LY Cho
?စကားပြောတဲ့အခါနဲ့ စာရေးတဲ့အခါ ကွာခြားချက်ေတွကအများကြီးပေါ့။ ဒါပေမဲ့ ဒီမှာ ကွာခြားချက်မျိုး စဉ်းစားနေဖို့ မဟုတ်ဘူး။ ပြောသူနဲ့ နားထောင်သူ၊ ရေးသူနဲ့ဖတ်သူကြားက ဆက်သွယ်ရေးလမ်းကြောင်း အနေအထားကိုပဲ စဉ်းစားကြမှာ။ ဒီအနေအထားကို မစဉ်းစားခင် စကားပြောပုံ စာရေးပုံ သဘောကို ကြည့်ကြရအောင်။
?စကားနဲ့ပြောပြော စာနဲ့ရေးရေး ဘာသာစကားကို သုံးပြီဆိုရင် လူတွေမှာ ပြောစရာအချက် ရေးစရာ အချက်ရှိနေတာပဲ။ အဲဒီအချက်ကို အရေးအသားပညာရပ်စကားနဲ့ဆိုရင် “အဆို” လို့ ခေါ်ကြတာပေါ့။ “ဒီနေ့ သိပ်ပျော်စရာ ကောင်းတာပဲ” “စာအုပ်က ဖတ်လို့ကောင်းလိုက်တာ” ဆိုတာတွေက ကိုယ်ရေးကိုယ်တာနဲ့ပဲ ပတ်သက်တဲ့အချက်၊ နောက်တစ်နည်းပြောရရင် အဆို ပေါ့။ “ကိုယ်ကျန်းမာမှ စိတ်ချမ်းသာတာပေါ့”တို့၊ “စာအုပ်စာပေ
လူ့မိတ်ဆွေ”တို့ ဆိုတာက ကိုယ်ရေးကိုယ်တာထက် ပိုပြီးလေးနက်၊ ပိုပြီးကျယ်ဝန်းတဲ့ အဆိုတွေပေါ့။
?အဲဒီအချက်အလက် အဆိုတစ်ခုကို ကိုယ်ကပြောလိုက်တဲ့အခါ ကြားရတဲ့သူတွေ လက်ခံပုံက အမျိုးမျိုးကွဲပြား နိုင်တာပေါ့။ “အင်း ဟုတ်လား” “အော် အော်” လောက်နဲ့ သာမန်ကာလျှံကာ ပြီးချင်ပြီး သွားမဲ့သူလဲရှိမယ်။ ပြောတဲ့ အဆိုကို သဘောပေါက်ပြီးသားမို့ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် အကျယ်အကျယ် ငြင်းခုံ မနေချင်လို့ ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ကို ပြန်မေးချင်လို့ကတော့ ကြားရတဲ့သူမှာ မေးဖို့အခွင့်အရေးက ရှိနေတာပဲ။ အချက်အလက်တစ်ခုကို ကိုယ်က ရေးလိုက်တဲ့အခါမှာတော့ ပြောတုန်းကနဲ့ အနေအထားချင်း မတူတော့ဘူး။
?ဖတ်တဲ့သူက ကိုယ်သိတဲ့သူ၊ ကိုယ့်ကိုသိတဲ့သူ ဟုတ်ချင်မှ ဟုတ်တာ။ ကိုယ်ပြောတာကို သဘောတူချင်မှတူတာ။ ကိုယ့်ကို အားနာစရာအကြောင်း ရှိချင်မှရှိမှာ။ ဒီတော့ မရှင်းတာသဘောမတူတာရှိရင် ကိုယ့်ကို မေးချင် ဆွေးနွေး ချင်မှာပေါ့။
?ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို ဖတ်နေသူက ကိုယ့်ရှေ့မှာ ကိုယ့်နားမှာ ရှိနေတတ်တာ မဟုတ်ဘူး။
များသောအားဖြင့် ကိုယ်နဲ့ အဝေးကြီးမှာ ရှိနေတတ်တာ။
?ဒီတော့ စကားနဲ့မဟုတ်ဘဲ စာဖတ်သူကို စာနဲ့ ဆက်သွယ်ရတဲ့အခါ စာဖတ်သူနဲ့ ကိုယ့်ကြားမှာ ဆက်သွယ်ရေး လမ်းကြောင်း ချောပြေနေဖို့ စာရေး ကတည်းကစဉ်းစားရပြီပေါ့။ ချောပြေနေဖို့ဆိုတော့ အကြောင်းနဲ့အကျိုး ခိုင်ခိုင်မာမာဆက်စပ်ပြဖို့ လိုအပ်ပြီပေါ့။
?စာဖတ်သူက ကိုယ့်ကို ပြန်မေးဖို့ မလိုတဲ့အထိ ကိုယ့်ဘက် က အပြည့်အစုံ ရှင်းလင်းပြထားဖို့ လိုပြီပေါ့။ ပြောသူနဲ့ နားထောင်သူကြား၊ ရေးသူနဲ့ ဖတ်သူကြား ဆက်သွယ်တာချင်းတူပေမဲ့ ကွာခြားတဲ့ အခြေအနေကအဲဒါပါပဲ။
?အသံလွှင့်ပြောတာမျိုး၊ ပရိသတ်ထောင်သောင်းရှေ့မှာ ပြောတာမျိုးတွေက လွဲရင် သာမန် ပြောတဲ့အခါ ကိုယ့်စကားကို နားထောင်သူက ကိုယ့်အနားမှာတင် ရှိနေတော့ အကြောင်းပြချက်တွေက အများကြီး လိုကောင်းမှလိုမယ်။
? စာနဲ့ရေးပြီး ဆက်သွယ်တဲ့အခါကျ စာဖတ်သူက ကိုယ့်အနီးအနားမှာ ရှိမနေတတ်တော့ ဖတ်ပြီးပြီးချင်း မရှင်းလင်းတာကြုံ ရင် ကိုယ့်ကို ပြန်မေးလို့ရတာ မဟုတ်ပါဘူး။
?ဒီတော့ စာရေးပြီဆိုရင် ကိုယ်တင်လိုက်တဲ့ အဆိုတစ်ခုကို စာဖတ်သူ တွေဝေမနေဘဲ လက်ခံချင်လာအောင် အထောက်အထား စေ့စေ့စုံစုံခိုင်ခိုင်မာမာနဲ့ ရေးဖို့လိုလာမှာဖြစ်ပါတယ်။
ရေးတဲ့အခါနဲ့ပြောတဲ့အခါမှာ အဆင်ပြေစေရန်ရည်ရွယ်လျက်
စာရေးသူ -လရောင်ချို
(4.9.2024/Wednesday)
Keep Reading