အတွေး ( The Idea )
ကျွန်တော့ လုပ်ငန်းခွင်ထဲက အမတစ်ယောက်ပြောခဲ့တဲ့စကားတစ်ခွန်းကို သဘောကျမိရာကနေ ဒီအတွေးတွေဝင်လာလို့ ပြန်ပြောပြပါရစေ။
ကျွန်တော် စားပွဲပေါ်မှာ ကိတ်မုန့်တစ်ခု တင်ထားတယ်။ ကိတ်မုန့်ကို ပုရွက်ဆိတ်က လာစားတော့ ကျွန်တော် စိတ်မကြည်တဲ့ပုံစံနဲ့ -
"ဒီပုရွက်ဆိတ်တွေကတော့လာပြန်ပြီ"
ဆိုပြီး ရေရွတ်မိလိုက်တယ်။
အဲ့အချိန် သူပြောလိုက်တဲ့ စကားတစ်ခွန်းက
ကျွန်တော့ကို လုံးဝ 'ဟတ်' ထိသွားစေတယ်။
သူပြောတာက -
" စားပါစေ။ ကုသိုလ်ရပါတယ်။ သူတို့ဘယ်လောက်စားနိုင်မှာမို့လို့လဲ " တဲ့။
သေချာစဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။
သူတို့ဗိုက်ဝအောင်စားဦး ဒီမုန့်တစ်ခုလုံးတော့ ဘယ်လိုမှမကုန်နိုင်ဘူး။
ကျွန်တော့ခေါင်းထဲ အတွေးတွေအများကြီးဝင်လာတယ်။
ငါက ဘာလို့တွန့်တိုနေတာလဲ။
ကျွန်တော်တို့ စိတ်ထားတွေက ပုရွက်ဆိတ်တစ်ကောင် ဗိုက်ဝဖို့လောက်တောင် သဘောထားမကြီးနိုင်ကြတော့ဘူးလား။
နောက်ပြီး အရေးမပါတဲ့ အရာသေးသေးလေးတွေကို
အာရုံတွေစိုက်နေတာ မှန်ရဲ့လား။
ဒီ ပုရွက်ဆိတ်လိုပဲ တစ်ချို့ပြဿနာတွေကို မလိုအပ်ဘဲ ခေါင်းထဲထည့်ထားတာ တန်ရဲ့လား။
တချို့ကိစ္စတွေက ကျွန်တော်တို့အပေါ်ကို ဘယ်လောက်ထိ ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်လို့လဲဆိုတာ ပြန်စဉ်းစားဖို့လိုတယ်။
ကျွန်တော်တို့ရဲ့ ဘဝတွေထဲမှာ ဒီ ပုရွက်ဆိတ်လိုမျိုး အရေးစိုက်စရာမလိုတဲ့ ပြဿနာတွေ အများကြီးရှိတယ်။
ဒီအများကြီးထဲကမှ
လူတိုင်းကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက
လျှာအရိုး မရှိတိုင်း လျှောက်ပြောနေကြတဲ့ လူတွေပေါ့။
ဒီလူတွေက စားပွဲပေါ်က ကိတ်မုန့်ကို လာစားတဲ့ပုရွက်ဆိတ်နဲ့တူတယ်။ ဘာမှဂရုစိုက်နေစရာမလိုဘူး။
အချိန်တန်ရင် ခါချလိုက်ရုံပဲ။
အတွေး
----------------------------------------------------
Keep Reading