LY Cho
မေတ္တာစိတ်ဓာတ်ဟာ အမှန်တကယ်တော့ ခက်ခက်ခဲခဲမဟုတ်တဲ့စိတ်ဓာတ်ကို လူတွေက ခက်ခဲအောင် လုပ်ပစ်ကြတာပါ။ လူရဲ့စိတ်ထဲမှာရှိတဲ့ စိတ်ကောင်းကိုသာ တိုးပွားကျယ်ပြန့်အောင် အသိတရားနဲ့ ယှဉ်ပြီး တိုးပွားအောင်လုပ်ရမှာ၊ ကျယ်ပြန့်ထွန်းကားလာအောင် လုပ်ရမှာပါ။
စိတ်ဆိုတာ မူလနဂိုမှာ အလွန်သန့်ရှင်းပါတယ်။ သန့်ရှင်းတဲ့စိတ်မှာ စိတ်ကောင်းရှိတယ်။ အဲ့သည်စိတ်ကောင်းကိုပဲ ညစ်မသွားအောင် လုပ်ရမှာမလား။ အခုတော့...လူတွေက အဲ့သည်လိုမဟုတ်ကြဘူး။ စိတ်ကောင်းတေွကို အရောင်ဆိုးပြီး လူလူချင်း မေတ္တာကင်းမဲ့နေကြတယ်။ ဒေါသဟာ မီး၊ မေတ္တာဟာ ရေပါ။ မီးကိုသာ ပိုတောက်အောင်လုပ်နေကြတာ မခက်ပေဘူးလားရှင်။
သတ္တဝါမှန်သမျှ မိမိကိုယ်မိမိ ချစ်ကြတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ချစ်တာ လောဘသဘောပါပဲ။ အဲ့ဒါ မေတ္တာ ဘယ်ဟုတ်မလဲ။ လူဟာ ကိုယ့်ကိုယ်ကို ချစ်သလို သတ္တဝါအားလုံးအပေါ် ထပ်တူထပ်မျှ ချစ်နိုင်မှ အမျှချစ်ခြင်းနဲ့ မေတ္တာ အစစ်အမှန်ဖြစ်ပါတယ်။
မေတ္တာကို အမျှချစ်ခြင်းလို့ ဆိုလိုတယ်။ အမျှဆိုတဲ့စကားက မျှမျှတတလို့ ဆိုပါတယ်။ မျှတတယ်ဆိုတာက တစ်ဦးတစ်ယောက်တည်းကိုသာ ချစ်ရမယ်မဟုတ်၊ ပတ်ဝန်းကျင်ရှိ သက်ရှိ အားလုံးအပေါ်မှာ မိမိကိုယ်မိမိ ချစ်သလိုမျိုး အလားတူ ချစ်နိုင်ရပါမယ်လို့ ဆိုလိုတာပါ။
မေတ္တာစိတ်ဆိုတာက ကိုယ်က သံယောဇဉ်ရှိသူများအပေါ်ရှိလွယ်တတ်သလောက် သူစိမ်းတွေ အပေါ်ရှိခဲတယ်။ သူစိမ်းတွေ အပေါ်မှာ မေတ္တာထားနိုင်ရင် သင်ဟာ ကိုယ့်စိတ်ကို အောင်နိုင်လာမှာပါ။
မေတ္တာစိတ်နဲ့အချစ်ကိုတော့ ခွဲခြားထားရပါမယ်။ တူသလိုလိုနဲ့ နည်းနည်းလေးမှ မတူပါဘူး။ အပူနဲ့အအေးပါ။ အချစ်က ပူလောင်ခြင်းကို ခံစားရစေပြီး မေတ္တာက အေးမြခြင်းကို ပေးစွမ်းစေပါတယ်။ သူတို့နှစ်ခုဟာ ဆန့်ကျင်ဘက်တွေပါ။
မေတ္တာဆိုတာက ကိုယ်ရော တစ်ခြားသူအပေါ်မှာရော အပြစ်ဒေါသမထားတာ၊ ငြူစူမှုမရှိတာ၊ မနာလိုစိတ်မရှိတာ၊ စိတ်ယုတ် စိတ်ပုတ်မမွေးတာပါ။
အချစ်ဆိုတာကကျတော့ ရာဂများတယ်၊ ပူလောင်တယ်၊ စိုးရိမ်စိတ်၊ သံသယစိတ်များရတယ်၊ မနာလိုမှုတွေ ပါလာတယ်။ အရမ်းဆူပွက်လွယ်ပါတယ်။
မေတ္တာစိတ်သွင်းပြီး မေတ္တာကို နေရာပေးကြည့်ပါ။
အချစ်ကိုကျတော့ စည်းကမ်းဘောင်ထဲမှာသာ အကွက်ရိုက်နေရာချပေးပါ။
တင်းမာမှု၊ ခက်ထန်မှု၊ ပူပန်မှုတွေများစေတာက အချစ်ပါ။အဲ့ဒီ အရာတွေကို လျှော့ချပေးနိုင်တာက မေတ္တာတရားပါ။
လူတွေမှာ မေတ္တာစိတ်သာ ဖွံ့ဖြိုးရှင်သန်ရင် တော်ရုံတန်ရုံ လောဘ ဒေါသ မောဟစိတ်တွေကို တံခါးပိတ်ထားသလိုပါပဲ။ လွယ်လွယ်နဲ့ ဝင်မရပါဘူး။
မေတ္တာစိတ်ဟာ လူကို မပျော့ညံ့စေပါ။
မေတ္တာထားဖို့ဆိုတာ မလွယ်ဘူး။ ဒေါသဖြစ်ဖို့က လွယ်ပါတယ်။အချစ်စိတ်လည်း လွယ်တယ်။ ရလာတဲ့ လူ့ဘဝခနလေးမှာ စိတ်ချမ်းသာရအောင် မေတ္တာစိတ်ဓာတ် မွေးမြူအပ်တယ်လို့ ကျွန်မက သတိပေးလိုက်ပါတယ်ရှင်။
?စာရေးသူ - Mari
Keep Reading