Author's Profile Photo

Min Pyae Mon

17/11/2024

ဆီမီးဝါတွေ လင်းပါစေ၊ အလွမ်းတွေ ငြိမ်းပါစေ

1 min read
Culture
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ



ရေးသူ...မင်းပြည့်မွန်

 

“ တောက်..တောက်..တောက်..တောက်..​တောက်..တောက်..တောက်..တောက်”

 

တစ်ချက်ခြင်းထွက်လာသည့် စူးရှသည့်အသံနှင့် မြင်ကွင်းရှေ့မှ အရောင်စုံ မီးပုံးတို့ကြောင့် အလုပ်ပြန် မောပန်းမှုတွေပင် သက်သာသွားသည်ဟုထင်မိသည်။တောက် တောက် တောက် တောက် ဟူ၍ တစ်ချက်ခြင်း မြည်သံသည် သံပြားအပါးနှင့် ဝါးအပိုင်းစကို သားရေပင်ဖြင့်ချည်ကာ သံပတ်သဏ္ဍာန်ပြုလုပ်ထားသော ယုန် ရုပ်ငယ်မှဖြစ်၏။

 

မိမိရောက်နေသော ခေတ်မှီမြို့ကြီး၏ တစ်နေရာတွင် ငယ်စဥ်ကတွေ့ရသော ဝါးဖြင့်ချိုးထားသည့် မီးပုံးကြီးငယ်ရောင်စုံ၊ လေယာဥ်ပျံ၊ ကား၊ ယုန်၊ သင်္ဘော စသည့် လက်ချိုး( လက်မှုပညာ) မီးပုံးတို့ကို တွေ့မြင်လိုက်ရသည်က နယ်မှာရှိသည့် မိသားစုကိုပင်လွမ်းဆွတ်မိသွားသည်။ မိမိရောက်နေသော မြို့တွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ရောင်စုံမီး၊ လခြမ်းသဏ္ဍာန်၊ ဖရဲသီးသဏ္ဍာန် ၊ လှိုင်းတွန့်သဏ္ဍာန့် အရောင်နုဖျော့ ဝါးမပါသည့် စက္ကူခေါက်ချိုးမီးပုံ များထက် ဤမီးပုံများသည် ပို၍ အရောင်းထိုင်း နေပြီဖြစ်သည်။

 

မိမိတို့ အညာဒေသတွင် ဝါးကိုပါးအောင်လွှာပြီး အဝတ်စကို ကော်သုတ်၍ စည်းနှောင်ကာချည်ထားသော အရောင်စုံမီးပုံးတို့သည် အရောင်းသွက်လှ၏။ သီတင်းကျွတ်မတိုင်မှီကပင် စီရီစွာ ချခင်းရောင်းချသည့်ဆိုင်ငယ်တွေများစွာရှိသည်။ မိသားစုများသည့်ကျွန်တော်တို့အိမ်အဖို့ အကြီးငယ်စဥ်အလိုက် မီးပုံးတခုကို အပေါ်စက္ကူမပြဲအောင် ဂရုတစိုက်လက်ဆင့်ကမ်း၍ ကိုင်ခဲ့ရသည်က အမှတ်တရဖြစ်သည်။

“တယုတယကိုင်နော်သား.. နောက်နှစ်ကျ အဖေ့ကို စက္ကုလဲခိုင်းပီးပြန်သုံးလို့ရတယ်..”

ရက်ပိုင်းမျှသာ ကိုင်ရသော ရောင်သုံမီးပုံးတို့၏ မှန်ရောင်စက္ကူစရောင်စုံတို့သည် ပြဲလွယ်တတ်သည်မို့ နောက်နှစ်အတွက် မှန်ရောင်စက္ကူတို့ကို အဖေက လဲလှယ်ကာ ပြုပြင်ပေးတတ်သည်။ အမေသည် သီတင်းကျွတ်ဆိုလျှင် အိမ်ရှေ့ ဗန်ဒါပင် ရွက်ကြွေများကို တုတ်တံထိုးသီကာ မီးပုံလုပ်ပေးတတ်သေးသည်။

 

“မြတ်စွာဘုရားရှင်က တာဝတ္တိံသာ နတ်ပြည်မှာရှိတဲ့ မယ်တော် မိနတ်သားကို ဝါတွင်းကာလ ​​ သုံးလပတ်လုံး တရားဟောပြီး လူ့ပြည်အပြန်လမ်းကိုပြန်လာတဲ့အခါ နတ်တွေက ရွှေစောင်းတန်း ၊ ဗြဟ္မာ တွေက ငွေစောင်းတန်း ခြံရံပီး အလယ်မှာ  ပတ္တမြားစောင်းတန်းနဲ့ မြတ်စွာဘုရားရှင်ကို  ခြံရံပူဇော်ပြီး ပို့ကြသလို အမေတို့ လူပုဂ္ဂိုလ်တွေကလဲ    ဆီမီးနဲ့ ပူဇော်ပြီး ကြိုဆိုတာကနေ သီတင်းကျွတ်မှာမီးထွန်းကြတာမလို့ ဒီနေ့ကို အဘိဓမ္မာအခါတော်နေ့ဆိုပီးလဲ သတ်မှတ်ထားတာ သားရဲ့”

 

“ဒီနေ့လို နေ့ထူးမြတ်မှာ မီးထွန်းတယ်ဆိုတာ သာမာန်ကိစ္စတခုလို အပျော်သဘော နဲ့လုပ်တယ်လို့ သိထားလို့မရဘူး.. လူကြီးသူမတွေကို ကန်တော့ရတယ် ဆိုတာကလဲ ဘုရားရှင်ရဲ့လက်ထက်ကတည်းက ရဟန်းသံဃာတွေက ဆရာတော်အရှင်သူမြတ်အချင်းချင်း.. ဖိတ်မန္တက (ပဝါရဏာ)  ပြုကြတဲ့ စကားတွေကိုဆိုတဲ့နေ့.. သားနားလည်အောင်ဆိုရင် တပည့်တော်ကို ဝိနည်းကျင့်ဝတ်အရ အဆင်မပြေတာရှိရင် သင်ပြပေးပါဘုရား ဆိုတာလိုမျိုးပေါ့သားရယ်.. ဝါတော်ကြီးမြတ်သူ၊ ဝါချင်းတူသူ.. အချင်းချင်းနှိမ့်ချဝန်ချ ပြောဆိုခြင်းပြုတဲ့နေ့လဲ ဖြစ်တယ်သား.. အဲ့အတွက် ရဟန်းပုဂ္ဂိုလ်တွေအပြင် လူပုဂ္ဂိုလ်တွေကပါ ကြီးသူကို ငယ်သူက ကန်တော့ကြတဲ့ ထုံးတမ်းဓလေ့တခုဖြစ်လာတာသားရဲ့.”  ဆိုသည့် အမေ့၏ စကားကို ကြားယောင်မိပါ၏။ ယနေ့ခေတ် အရောင်စုံလျှပ်စစ်မီးတို့ထက် ဆီမီးတို့ဖြင့် ပူဇော်သည်က ပို၍ မျက်စိပသာဒ ဖြစ်သည်ဟု ထင်မိသည်။ နီသော ဝါသော ဆီမီးအရောင်တို့သည် ပို၍ တင့်တယ်လှပါ၏။

 

အမေ့၏ စကားသံတို့နှင့်အတူ.. အမေ့ကို လွမ်းလွမ်းဆွတ်ဆွတ်သတိရမိပါသည်။ ယခုနှစ် မိသားစုစုံညီကန်တော့ပွဲမှာ အမေမပါတော့..။ အမေပြောပြသည့် လူကြီးသူမတွေကို ကန်တော့ရမည့် နေရာမှာ အမေ မရှိတော့သည်မို့ အိမ်ပြန်ရန်ဝန်လေးနေမိသည်။  သွန်သင်ပြသပေးမည့် မိခင် ဆိုသည့်အမျိုးသမီးကြီး မရှိတော့သည်အိမ်သည် ဆီးမီးတွေမှိန်ကာ ခြောက်သွေ့နေမည်ဟုထင်သည်။ အလွမ်းတွေနှင့် ရှင်သန်နေရခြင်းသည် ပင်ပန်းလှသည်။

 

တစ်နယ်ရပ်ဝေးမှာ အလုပ်ရှိနေသည်မို့ သီတင်းကျွတ် အခါမှသာ အိမ်ကိုပြန်ဖြစ်သည်။ ငယ်စဥ်ဘဝ အတွက် အိမ်သည် ရှင်သန်ရာ အသိုက်မြုံ တခုအဖြစ် ရှိပေမဲ့ လုပ်ငန်းခွင်မှ အိမ်ပြန်ရခြင်းသည် ခေတ္တဧည့်သည် အဖြစ်သာ ပြန်ကြရတတ်သည်။ တာဝန် ဝတ္တရားတို့ကြားမှာ ရုန်းကန်ရင်း အိမ်သည် နွေးထွေးသော ရိပ်မြုံအဖြစ် နှလုံးသားဝယ် တည်ရှိနေသည်။ ပင်ပန်းလျှင်အမေ့အိမ်ကို တမ်းတမိ၏။ မောပန်းလျှင် အဖေ့အိမ်ကို လွမ်းဆွတ်မိ၏။ အဖေနှင့် အမေ့၏ ရိပ်မြုံတို့သည် အေးချမ်းခြင်းကိုသာမက နာကျင်ခြင်းတို့ကိုပါ သက်သာစေသေးသည်။

 

မနက်စောစော ကားလက်မှတ်လေးကို ကိုင်ကာ အဝေးပြေးကား၏ ထိုင်ခုံတို့ဆီ ဝင်ထိုင်လိုက်သည်။ အမေ မရှိတော့သည့်အိမ်ကို ပထမဆုံးပြန်ရမည်မို့ စိတ်အစဥ်တို့သည် မောပန်းနေသည်။ သက်ရှိအမေ့ကို မတွေ့ရတော့သည့် အိမ်သည် အမေ့အရိပ်တွေ လွှမ်းမိုးနေမည်ဟုထင်သည်။ အိပ်တက် နိုးတဝက် ခရီးစဥ်ကို အဆုံးသတ် ဂိတ်ဆုံးပြီမို့ အဖေ့အိမ်ဆီ ​ခြေလှမ်းတို့ကို လေးလံစွာ နှင်လိုက်မိပါ၏။

 

 
ဆီမီးဝါဝါအောက်မှာ အဖေ့ကိုကြည့်လိုက်မိ၏။ ချည်ထည် လက်ရှည်မှာ အမေချုပ်ပေးထားသော ဖာထေးရာလေးတွေနှင့် ဤ တစ်ထည်တည်းကိုသာ အဖေ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲမြဲမြဲ ဝတ်ခဲ့သည်ထင်ပါသည်။ လည်ဂုတ်၊ လက်အနားတို့ပင် ပြဲနေ၏။ အမေ့ကို သတိရ၍ထင်သည်။ အသားဖြူစပ်စပ် အဖေ့၏ မျက်နှာသည် နီရဲ၍ နေ၏။ ဝမ်းနည်းစိတ်ကိုချုပ်တီးထားသည့်ဟန် မေးရိုးတို့က တင်းမာနေ၏။ သားသမီးတို့ကို အကြည့်လွှဲကာ ဆော့ကစားနေသည့် မြေးငယ်တွေဆီကို အဖေ့အကြည့်တွေရောက်ရောက်သွား၏။ တခါတရံခေါင်းငုံ့သွား၏။ အဖေငိုမည်ထင်ပါသည်။ အမေ့ကိုလွမ်း၍ အဖေမျက်ရည်ကျဦးမည်ထင်သည်။ အဖေ့၏ ဆုပေးသံတို့သည် ဝမ်းနည်းခြင်းတဝက် ရောစွက်နေ၏။ စကားသံတို့သည် တိမ်ဝင်၍ သွား၏။ အဖေ့၏ ရုပ်သွင်သည် အားငယ်သည့်ဟန် ၊ နှစ်ငါးဆယ်ကျော် တူတူရှိလာသည့် အမေ့ကို သတိရနေမည်ထင်ပါသည်။ အဖေ၏ ဆုပေးသံအဆုံး
ဆီမီးဝါတွေ…လင်းပါစေ… အလွမ်းတွေငြိမ်းပါစေ ဟူ၍သာ ကျွန်တော် ဆုတောင်းလိုက်မိသည်။

 

ချစ်ခြင်းများစွာဖြင့်

မင်းပြည့်မွန်

၁၇-၁၁-၂၀၂၄

Keep Reading

အနောက်တိုင်းက ပြဿဒါးအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾