိုရာ ပန်းတိုင်ကို အတိုက်အခိုက်တွေကြားထဲက ရောက်အောင် သွားမယ် ဆိုပြီး ကျွန်တော်တို့ကို ခွန်အားဖြစ် ကဗျာအဖြစ် ဆရာကြီးက ရေးဖွဲ့ထားပါတယ်။

ကဗျာလေးကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော့်အနေနဲ့ စိတ်ခွန်အားတွေ ရရှိလာပါတယ်။ ကျွန်တော်အထက်မှာ ပြောသလိုပဲ ကဗျာလေးမှာမေးစရာ၊တွေးစရာတွေ အများကြီး ရှိတယ်ဆိုတာလေးပါ။

ဒါဆိုရင် ကျွန်တော် ဘာကြောင့် ဒီကဗျာကို ကြိုက်တာလဲ?

ကဗျာမှာပါတဲ့ ဗေဒါပန်းလေးကို သက်ရှိ လူသားအနေနဲ့ တင်စားပြီး လူ့လောကမှာ လူတွေ ကြုံတွေ့မြဲဖြစ်တဲ့ အကြောင်းအရာတွေကို စိတ်ခွန်အားဖြစ်စရာ ရေးဖွဲ့ထားတာကြောင့်ပါ။ဆရာကြီးကို ကျွန်တော် လေးစားတာ ထိုအချက်ပါပဲ။

ဒါဆိုရင် ဒီကဗျာကို ဖတ်ပြီး ဘယ်လို အသိအမြင်၊ ဗဟုသုတ၊ ရသတွေ ရရှိခဲ့တာလဲ?

ကျွန်တော် ဒီကဗျာလေးကို မဖတ်ခင်က စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ကိုယ်က နာမည်ကြီးလို့ တိုက်ခိုက်ခံရတာမျိုး၊ ဝေဖန်ခံရတာမျိုးမဟုတ်ပေမယ့် မိသားစုအရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး စတာတွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး လောကကြီးကို အမြဲတမ်းအဆိုးမြင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးဖြစ်နေတာမို့ပါ။ ဒီကဗျာလေးကို ဖတ်နေစဉ် အတွင်းမှာ ရေထဲက ‌ေဗဒါပန်းလေးကို မြင်ယောင်ပြီး " ဪ သက်ရှိမဟုတ်တဲ့ ဗေဒါပန်းလေးတောင် အတိုက်အခိုက်တွေ ဖြတ်ကျော်ပြီး လိုရာခရီးကို ရောက်အောင်သွားနိုင်သေးတာ၊ ငါက လူလေ ၊ စိတ်ဓာတ်ကျစရာမလိုဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားမယ်" ဆိုပြီး ထိုတစ်ခနအတွင်းမှာ စိတ်ခွန်အားတွေ ရရှိခဲ့ပါတယ်။ အရင်က ကျွန်တော် Sarphat မှာ စာ သိပ်မရေးပါဘူး၊ အရာရာသိမ်ငယ်စိတ်၊ အတွေးတွေ ဝင်လာတော့ ရေးရတာလည်း အဆင်မပြေပါဘူး။

"ငါရေးတဲ့စာကို ဖတ်မှ ဖတ်ပါ့မလား" စတဲ့ မလုပ်ခင်ကတည်းက သို့လော သို့လော အတွေးတွေ ဝင်ပြီး မရေးခဲ့ရတဲ့ဆောင်းပါးတွေလည်း အများကြီးပါပဲ။

အခု ကျွန်တော် "မဗေဒါ"လေးကို အတုယူပြီး စာလေးတွေ ရေးကြည့်တယ်။ အမြဲတမ်း အကောင်းဘက်က တွေးနိုင်အောင် ကြိုးစားတယ်။ အတွေးတွေ ကြည်လင်နေမှ စာရေးရတာ အဆင်ပြေတယ်ဆိုတာ စာရေးသူများအားလုံး သိကြမှာပါ။
မဗေဒါလေးလို လောကဓံရဲ့ ဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်တော်လိုချင်နေတဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။

ကျေးဇူးပါ ဆရာဇော်ဂျီ။ ...


စာရေးသူ - လရောင်ချို

(29.6.2024)/Saturday

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်ညဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လား𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေတိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️မိစ္ဆာကျွန်း𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚